Home » » မြန်မာအလုပ်သမားများ၏ တောင်းဆိုမှု လိုက်လျော

မြန်မာအလုပ်သမားများ၏ တောင်းဆိုမှု လိုက်လျော

Written By မောင်စေတနာ on Wednesday, September 15, 2010 | 2:18:00 PM


ရဲရင့်
၁၄ စက်တင်ဘာ ၂၀၁၀

မြန်မာအလုပ်သမား (၁,၀၀၀) ခန့်၏ ဆန္ဒပြတောင်းဆိုချက်များကို အလုပ်ရှင်က လိုက်လျောလိုက်သောကြောင့် မနက်ဖြန်မှစ၍ မြန်မာအလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ကြတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ခန်းမြို့ ဒေးချားငါးဖမ်းပိုက်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က သိမ်းထားကာ မသမာမှုပြုခဲ့သည့်အတွက် အလုပ်သမားများက လက်မှတ်များပြန်ပေးရန် ယခုလ (၈) ရက် နေ့မှစတင် ဆန္ဒပြအရေးဆိုမှုကို အလုပ်ရှင်က ယနေ့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

အလုပ်သမားကိုအောင်က “ဒီနေ့ အလုပ်ရှင်က သဘောတူလိုက်ပြီး လက်မှတ်တွေအကုန်ပြန်ပေးမယ်။ လုပ်အားခတွေကိုလည်း ထိုင်းတွေလိုပဲ (၁၅၇) ဘတ် တပြေးညီရမှာဖြစ်တယ်။ မနက်ဖြန်ကစပြီး အားလုံးအလုပ်ပြန်ဆင်းကြမယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။


တိုင်းရင်းသားအလုပ်သမားကျန်းမာရေးနှင့် ပညာပေးအစီအစဉ် MAP Foundation အဖွဲ့၊ ထိုင်းအလုပ်သမားဌာန၊ အလုပ်ရှင်နှင့်အလုပ်သမား ကိုယ်စားလှယ် (၈) ဦးပါ အဖွဲ့တို့ ယနေ့ဆွေးနွေးပွဲအပြီးတွင် အလုပ်ရှင်က သဘောတူလိုက်ခြင်းဖြစ်သည်ဟု ကိုအောင်က ပြောသည်။

အလုပ်သမားများ၏တောင်းဆိုချက်များထဲတွင် လက်မှတ်ပြန်လည်ရရှိရေး၊ သတ်မှတ်ချက်လုပ်အားခရရှိရေး၊ လုပ်ငန်ခွင်ထိခိုက်မှု နစ်နာကြေးရရှိရေးနှင့် လက်မှတ်ပြဿနာဖြေရှင်းပေးရေးတို့ ပါဝင်ပြီး ယင်းတောင်းဆိုချက်များကို အလုပ်ရှင်က သဘောတူညီခဲ့ခြင်းဖြစ်သည်။

အလုပ်သမားကိုအောင်က “ဒီလိုအရေးဆိုမှုတွေ ရရှိခဲ့တဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေကို အလုပ်သမားအားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ အခြားမြန်မာအလုပ်သမားတွေကိုလည်း ညီညွတ်ကြဖို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ခွန်ခန်းတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန သတ်မှတ်ထားသည့် တနေ့တာ အနိမ့်ဆုံးလုပ်အားခမှာ (၁၅၇) ဘတ် ဖြစ်သော်လည်း မြန်မာအလုပ်သမားများရရှိသည့် လုပ်အားခမှာ နံနက် (၈) နာရီမှ ည (၈) နာရီအထိ ဘတ် (၁၇၀) သာရရှိသည်။

အဆိုပါ ငါးဖမ်းပိုက်စက်ရုံတွင် ထိုင်း-လာအို-မြန်မာ စသည့်အလုပ်သမား (၃,၀၀၀) ကျော်ရှိသည့်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ (၉၈၄) ဦးအပါအ၀င် စုစုပေါင်း (၂,၀၀၀) ကျော်ရှိသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။