Home » , , » ရှာရွတ်ခန်း ထိန်းသိမ်းခံရမှု အိန္ဒိယ မကျေနပ်

ရှာရွတ်ခန်း ထိန်းသိမ်းခံရမှု အိန္ဒိယ မကျေနပ်

Written By မောင်စေတနာ on Wednesday, May 2, 2012 | 11:13:00 AM



ယေးလ်တက္ကသိုလ်တွင် ကျောင်းသားများအား အမှာစကား ပြောနေသည့် ရှာရွတ်ခန်းနယူးယောက်ခ် မြို့အနီး White Plains လေဆိပ်တွင် အမေရိကန် အာဏာပိုင်များက ဘောလိဝုဒ် စူပါစတား ရှာရွတ်ခန်းကို မိနစ် ၉၀ ကြာ ထိန်းသိမ်း ချုပ်နှောင်ခဲ့ခြင်းအပေါ် အိန္ဒိယက ဒေါသတကြီး တုံ့ပြန်ခဲ့ကြောင်း သိရသည်။ခုလို “ဖမ်းချုပ်လိုက်ပြီးမှ ပြန်တောင်းပန်လိုက်” လုပ်တတ်တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ဆက်မရှိနေသင့်တော့ပါဘူး ဟု အိန္ဒိယ နိုင် ငံ​ခြားရေး ဝန်ကြီး SM Krishna က ပြောကြားခဲ့သည်။အဆိုပါ အိန္ဒိယ မင်းသားသည် ယေးလ်တက္ကသိုလ်သို့ သွားရန် ကိုယ်ပိုင် လေယာဉ်ဖြင့် ရောက်ရှိလာစဉ် ယခုလို တားဆီးခံခဲ့ ရခြင်း​ဖြစ်ပြီး နောက်ပိုင်းတွင် အမေရိကန် အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေး ဌာန အာဏာပိုင်များက အဆိုပါ ဖြစ်ရပ် အတွက် အလေး အနက် တောင်းပန်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ဒေလီမြို့ရှိ အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Peter Vrooman ကလည်း မစ္စတာ ရှာရွတ်ခန်း အနေဖြင့် အဆင်မပြေမှု သို့မ ဟုတ် နှောင့်နှေးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့သည်ဆိုပါက တောင်းပန်ကြောင်း ထပ်ဆင့် ပြောကြားခဲ့သော်လည်း နယူးယောက်ခ်မြို့ နယ်နိမိတ် အတွင်းရှိ အဆိုပါ လေဆိပ်တွင် ခန်းအား ထိန်းသိမ်းခဲ့ရခြင်း အကြောင်းအရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။အဆိုပါ မင်းသားသည် ၂၀၀၉ ခုနှစ်အတွင်းကလည်း Newark လေဆိပ်တွင် ၂ နာရီခန့် ကြာအောင် ထိန်းသိမ်း ခံခဲ့ရဖူးပြီး အမေရိ ကန်ရှိ အိန္ဒိယသံရုံးမှ ကြားဝင်ဆောင်ရွက်သည့် အခါမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။မင်းသားက ၎င်းတွင် မွတ်ဆလင်အမည်တစ်ခု ရှိခြင်းကြောင့် တားဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန် အကောက်ခွန် အရာရှိများကမူ ခန်းအား ထိန်းသိမ်း ချုပ်နှောင်ခဲ့ခြင်း မဟုတ်ဘဲ ခေါ်ယူ မေးမြန်းခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

ယခုလို လုပ်ချင်ရာ လုပ်ပြီးမှ ပြန်တောင်းပန်ခြင်းသည် အမေရိကန်၏ လုပ်ထုံးလုပ်နည်းသဖွယ် ဖြစ်နေကြောင်း Krishna က သော ကြာနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်ရှိ အိန္ဒိယ သံအမတ်ကြီး Nirupama Rao ကိုလည်း ဝါရှင်တန်တွင် ကန့်ကွက် အရေးဆိုမှု ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။လွှတ်တော်အမတ် Rajeev Shukla ကလည်း ယခုလို တားဆီး ထိန်းသိမ်းခြင်းသည် သက်သက်မဲ့ ပြုလုပ်မှုဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ဘောလိဝုဒ် ရုပ်ရှင်အသိုင်းအဝိုင်းကလည်း မင်းသားဘက်မှ ရပ်တည်ခဲ့ကြသည်။ဂီတပညာရှင် Javed Akhtar ကလည်း အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဌာနမှ အာဏာပိုင် အားလုံး ရှာရွတ်ခန်း အကြောင်းကို သိရှိအောင် လေ့လာထားသင့်ပြီး ယင်းသို့ ပြုလုပ်ရန်လည်း ကွန်ပျူတာတွင် ခလုတ်တစ်ချက် နှိပ်လိုက်ရုံသာ ဖြစ်ကြောင်း ​ပြော ကြားခဲ့သည်။

အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိများသည် လွန်ခဲ့သော ကြာသပတေးနေ့က ခန်းအား ၂ နာရီကျော်ကြာအောင် တားဆီး စစ်​ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု Press Trust of India သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။ ယေးလ်တက္ကသိုလ်မှ တာဝန်ရှိသူများက ပြည်တွင်း လုံခြုံရေးနှင့် အကောက်ခွန် အရာရှိများထံ ဆက်သွယ်ဆောင်ရွက်သည့် အခါမှ သာ ယင်းအား လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း နယူးယောက်ခ် အခြေစိုက် BBC သတင်းထောက် Salim Rizvi က ပြောကြား ခဲ့သည်။

ယေးလ်တက္ကသိုလ်သို့ ရောက်သောအခါ ခန်းက လေဆိပ်တွင် မိမိကို တားဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည်ဟု ကျောင်း သားများအား ပြောပြခဲ့ပြီး ယင်းအဖြစ်အပျက်ကို ရယ်ရွှင်ဖွယ် ကိစ္စတစ်ခုအဖြစ် ပြောကြားခဲ့သည်။“ကျွန်တော် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေပြီလို ထင်မိတဲ့အခါတိုင်း အမေရိကကို ခရီးထွက်ဖြစ်တယ်ဗျ။ ဒီက လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက စူပါစတားတွေ ဘာတွေ နားမလည်ကြဘူးလေ။ သူတို့က ကျွန်တော့် အရပ် ဘယ်လောက်လဲလို့ မေးတိုင်း ကျွန်​တော်က ၅ ပေ ၁၀ လက်မပါလို့ လိမ်ပြောတယ်။

နောက်တစ်ခါဆိုရင် ခုထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် သူတို့က ကျွန်တော့် အသားအရောင်ကို မေးရင် လူဖြူပါလို့ ဖြေမယ်။” ဟု ယင်းက ပရိသတ်များကို ရယ်ရယ်မောမောဖြင့် ပြောကြားခဲ့သည်။ယခု ဖြစ်ရပ်အပြင် အမေရိကန် လေဆိပ်များ၌ အရေးပါသော အိန္ဒိယ အရာရှိများအား တားဆီးမှု သို့မဟုတ် မချေမငံ ပုတ်ခတ်ရှာ​ဖွေမှု အများအပြား ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။၂၀၁၀ ဒီဇင်ဘာလအတွင်းကလည်း ထိုအချိန်က အိန္ဒိယ သံအမတ်ကြီး Meera Shankar အား လုံခြုံရေး အရာရှိတစ်ဦးက လေ ဆိပ် လုံခြုံရေးစည်းအတွင်းမှ ဆွဲထုတ်၍ ပုတ်ခတ် ရှာဖွေမှု ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန်တို့ တောင်းပန်ခဲ့ကြရသေးသည်။

အဆိုပါ ဖြစ်ရပ်တွင် သူမသည် အိန္ဒိယ ရိုးရာ ဆာရီကို ဝတ်ဆင်လာခြင်းကြောင့် ထိုသို့ ပြုမူခံခဲ့ရခြင်းဖြစ်ကြောင်း သတင်း ဖော်ပြ ချက်များအရ သိရသည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အဆိုပါ ဖြစ်ရပ်အတွက် အထူးပင် ပူပန်မိကြောင်းနှင့် ယင်းသို့သော ဖြစ်ရပ် များ ထပ်မဖြစ်အောင် တားဆီးသွားမည်ဟု ပြောကြားခဲ့သည်။၂၀၀၉ ခုနှစ်အတွင်းကလည်း အိန္ဒိယ သမ္မတဟောင်း APJ Abdul Kalam အား အမေရိကန်သို့ သွားမည့် လေယာဉ်ပေါ်သို့ မတက် မီ ရှာဖွေမှု ပြုလုပ်မိခဲ့ခြင်းအတွက် အမေရိကန် လေကြောင်းလိုင်းဖြစ်သည့် Continental Airlines က တောင်းပန်ခဲ့ရ​သေးသည်။

ယင်းကဲ့သို့ ဒေလီလေဆိပ်အတွင်း Mr. Kalam အား ရှာဖွေမှုပြုခဲ့ပြီ ယင်းအား ဖိနပ်ချွတ်၍ စစ်ဆေးခံစေခဲ့မှုကို အိန္ဒိယ လွှတ်တော် အမတ်များက အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။လုပ်ထုံးလုပ်နည်းများအရ သမ္မတဟောင်းများနှင့် အခြား ရာထူး ဂုဏ်ရှိန် ကြီးသူများသည် ထိုသို့ ရှာဖွေခံရခြင်းမှ ကင်းလွတ်ခွင့်ရှိ​ကြောင်း သိရသည်။Ref: BBC

Source by :သတင်းကွန်ယက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။