Home » , » ကိုယ့်ကိုယ်ကို မီးရှို့သည့် တိဗက်လူငယ် စိုးရိမ်ဖွယ်အခြေအနေရှိ

ကိုယ့်ကိုယ်ကို မီးရှို့သည့် တိဗက်လူငယ် စိုးရိမ်ဖွယ်အခြေအနေရှိ

Written By မောင်စေတနာ on Wednesday, March 28, 2012 | 3:21:00 AM

အိန္ဒိယနိုင်ငံ နယူးဒေလီကို ရောက်လာမယ့် တရုတ်သမတ ဟူကျင်တောင်းကို ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ တိဗက်လူငယ်ဟာ ခန္ဓာကိုယ် ၉၀ ရာနှုန်း မီးလောင်ကျွမ်းသွားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲက ပြောပါတယ်။

ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့တဲ့သူကတော့ အသက် ၂၇ နှစ်အရွယ် ဂျန်ဖယ်လ် ရာရှိ ဆိုသူပါ။ ဟူကျင်တောင်းရဲ့ ခရီးစဉ်ကို ဆန္ဒပြဖို့ နယူးဒေလီ၊ ဂျန်တာမန်တားမှာ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်း၊ တိဗက် တက်ကြွလှုပ်ရှားသူတွေ စုဝေး မိန့်ခွန်းပြောနေတဲ့အချိန်မှာ သူက ကိုယ်ပေါ်ကို ဆီတွေလောင်း၊ မီးရှို့ပြီးတော့ ဂျန်တားမန်တား လမ်းတလျှောက်ကို ပြေးခဲ့ပါတယ်။

သူလဲကျသွားတဲ့အချိန်မှာ ရဲနဲ့ သူ့ရဲ့အပေါင်းအပါတွေက မီးဝိုင်းငြှိမ်းပေးခဲ့ပါတယ်။ ရဲက သူ့ကို ဆေးရုံပို့ဖို့ ကြိုးစားတာကို သူ့ရဲ့အပေါင်းအပါတွေက အစပိုင်းမှာ ၀ိုင်းပြီး တားခဲ့ကြပါသေးတယ်။ ဒါပေမယ့် ရဲတွေက အတင်းအကြပ်ဝင်ဆွဲပြီး မနိုဟာ လောဟီရာ ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်သမတ ဟူကျင်တောင်းဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မတ်လ ၂၈ ရက်နေ့ကနေစပြီး ၂ရက်ကြာ လုပ်မယ့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ၅ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ BRICS ကို လာတက်မှာဖြစ်ပါတယ်။

တိဗက်ဒေသမှာဖြစ်နေတဲ့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ တိဗက်ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ၊ တက်ကြွသူလူငယ်တွေဟာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြတာတွေ လုပ်ခဲ့ကြတာမှာ သေဆုံးသူ ၂၀ ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

ဒီလို မီးရှို့ဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဒါတွေဟာ တရုတ်အစိုးရရဲ့ စက်ဆုပ်ရွံရှာဖွယ် ဖိနှိပ်မှုတွေကြောင့် ဖြစ်ရတာလို့ ဆိုသလို တရုတ်အစိုးရကလည်း ဒီလိုဖြစ်ရတာတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားက တမင်ရှုပ်ထွေးအောင် မွှေနှောက် နှောင့်ယှက်နေလို့ ဆိုပြီး တန်ပြန် အပြစ်တင်ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။