Home » , , » လူ့ဘောင်သစ်ရဲ့ အမြင်

လူ့ဘောင်သစ်ရဲ့ အမြင်

Written By မောင်စေတနာ on Monday, April 2, 2012 | 6:48:00 PM

ရွေးကောက်ပွဲနေ့ ကော့မှူးမြို့ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူထုအောင်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ် အသတ်အနိုင်ရရှိခဲ့မှုအပေါ် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ၀မ်းမြောက် ဂုဏ်ယူပါကြောင်း လှိုက်လှိုက်လှဲလှဲ ဖော်ပြအပ်ပါသည်။

ဤအောင်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အောင်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏အောင်ပွဲ ဖြစ်သလို မဲဆန္ဒရှင် မြန်မာပြည်သူတရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည်ဟု မိမိတို့ပါတီမှ ယုံကြည်ပါသည်။

စည်းရုံးရေးခရီးစဉ် တလျှောက်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို အတိအလင်း ကတိပြုကြေညာထားသော “တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး” ဟူသည့် လုပ်ငန်းစဉ် (၃) ရပ်အပေါ် မြန်မာပြည်သူတရပ် လုံးက မျှော်လင့်ယုံကြည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းထောက်ခံလိုက်ကြခြင်းဖြစ်သည်ဟု မိမိတို့ပါတီမှ ရှုမြင်ပါသည်။

ဤလုပ်ငန်းစဉ် (၃) ရပ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး အတွင်းတွင် အရေးအကြီးဆုံးနှင့် ပဓာနအကျဆုံး မရှိမဖြစ် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုကြီးကို အခိုင်အမာ တည်ဆောက် နိုင်သည်အထိ အင်အားစုအသီးသီး ပါဝင်သော တွေ့ဆုံဆွေးနွေး အဖြေရှာမှုများပေါ်ပေါက်ရေး စသည့် လုပ်ငန်းရပ်များကိုလည်း မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) အား ဒီမိုကရေစီစနစ်ကို အာမခံသော၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို အာမခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ဖြစ်လာစေရန် ဒီမိုကရေစီနည်းလမ်း ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲကြရမည်ဖြစ်ပါသည်။

ဤလုပ်ငန်းတာဝန်များသည် လူမျိုးပေါင်းစုံမြန်မာပြည်သူများ၏ ထောက်ခံ ပူးပေါင်းပါဝင်မှုဖြင့်သာ ဆောင်ရွက်နိုင်မည့် လုပ်ငန်း တာဝန်များဖြစ်သည်။ ဤလုပ်ငန်းတာဝန်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လူမျိုးပေါင်းစုံမြန်မာပြည်သူများနှင့် မဟာမိတ်အင်အားစု အသီးသီးတို့၏ ထောက်ခံဝန်းရံမှုနှင့်အတူ ဆက်လက် အကောင်အထည်ဖော်သွားနိုင်လိမ့်မည်ဟု မိမိတို့ပါတီက မျှော်လင့်ပါသည်။ မိမိတို့ပါတီမှလည်း ကျရာအခန်းမှ အတက်ကြွဆုံး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း ယနေ့အခြေအနေမှ နောက်ပြန်လှည့်မသွားရေးနှင့် အင်အားစုအသီးသီးနှင့် နိုင်ငံသား တိုင်းပါဝင်နိုင်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားပါရန် မိမိ တို့ပါတီက အလေးအနက်တိုက်တွန်းအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၂ ခုနှစ် ဧပြီလ (၂) ရက်။

ဆက်သွယ်ရန် - ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး) ၀၈ ၁၄၇၅ ၉၂၂၃

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။