မြန်မာပြည်က အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ စံပယ်နေတဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ကြည်ညိုဖို့ တနှစ်တနှစ်မှာ ရောက်လာကြတဲ့ ဘုရားဖူးပရိသတ် လူတွေက မနည်းပါဘူး။
ရွှေတိဂုံ ဘုရားကြီးက ဥာဏ်တော်အမြင် ၈၈ မီတာရှိပြီး၊ ဘုရားကို ရွှေချထားတဲ့၊ ရွှေစင်ရွှေပြားရဲ့ အလေးချိန်က မက်ထရစ်တန်ချိန်အနေနဲ့ ၃ တန် ရှိပါတယ်။ ဂျပန်ပြည် ကျိုတိုမှာရှိတဲ့ ကင်ကာကူဂျီ ဘုရားကျောင်းမှာ ပူဇော်ထားတဲ့ ရွှေအလေးချိန်က ကီလိုဂရမ် ၂၀ ပဲရှိတယ်ဆိုတော့ ဘယ်လိုမှ မနှိုင်းယှဉ်သာပါဘူး။
စိန်၊ ပတ္တမြားနဲ့ တခြားကျောက်မျက်ရတနာပေါင်း ၈၀၀၀ ကျော်ကိုလည်း စေတီတော်ကြီး အတွင်းမှာ ဌာပနာထားပါတယ်။ စိန်တွေချည်းပဲ အလေးချိန် ၁၈၀၀ ကာရတ်ရှိပြီး စိန်ဖူးတော်က ၇၆ ကာရတ် အလေးချိန် ရှိပါတယ်။

ဒါကြောင့် (ဘုရားဆီက ဖြာထွက်နေတဲ့ ရွှေရောင်၊ စိန်ရောင်တွေ့ ဖြာထွက်နေမှုကြောင့် မြန်မာအမျိုးသမီးတွေဟာ နေ့အလင်းရောင် မပြောနဲ့ ညအမှောင်ထဲမှာတောင် ရင်သက်ရှုမောရ လောက်အောင်လှတယ်လို့ အဆိုရှိပါတယ်။
ဒါပေမယ့် ဘုရားကို ရွှေချထားတဲ့ ရွှေပြားတွေဟာ ကွာကျကုန်လို့ မှန်ဘီလူးနဲ့ အနီးကပ် ဖူးမြော်ကြည့်ရင် စေတီတော်ကြီးရဲ့ ကိုယ်ထည်ပေါ်မှ ရွှေကွာနေတဲ့ အကွက်အပျောက်တွေကို အထင်းသားမြင်ရပါတယ်။
“လေထန်တဲ့အခါ ရွှေပြားတွေ၊ သတ္တုပြားတွေ ကွာကျ၊ လွှင့်ကျကုန်တာပေါ့။ ဆိုင်ကလုန်းတိုက်တဲ့ အခါမျိုးဆိုရင် ရွှေအစအနတွေက အနီးက ရွှေတိဂုံကုန်းတော်တ၀ိုက်မှာ လွှင့်ကျနေတယ်”လို့ သာသနာရေးဝန်ကြီးဌာနက အသက် ၅၅ နှစ်အရွယ် အရာရှိတယောက်က ပြောပြပါတယ်။
ဒါကြောင့် ဘုန်းတော်ကြီးတွေနဲ့ ဂေါပကတွေကို ရွှေတိဂုံဘုရားကို ရင်ပြင်တ၀ိုက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ရွှေချထားတဲ့ အပြားတွေ၊ ရွှေစင်ရွှေပြားတွေက အစအနတွေကို ပြန်သိမ်းဆည်းဖို့ တာဝန်ပေးထားပါတယ်။
၂၀၀၅ ခုနှစ်တုန်းက ရွှေတိဂုံစေတီတော်ကြီးကို ပြန်လည်မွမ်းမံတဲ့အချိန်တုန်းက ရွှေချထားတဲ့ ရွှေပြားတွေနဲ့ ရွှေစင်ရွှေပြာပေါင်း ၄၀၀၀ ကို လင့်ဟာနေတဲ့ နေရာတွေမှာ ပြန်ပူဇော်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် ၅ နှစ်လောက် ပြန်လည် မွမ်းမံခြင်းမရှိဘဲ ထားခဲ့တယ်ဆိုတော့ နေ့စဉ် ဘုရားကိုယ်ထည်ပေါ်ကနေ ရွှေပြားနှစ်ပြားနှုန်း ကွာကျနေတယ်လို့ ပြန်တွက်ကြည့်လို့ ရပါတယ်။
“အကယ်၍ ကွာကျလာတဲ့ ရွှေပြားကို တယောက်ယောက်က ကောက်ယူသွားရင် အဲဒီလူကို အရေးယူအပြစ်ပေးတတ်သလား”လို့ သာသနာရေးဝန်ကြီးဌာနက အရာရှိကို ကျနော်မေးကြည့်တော့ အဲဒါမျိုးဖြစ်ရင် ဘုရားက ရွှေပြားကိုပဲ ပြန်သိမ်းပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေကတော့ ဘုရားရွှေပြားကို တွေ့ရင် ဂေါပကကို ပြန်အပ်ပါတယ်လို့ ဖြေပါတယ်။ ဘုရားက ရွှေတွေကို သဒ္ဓါတရားထက်သန်တဲ့ ဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းထားကြတာပါ။
လူတွေ သေလွန်တဲ့အခါ ၀ိညာဉ်ဟာ တမလွန်ဘ၀တခုကို ကူးပြောင်းသွားတယ်ဆိုတဲ့ အယူအဆဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ အယူအဆဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာထွန်းကားပါတယ်၊ ထေရ၀ါဒ ကိုးကွယ်သူတွေဟာ နောင်ဘ၀မှာ ကောင်းဖို့ရည်စူးပြီး ဘုရား၊ သံဃာတွေကို အလှူအတန်း ပေးရတာကို သဒ္ဓါတရား ထက်သန်ကြပါတယ်၊။
၁၉၈၈ ဒီမိုကရေစီ ဒီရေမြင့်သစ် လှုပ်ရှားမှုကြီးအပြီးမှာ အစိုးရအာဘော်သတင်းစာတွေမှာ ထိပ်တန်းစစ်ခေါင်းဆောင်တွေက သံဃာတော်တွေကို အလှူအတန်းပြုတဲ့ သတင်းတွေကို ဖော်ပြခဲ့ပါတယ်။ အစိုးရက အကြီးအကျယ်ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ ဒါပေမယ့် ပြည်သူတွေက ဒီသတင်းတွေကို အပြုသဘောနဲ့ပဲ တုံ့ပြန်ခဲ့ကြပါတယ်။
“လူတွေက စစ်အစိုးရကို ဘယ်လောက်ပဲ မုန်းတယ်ဆိုပေမယ့်လည်း အစိုးရအကြီးအကဲတွေက ဗုဒ္ဓဘာသာကို ကြည်ညိုတာကို တွေ့ရတော့လည်း လူတွေက သာဓုခေါ်ကြတာပါပဲ” လို့ ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာရေးဌာန Institute of Developing Economies ရဲ့ အရှေ့တောင် အာရှ လေ့လာရေးအဖွဲ့ ၂ က ညွန်ကြားရေးမှူး တိုရှိဟီရို ကူဒို Toshihiro Kudo က ပြောပါတယ်။
“အနီရောင်ရယ်၊ အစိမ်းရောင်ရယ်၊ အမည်းရောင်ရယ်၊ ဒီအရောင်သုံးရောင်ကို ပိုင်တဲ့လူဟာ မြန်မာပြည်ကို ထိန်းချုပ်နိုင်မယ်” လို့ အဆိုရှိတဲ့ အကြောင်း စွန့်စားခန်းတွေအကြောင်း ရေးတဲ့ စာရေးဆရာ ဟိုက်ဒီ ယူကီ တာကာနို Hideyuki Takano က ပြောပါတယ်။ ဒီနေရာမှာ အနီရောင်က ပတ္တမြား၊ အစိမ်းရောင်က ကျောက်စိမ်း၊ အမည်းရောင်ကတော့ ဘိန်းကို ဆိုလိုတာပါ၊ မြန်မာပြည်ဟာ ကမ္ဘာမှာ ဘိန်းအများဆုံးထုတ်ရာ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
ကျနော့်ရဲ့ မြန်မာပြည်ခရီးမှာ ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းက လားရိုးမြို့ကိုသွားပြီး ဘိန်းရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ဘိန်းဆိုတာက သကြားလုံးလေးတွေပုံမျိုး၊ အမည်းရောင် ဘိန်းသီးလေးတွေကနေ ထုတ်တာပါ။ သန့်စင်လိုက်ရင်တော့ ဘိန်းဖြူဖြစ်သွားပါတယ်၊ ဘိန်းက နဂိုက အမည်းရောင်ဖြစ်သလိုပဲ၊ မှောင်ခိုဈေးကွက်မှာပဲ လျှို့လျှို့ဝှက်ဝှက် အရောင်းအ၀ယ်လုပ်ကြတဲ့ အမည်းရောင် နိမိတ်ပုံရှိတဲ့ ပစ္စည်းလို့ ဆိုရမှာပါ။
ဘိန်းက လူတွေကို ဆွဲဆောင်ထားပုံနဲ့ ဘုရားက အထွတ်အမြတ်ထားတဲ့ ရွှေတွေက လူတွေကို ဆွဲဆောင်ပုံကတော့ တခြားစီပါ။ ဒါပေမယ့် မော်ဖင်း လို့ ခေါ်တဲ့ နာကျည်မှုကို သက်သာစေတဲ့ ဆေးကိုလည်း ဘိန်းကပဲ ထုတ်လုပ်ထားတာပါ။ ဘိန်းကတော့ စွယ်စုံသုံး၊ တန်ရင်တော့ဆေး၊ လွန်ရင်တော့ ဘေးဖြစ်စေတဲ့ အဆိပ်တမျိုးပါပဲ။
မူးယစ်းဆေးဝါးထုတ်လုပ်မှုနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံဒေသကတော့ ရှမ်းပြည်တောင်ပိုင်း၊ မြန်မာ၊ ထိုင်း၊ လာအို တို့ သုံးပွင့်ဆိုင် နယ်ခြားဒေသဖြစ်ပါတယ်။ ရှမ်းပြည်က တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်မှုအကြောင်းပြောရင် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ရဲ့ တာဝန်ကလည်း တော့်တော့်ကို မကင်းတာပါ။
တရုတ်ကွန်မြူနစ်ပါတီကို နိုင်အောင် မတိုက်နိုင်တဲ့နောက်မှာ တရုတ်အမျိုးသားဝါဒီပါတီဝင် အကြွင်းအကျန်တွေဟာ ရှမ်းပြည်နယ်ကို ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ကို ကွန်မြူနစ်ဆန့်ကျင်ရေးတပ်အဖြစ်နဲ့ အမေရိကန် စီအိုင်အေက မွေးခဲ့ပါတယ်။ ထောက်ပံ့ရေးအတွက် အရင်းအမြစ်အဖြစ် ဘိန်းကို စီအိုင်အေက ရွေးချယ်ခဲ့ပါတယ်၊ စီအိုင်အေက အဲဒီဒေသကနေ ဆုတ်ခွာသွားတဲ့အခါမှာတော့ တိုင်းရင်းသားလူမျိုးစုတွေက ဘိန်းလုပ်ငန်းကို လက်ပြောင်းယူခဲ့ပါတယ်။
မြန်မာအစိုးရက မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ မူးယစ်ကုန်သည်တွေကို နှိမ်နင်းခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ တိုင်းရင်းသား တပ်တွေကို တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်အဖြစ် အစိုးရက မြင်ပါတယ်။ တနည်းအားဖြင့် မြန်မာပြည်ကို ထိန်းချုပ်နိုင်ဖို့ အမည်းရောင်ကို အနိုင်တိုက်ဖို့ ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။
“ဘိန်းစိုက်ပျိုးရေးက တောင်တန်းဒေသက တိုင်းရင်းသားတွေရဲ့ ခက်ခဲတဲ့ ဘ၀တွေအတွက် ငွေရှာဖို့ အလွန်ထိရောက်တဲ့ လမ်းကြောင်းပဲ” လို့ သံတမန်တဦးက ပြောပါတယ်၊ ဒါကို သိတဲ့ အတွက် အစိုးရကလည်း ဘိန်းအစားထိုး သီးနှံတွေကို မစိုက်နိုင်ခင် ကြားကာလတခုမှာ တိုင်းရင်းသားတွေ ဘိန်းစိုက်ချင် စိုက်ပါစေဆိုပြီးတော့ အတိုင်းအတာတခုအထိ ခွင့်ပြုထားတာလည်းရှိပါတယ်။
တချိန်တည်းမှာ အစိုးရက တိုင်းရင်းသားတပ်တွေရဲ့ တရားမ၀င် ကာစီနို လောင်းကစားလုပ်ငန်းတွေ၊ ပြည့်တန်ဆာခန်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတို့လို စီးပွားရေးလုပ်ငန်းတွေကိုလည်း မသိချင် ယောင်ဆောင် နေပါတယ်။
ဒီလို ပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ချက်တွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ အတော်များများ အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီပေါ်လစီတွေကို ဦးဆောင်ကိုင်တွယ်ခဲ့တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန်ကို လွန်ခဲ့တဲ့ ၇ နှစ်က ရာထူးကနေ ဖြုတ်လိုက်တဲ့နောက်မှာ အစိုးရဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တရားမ၀င် စီးပွားရေး လုပ်ငန်းတွေကို ခပ်ကြမ်းကြမ်းပြန်ပြီး ကိုင်တွယ်လာပါတယ်၊ တိုင်းရင်းသားတပ်တွေကို တားဆီးဖို့ပါ။
အစိုးရနဲ့ တိုင်းရင်းသားတပ်တွေ အကြားက ထိပ်တိုက်တွေ့မှုတွေ ပြင်းထန်လာတာနဲ့ အမျှ လက်နက်ကိုင် ပဋိပက္ခတွေလည်း ပုံမှန်လို ပြန်ဖြစ်လာပါတယ်၊ ရှမ်းပြည်နယ်ထဲက ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်း ထုတ်လုပ်မှုကလည်း အရင်ထက်ပိုတိုးလာပါတယ်။
“ဒီလို တိုးလာတာဟာ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတာနဲ့ အများကြီး ပတ်သက်ပါတယ်” လို့ သံတမန်က ပြောပါတယ်။
ကမ္ဘာ့လှည့်ခရီးသွားတွေ အာရုံကျတဲ့ ရွှေတြိဂံဒေသရဲ့ လုံခြုံရေးအခြေအနေကလည်း ဆိုးလားပါတယ်၊ ကျနော့်ရဲ့ ခရီးစဉ်မှာ အဲဒီဒေသကို သွားဖို့ အာဏာပိုင်တွေက ခွင့်မပြုလို့ မရောက်လိုက်ရပါဘူး။
အဲဒီဒေသကို ရွှေတြိဂံလို့ ခေါ်ကြတဲ့ နောက်အကြောင်းတခုက မူးယစ်ဆေးဝါးတွေကို ငွေနဲ့ အရောင်းအ၀ယ်မလုပ်ကြပဲ ရွှေနဲ့ပဲ အလဲအလှယ် လုပ်တာကြောင့်လို့ သိရပါတယ်၊ အဲဒီ ဒေသမှာ ရွှေနဲ့ မူးယစ်ဆေးဝါးဆိုတာက ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလိုပဲ ခွဲခြားလို့ မရအောင်ပါပဲ။
လားရိုးမြို့မှာ ရောင်စုံရိုးရာဝတ်စုံတွေကို ၀တ်ထားတဲ့ အမျိုးသမီးတွေနဲ့ ပြည့်နေတဲ့ လမ်းအတိုင်းလျှောက်ရင်း ဆေးဆိုင်တွေ တဆိုင်ဝင် တဆိုင်ထွက် ဘိန်းရှာပုံတော် ဖွင့်ခဲ့ပါတယ်၊ ကျောနာတာကို ကုတဲ့အခါမှာ အသုံးပြုတဲ့ ဘိန်းပါတဲ့ တိုင်းရင်းဆေးတမျိုးရှိပါသလားလို့ ဆိုင်တွေမှာ လိုက်မေးတဲ့အခါ မရှိဘူးလို့ချည်း ပြန်ဖြေကြပါတယ်။
ကျနော်နဲ့ လိုက်လာတဲ့ ဧည့်လမ်းညွန်က လားရိုးမှာ ဘိန်းရှာပုံတော်ဖွင့်တာကို လက်လျှော့လိုက်ဖို့ စည်းရုံးရှာပါတယ်၊ လားရှိုးက အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေလို့ပါတဲ့။
တကယ်တော့ လားရှိုးမှာ ဘိန်းပါတဲ့ ဆေးဝါးကို ရှာရတာ မြန်မာပြည်က စာအုပ်ဆိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ စာအုပ်ကို လိုက်ရှာသလိုပါပဲ။ အစိုးရကတော့ ဘိန်းကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ မှောင်ခိုလောကရဲ့ အဆိပ်ရှိတဲ့ အရာတွေလို့ သတ်မှတ်ထားတာပါ။
ဒါပေမယ့် မကြာခင်တုန်းကပဲ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးဖို့ ချဉ်းကပ်လာပါတယ်။
“မြန်မာပြည်မှာ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ သင့်မြတ်မှုရအောင် ဆွဲဆောင်စည်းရုံးနိုင်သူဟာ ဗိုလ်ချုပ်အောင်ဆန်း သွေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းပဲ ရှိတယ်” လို့ ရန်ကုန်မြို့က အသက် ၃၅ နှစ်အရွယ် အိုင်တီ ကုမ္မဏီရဲ့ ဥက္ကဌက ပြောပါတယ်၊ အကြောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က လူနည်းစု တိုင်းရင်းသားတွေနဲ့ အစိုးရတို့ ကြားမှာသင့်မြတ်ရေးရဖို့ အလေးထား လုပ်ဆောင်ခဲ့သူ ဖြစ်နေလို့ပါပဲ။
ဒါကြောင့် အစိုးရအနေနဲ့ “တိုင်းရင်းသားတပ်တွေ” ဆိုတဲ့ အဆိပ်ကို အောင်ဆန်းစုကြည်ဆိုတဲ့ အဆိပ်ကို သုံးပြီး ထိန်းနိုင်မလား၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မြန်မာပြည်အတွက် ဖြေဆေး ဖြစ်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ။
(Mainichi Japan) January 24, 2012
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၁) - နေပြည်တော်သို့တခေါက်
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၂) - မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ကံကောင်းစေသော နံပါတ် ၉
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၃) - ဗေဒင်၊ ယတြာနှင့် ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သော တိုင်းပြည်
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄) ဗုဒ္ဓဘာသာ၊ ခြင်္သေ့နှင့် ဆင်ဖြူတော် ပုံပြင်များ
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၆) တရုတ် (သို့မဟုတ်) အန္တရာယ်ပေးမယ့် ပေါက်ဖော်လား
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ အပိုင်း (၇) - အနိစ္စတရားကို မျက်မှောက်ပြုသည့် မြန်မာ့ဓလေ့

Source by :နေသွင်
http://www.maukkha.org
0 comments:
Post a Comment