Home » » ထိုင်းအစိုးရရုံးကို သွေးဖြင့် ပက်ဖျန်း

ထိုင်းအစိုးရရုံးကို သွေးဖြင့် ပက်ဖျန်း

Written By မောင်စေတနာ on Wednesday, March 17, 2010 | 2:46:00 PM


[ထိုင်းအစိုးရ ရုံးရှေ့ကို သွေးဖြင့် ပက်ဖျန်း နေကြသော အနီရောင်ဝတ် ဆန္ဒပြသူများ (ဓာတ်ပုံ - Reuters)]
Tuesday, 16 March 2010 18:44 ကိုထွေး
E-mail Print
လွှတ်တော် ဖျက်သိမ်းပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဘန်ကောက်မြို့မှ အနီရောင်ဝတ် ဆန္ဒပြ သမားများက ယနေ့ ညနေ ၅ နာရီတွင် ထိုင်းအစိုးရရုံး အဆောက်အအုံ ၀င်ပေါက်ကို ၎င်းတို့၏ သွေးများဖြင့် ပက်ဖျန်းခြင်းဖြင့် ဆန္ဒပြပွဲ အရှိန်ကို မြှင့်တင်လိုက်ကြသည်။

“ဒါက ငြိမ်းချမ်းတဲ့ တိုက်ခိုက်မှု တခုပါ။ ၀န်ကြီးချုပ် အဖိဆစ်က ကျနော်တို့ရဲ့ သွေးတွေကို နင်းပြီး အစိုးရရုံးကို ရောက်အောင် သွားရဲလား ဆိုတာ ကျနော်တို့ မြင်ချင်ပါတယ်” ဟု ရှပ်နီအဖွဲ့မှ ခေါင်းဆောင် တဦး ဖြစ်သူ Weng Tojirakarnက ဆိုသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးခြင်း မရှိပါက သူ၏ ဒီမိုကရက်တစ် ပါတီ ဌာနချုပ်ရှေ့ နှင့် သူ၏ အိမ်ရှေ့သို့ သွားရောက်ပြီး သွေးဖြင့် ပက်ဖျန်း ဦးမည်ဟု Weng Tojirakarnက ပြောသည်။

ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး ဆန္ဒပြသူများထံမှ သွေးများကို တခါသုံး ဆေးထိုးအပ်များဖြင့် စုတ်ယူ စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူ တသိန်းကျော်ထံမှ သွေး စီစီ တသန်း (ပုလင်း ၁၀၀၀ ခန့်) ရရှိရန် မျှော်မှန်းခဲ့သော်လည်း ယနေ့ညနေပိုင်း သွေးဖြင့် ပက်ဖျန်းဆန္ဒပြချိန်အထိ သွေး စီစီ သုံးသိန်းခန့်သာ ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။


နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက အနီရောင်ဝတ် ဆန္ဒပြသူတို့၏ တောင်းဆိုချက်ကို လိုက်လျောမည် မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ယနေ့တွင်လည်း ၀န်ကြီးချုပ်က ဘန်ကောက်မြို့တော်တွင် ရောက်ရှိနေသည့် အနီရောင်ဝတ် ဆန္ဒပြသူတို့ အိမ်ပြန်လိုပါက အစိုးရက စီစဉ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများဖြစ်သည်။ မကြာသေးမီက မစ္စတာ သက်ဆင်နှင့် ၎င်း၏ ဇနီး ပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို တရားရုံးချုပ်၏ အမိန့်အရ အစိုးရက သိမ်းလိုက်ပြီးနောက် အနီရောင် ၀တ်သူများ၏ ဆန္ဒပြမှုများ ပိုမို ပြင်းထန်လာသည်။

မစ္စတာ သက်ဆင် အာဏာရှိစဉ်က သူ့ကို ကန့်ကွက်သူများမှာ အ၀ါရောင်ဝတ် ဆန္ဒပြသူများဖြစ်သည်။ ၎င်းတို့က မစ္စတာ သက်ဆင် ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။

မစ္စတာ သက်ဆင် နှင့် ၎င်းကို ထောက်ခံသည့် မစ္စတာ စမတ်၊ မစ္စတာ ဆုမ်ချိုင်း စသည့် ၀န်ကြီးချုပ် သုံးယောက် အာဏာ လက်လွှတ်သွားပြီးနောက် လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်း ဖြစ်သည်။

လက်ရှိ ၀န်ကြီးချုပ်သည် အာဏာရလာချိန်မှစ၍ အနီရောင်ဝတ် ဆန္ဒပြသူတို့ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ထိုင်းအစိုးရက ဤဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသားများကိုသာ ခွင့်ပြုထားသည်။ အနီရောင်ဝတ် ဆန္ဒပြသူများ ကြားတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အလုပ်သမားများကို စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

အလုပ်သမားများကို နေ့တွက်စရိတ် ပေးပြီး ဆန္ဒပြရန် စေခိုင်းမှုများ မပေါ်ပေါက်စေရေးအတွက် ထိုသို့ တားမြစ်ခြင်း ဖြစ်သည်ဟု သိရသည်။
ဧရာဝတီမှ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။