Home » » ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု

ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု

Written By မောင်စေတနာ on Saturday, September 4, 2010 | 1:49:00 PM

မြတ်ခိုင်ဦး
၀၃ စက်တင်ဘာ ၂၀၁၀

နှစ်နိုင်ငံသဘောတူ စာချွန်လွှာအရ ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူခွင့်ကို မြန်မာအစိုးရက သဘောတူလိုက်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၁,၇၅၉) ဦးအား ထိုင်းကုမ္ပဏီများက မကြာခင် ခေါ်ယူတော့မည်ဖြစ်သည်။

ထိုသို့ခေါ်ယူမည့် ထိုင်းကုမ္ပဏီများမှာ ခရိုင်အသီးသီးမှ ကုမ္ပဏီ (၈၅) ခုဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၄,၆၄၉) ဦးနှင့် အမျိုးသမီး (၇,၁၁၀) ဦး စုစုပေါင်း (၁၁,၇၅၉) ဦးကို ခေါ်ယူမည်ဖြစ်သည်။ ဒေသအားဖြင့် မြဝတီမှ (၄,၇၃၈) ဦး၊ ကော့သောင်းမှ (၃,၆၁၅) ဦးနှင့် တာချီလိတ်မှ (၃,၄၀၆) ဦး ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ဘန်ကောက်ရှိ အလုပ်သမားရုံး (၁၀) ရုံးအပါအဝင် ခရိုင်ရုံးအသီးသီးသို့ ညွှန်ကြားလွှာပေးပို့ပြီး သက်ဆိုင်ရာကုမ္ပဏီများအား အဆိုပါ အလုပ်သမားများကို လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုခေါ်ယူခွင့်ပြုမည့် ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သော မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့မှတဆင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုခံယူကာ ယာယီပတ်စပို့စ်များဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။


ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ညွှန်ကြားလွှာအရ အချို့အလုပ်အကိုင်များသည် နေ့စားဖြစ်ပြီး အချို့မှာ လခစားဖြစ်သည်။

ချိုင်းယာဖွန်ခရိုင်ရှိ အထည်ချုပ်ကုမ္ပဏီတခုမှ ပေးသည့် အနိမ့်ဆုံးလစာငွေသည် တလလျှင် (၃,၉၅၂) ဘတ်မှ တရက်လုပ်အားခ (၁၅၂) ဘတ်ဟု သတ်မှတ်ပါရှိသည်။ သို့ရာတွင် အဆိုပါခရိုင်၏ အနိမ့်ဆုံးလစာငွေသည် တရက်လျှင် လုပ်အားခ (၁၅၆) ဘတ် ရှိရမည်ဖြစ်သည်။ ယခုတင်သွင်းထားသော နှုန်းထားကို ပြင်ဆင်မှု ပြုလုပ်မည် မပြုလုပ်မည်ကို မသိရှိရသေးပေ။

အမြင့်ဆုံးလစာသည် ချွန်ဘူရီခရိုင်မှ လူပုဂ္ဂိုလ်တဦးမှခေါ်ယူသည့် အထွေထွေ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်သမားဖြစ်ပြီး လစာ (၇,၀၀၀) ဘတ်ဖြစ်သည်။ အရေအတွက်အားဖြင့် အမျိုးသား (၇၀)၊ အမျိုးသမီး (၂၂)၊ စုစုပေါင်း (၉၂) ဦးဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အသီးသီးတွင် အနိမ့်ဆုံး လုပ်အားခအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် ထိုင်းအစိုးရမှ သတ်မှတ်ထားသည်။ အနိမ့်ဆုံးလုပ်အားခမှာ တနေ့လျှင် အလုပ်ချိန် (၈) နာရီရှိပြီး တရက်လျှင် (၁၅၁) ဘတ်ရရှိမည့် ဇယာအို၊ ပီချစ်၊ ဖရေးနှင့် မဲဟောင်ဆောင် ခရိုင်တို့ဖြစ်ကြသည်။ အဆိုပါတွက်ချက်မှုတွင် အချိန်ပိုကြေး မပါဝင်ပေ။ အမြင့်ဆုံး တရက်လုပ်အားခမှာ (၂၀၆) ဘတ်ဖြစ်ပြီး ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင်ဖြစ်သည်။

လုပ်အားလိုအပ်သော ကုမ္ပဏီများမှ လုပ်သားခေါ်ယူနေခြင်းကြောင့် ကြားခံပွဲစားများ၊ လူကုန်ကူး ရောင်းသူများ၏ လိမ်လည်လှည့်ဖျားမှုမခံရရေး အလုပ်သမားများ အထူးသတိထားရန်လိုကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော အန်စီဂျီယူဘီမှ ကိုသက်ခိုင်က ပြောကြားသည်။

“အလုပ်သမားတွေ အလုပ်လုပ်ဖို့လာပြီဆိုရင် ကိုယ်က ဘယ်စက်ရုံ၊ ဘယ်ကုမ္ပဏီမှာ လုပ်ရမယ်ဆိုတာ သေချာသိအောင် လုပ်စေချင်တယ်။ အနိမ့်ဆုံးအဆင့် ကိုယ်လုပ်ရမယ့် လုပ်ငန်း၊ စက်ရုံအမည်၊ တည်ရှိရာခရိုင်တွေပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ အလုပ်သမားကိုယ်တိုင် မိမိလုပ်ကိုင်ရမည့် နေရာဒေသ လုပ်ငန်းအမျိုးအစားကိုသိမှ လိုအပ်သည့် အကြံပေးမှုမျိုးကို ထိထိရောက်ရောက် လုပ်ကိုင်ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိကို ခေါ်ဆောင်သော လုပ်ငန်း၊ ကုမ္ပဏီသည် အမှန်တကယ် ရှိမရှိကိုလည်း လိုအပ်လျှင် စုံစမ်းပေးနိုင်မည်ဖြစ်ပြီး လူကုန်ကူးခံရမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယမန်နှစ်မှ စတင်၍ နိုင်ငံသားစိစစ်မှုပြုကာ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုတော့မည်ဟု နှစ်နိုင်ငံအစိုးရများမှ သဘောတူ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

http://www.khitpyaingnews.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။