Home » » အလုပ်သမားများ အသိမ်းခံရသည့် နိုင်ငံကူးလက်မှတ် ပြန်ရမည်။

အလုပ်သမားများ အသိမ်းခံရသည့် နိုင်ငံကူးလက်မှတ် ပြန်ရမည်။

Written By မောင်စေတနာ on Tuesday, September 14, 2010 | 2:57:00 PM



ရဲရင့် / ၁၃ စက်တင်ဘာ ၂၀၁၀

မြန်မာအလုပ်သမား (၁,၀၀၀) ခန့်၏ ယာယီနိုင်ငံကူးလက်မှတ်များကို ထိုင်းအလုပ်ရှင်က သိမ်းထားကာ အလွဲသုံးစားပြုမှုကို မကျေနပ်၍ (၆) ရက်ကြာ ဆန္ဒပြမှုအပြီးတွင် အလုပ်ရှင်က သိမ်းထားသည့်လက်မှတ်များကို မနက်ဖြန်တွင် ပြန်ပေးမည်ဟု ပြောကြားလိုက်သည်။

တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာပေးအစီအစဉ် MAP Foundation အဖွဲ့၊ ထိုင်းအလုပ်သမားအဖွဲ့၊ အလုပ်ရှင်နှင့်အလုပ်သမား ကိုယ်စားလှယ် (၈) ဦးပါအဖွဲ့တို့ ယနေ့ဆွေးနွေးပွဲအပြီးတွင် အလုပ်ရှင်က သဘောတူလိုက်ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာအလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ခန်းမြို့ရှိ ဒေးချားဖာနစ် ငါးဖမ်းပိုက်စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး လက်မှတ်အသိမ်းခံထားရသူပေါင်းမှာ (၉၈၄) ဦးဖြစ်သည်။


ဆန္ဒပြအလုပ်သမားတဦးဖြစ်သူ ကိုအောင်က “အလုပ်ရှင်က ကျနော်တို့လက်မှတ်တွေကို သိမ်းထားပြီး အလွှဲသုံးစားလုပ်တယ်။ ဒီလက်မှတ်တွေကို ကပ်ခွာလုပ်ပြီး နယ်စပ်က အလုပ်သမားတွေကို သွားခေါ်တာတွေလုပ်တယ်။ အလုပ်ထွက်တဲ့ ဒီက မြန်မာအလုပ်သမား (၅) ဦးကို လက်မှတ်တွေပြန်ပေးတော့ လက်မှတ် (၄) ခုက မူရင်းအတိုင်း မဟုတ်တော့ဘူး။ ဓာတ်ပုံတွေလည်း တလွဲတွေဖြစ်နေတယ်။ ဒီလက်မှတ်တွေကို အခြားမှာ တလွဲသုံးထားတာတွေဖြစ်နေတယ်။ ဒါကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြတာဖြစ်တာပါ။ အလုပ်ရှင်က မနက်ဖြန်လက်မှတ်တွေ ပြန်ပေးမယ်လို့ပြောတယ်။ ပြောသလို မဖြစ်ရင်တော့ ဆက်ပြီးဆန္ဒပြရမှာပဲ” ဟု ပြောသည်။

ထိုပြဿနာကို မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များနှင့် ထိုင်းအလုပ်သမားအဖွဲ့များက ၀င်ရောက်ဆွေးနွေး ညှိနှိုင်းပေးခြင်းဖြစ်ကာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ လာရောက်မည်ဟု ပြောသော်လည်း ရောက်ရှိလာခြင်းမရှိဟု အလုပ်သမားများက ပြောသည်။

ဆန္ဒပြရာတွင် အလုပ်သမားများ တောင်းဆိုချက် (၄) ခုအနက် လက်မှတ်ကိစ္စကိုသာ အလုပ်ရှင်က သဘောတူညီခဲ့ပြီး ထိုင်းနိုင်ငံသားများကဲ့သို့ သတ်မှတ်လုပ်အားခပေးရန်၊ လုပ်ငန်းခွင်ထိခိုက်မှုများ လျော်ကြေးပေးရန် စသည့်အချက်များ မပါရှိကြောင်း သိရသည်။

ခွန်ခန်းမြို့တွင် အလုပ်သမားဝန်ကြီးဌာန သတ်မှတ်ထားသည့် တနေ့တာ အနိမ့်ဆုံးလုပ်အားခမှာ (၁၅၇) ဘတ် ဖြစ်သော်လည်း မြန်မာအလုပ်သမားများရရှိသည့် လုပ်အားခမှာ နံနက် (၈) နာရီမှ ည (၈) နာရီအထိ ဘတ် (၁၇၀) ဖြစ်သည်ဟု အလုပ်သမ မဌေးက ပြောသည်။

ဆန္ဒပြသူအလုပ်သမား ကိုအောင်က “မြန်မာအလုပ်သမားတွေ ထိုင်းမှာ ဒီလိုအနေအထားတွေ အများကြီးရှိတယ်။ ကျနော်တို့ပဲ မဟုတ်ဘဲ အခြားလူတွေကိုပါ ဒီလိုအနိုင်ကျင့်လို့မရဘူး။ အလုပ်သမားကာကွယ်ရေးဥပဒေတွေ ရှိတယ်ဆိုတာကို သိစေချင်တာလည်း ပါတယ်” ဟု ပြောသည်။

ယခုလ (၈) ရက်နေ့က စတင်သည့် ဆန္ဒပြစဉ်ကာလအတွင်း အလုပ်ရှင်က နည်းလမ်းပေါင်းစုံအသုံးပြု၍ ခြိမ်းခြောက်မှုများ ပြုလုပ်သော်လည်း ကျော်ဖြတ်နိုင်ခဲ့သည်ဟု မြန်မာအလုပ်သမားများက ပြောသည်။

အဆိုပါ ငါးဖမ်းပိုက်စက်ရုံတွင် ထိုင်း-လာအို-မြန်မာ စသည့်အလုပ်သမား (၃,၀၀၀) ကျော်ရှိသည့်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ (၉၈၄) ဦးအပါအ၀င် စုစုပေါင်း (၂,၀၀၀) ကျော်ရှိသည်။

Share this article :

1 comments:

naylinnhtun said...

up to date ဖြစ်တဲ့သတင်းတွေဖတ်ရတဲ့အတွက်ကျေးဇူးပါ ညီငယ်ရေ သတင်းတွေကို အမြဲအားကိုတကြီးလာဖတ်နေပါတယ် . . .

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။