Home » » မွန်စာကို ထိုင်းအက္ခရာသုံးသင်၍ ကျောင်းသား မိဘများ ဆန္ဒပြ

မွန်စာကို ထိုင်းအက္ခရာသုံးသင်၍ ကျောင်းသား မိဘများ ဆန္ဒပြ

Written By မောင်စေတနာ on Saturday, September 11, 2010 | 11:02:00 PM



မြတ်ခိုင်ဦး / ၁၀ စက်တင်ဘာ ၂၀၁၀


မွန်ဘာသာစာပေကို ထိုင်းအက္ခရာသုံး၍ သင်ကြားသဖြင့် ကျောင်းသားကျောင်းသူများ ပီပီသသ နားမလည်မည်ကို စိုးရိမ်ကာ ကျောင်းသားမိဘများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

ပြီးခဲ့သည့်စက်တင်ဘာ (၈) ရက်တွင် ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ မွန်အမျိုးသားအများစုနေထိုင်ရာ ဝင်းကရွာတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

စံခရဘူရီမြို့နယ် ဝင်းကကျေးရွာရှိ ဝင်းကဆရာတော်ကျောင်း လက်အောက်ခံ ဝေလိကာရာမကျောင်းသည် ထိုင်းအစိုးရ အသိအမှတ်ပြုကျောင်းဖြစ်ပြီး သူငယ်တန်းမှ (၈) တန်းအထိ ကျောင်းသူကျောင်းသား (၁,၅၀၀) ခန့် ပညာသင်ကြားနေကြသည်။

အဆိုပါကျောင်းတွင် (၁-၃) တန်း၌ ဘာသာရပ်များကို မွန်စကားဖြင့် သင်ကြားခွင့်ပြုပြီး (၄-၆) တန်းတွင် မွန်စာဘာသာကို ဘာသာရပ်တခုအနေဖြင့် ထိုင်းအစိုးရက တရားဝင် သင်ကြားခွင့်ပြုထားပြီးဖြစ်သည်။



၂၀၀၈ ခုနှစ်မှ စတင်၍ (၁-၃) တန်း ကျောင်းသားငယ်များအား မွန်စကားဖြင့် သင်ကြားခွင့်ပေးထားသော်လည်း မွန်စာကို ထိုင်းအက္ခရာသုံး သင်ကြားနေသည့်အတွက် မွန်စကားပြောရာတွင် အသံထွက်မပီမည်ကို ကျောင်းသားမိဘအချို့က စိုးရိမ်ကာ ၎င်းတို့၏ကလေးငယ်များကို ထိုင်းကျောင်းသားအများစု တက်ရောက်ရာ ကျောင်းများသို့ ပြောင်းရွှေ့ထားရှိခဲ့ကြသည်။

သို့သော် သတ်မှတ်ကျောင်းသားဦးရေထက် ကျော်လွန်သည့် ထိုင်းကျောင်းများမှ လက်မခံနိုင်သည့်အခြေအနေမျိုးတွင် မွန်ကလေးငယ်များမှာ ဝေလိကာရာမ ကျောင်းတွင်ပင် ဆက်လက်ပညာသင်ကြားကြရသည်။

ယင်းအခြေအနေတွင် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်၌ ကန်ချနဘူရီခရိုင် ဒု-ပညာရေးမှူး ခွန်သုပီတိ ကျောင်းသို့လာရောက်ချိန်တွင် ကျောင်းသားမိဘ (၃၀၀) ခန့်က ထိုင်းအက္ခရာသုံးသင်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတဦးက “မွန်စကားဆိုတာ မွေးကတည်းက ပြောတတ်လာတာပဲဟာ။ ဘာလို့ ထိုင်းစာလုံးနဲ့ သင်ရတာလဲ။ အဲလိုလုပ်တော့ ကလေးတွေက မပီဘဲ အားလုံးဒုက္ခရောက်ကုန်ရော” ဟုဆိုသည်။

အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်၍ ပညာရေးမှူးက ယခုကိစ္စသည် ထိုင်းအစိုးရ၏ပေါ်လစီဖြစ်ပြီး သင်ကြားရေးနည်းစနစ်နှင့် အဓိကဆိုင်သဖြင့် ပြေလည်အောင်ဖြေရှင်းကြပါရန် အကြံပေးသွားသည်။

ယမန်နေ့ညနေပိုင်းက ပြုလုပ်သော အစည်းအဝေးတွင်မူ ဝင်းကဆရာတော်ဘုရား မဟာချတ်ကိုယ်တိုင် တက်ရောက်၍ စာသင်ကြားခွင့်ရခြင်းသည် တော်ယုံတန်ယုံ အခွင့်အရေးမဟုတ်ကြောင်း မိန့်ဆိုခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

သင်ကြားရေးတာဝန်ခံ ဆရာနိုင်စွမ်းထောင်က “အသံရဲ့လက္ခဏာ ပြနိုင်အောင် သက်သက်ပါ။ မှန်တာ မှားတာကို အဓိက အခြေခံတာမဟုတ်ပါဘူး။ သင်္ကေတ သဘောပဲသုံးတာပါ။ ထိုင်းအက္ခရာကို မြင်ဖူးအောင် လုပ်တာပါ။ မွန်စာကို ထိုင်းစာနဲ့လည်း သင်လို့မရပါဘူး” ဟု ဆိုသည်။

ထိုင်းစာလည်းတတ်၊ မွန်စာလည်းတော်၊ အသိဉာဏ်လည်း ကောင်းအောင် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် အချို့သော စာမေးပွဲများဖြေလျှင် ထိုင်းအက္ခရာဖြင့် ဖြေရမည်ဆိုပါက ယဉ်ပါးနေအောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စံခရဘူရီမြို့နယ်တွင် ဒေသ (၅) ခုခွဲထားပြီး ဝင်းကရွာသည် ဒေသ (၂) တွင် ပါဝင်ကာ အဓိကမြို့ ဧရိယာဖြစ်သော ထိုင်းလူမျိုးများ နေထိုင်ရာ မြို့ဧရိယာကို အမှတ် (၁) အဖြစ် သတ်မှတ်ထားသည်။ ဝင်းကတွင် အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်ရှိပြီး လူဦးရေပေါင်း (၁၀,၀၀၀) ကျော် နေထိုင်ကြသည်။

http://www.khitpyaingnews.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။