Home » » သီလဝါမီး ဒေါ်လာ ငါးသန်းကျော် ဆုံးရှုံး

သီလဝါမီး ဒေါ်လာ ငါးသန်းကျော် ဆုံးရှုံး

Written By မောင်စေတနာ on Wednesday, March 28, 2012 | 6:32:00 AM

မီးလောင်မှုကြောင့် အမေရိကန် ဒေါ်လာ ငါးသန်းခန့် ဆုံးရှုံး၊ အရေးယူမည့်သူကို စုံစမ်းဆဲဟု ဗဟိုမီးသတ် ဦးစီးဌာန မှတ်တမ်းတွင် ဖေါ်ပြ (ဓါတ်ပုံ မဇ္ဈိမ)

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း MITT တွင် တနင်္လာနေ့ နေ့လယ် ၂ နာရီ ခွဲခန့်မှ စ၍ အင်္ဂါနေ့ မနက် ၆ နာရီထိ လောင်ကျွမ်းခဲ့သည့် မီးကြောင့် သစ်လုံးများလောင်ကျွမ်းသွားခဲ့ရာ ဒေါ်လာ ငါးသန်းခန့်တန်ဖိုး ဆုံးရှုံးသွားရကြောင်း ဗဟိုမီးသတ် ဦးစီးဌာနက ပြောသည်။

“အမေရိကန်ဒေါ်လာ ငါးသန်းပါ။ သစ်လုံးတန်ချိန် ၇,၀၀၀ လောင်သွားပါတယ်။ ကနေ့မနက် ၆ နာရီမှာ ငြှိမ်းသတ်နိုင် ခဲ့ပါတယ်” ဟု ဗဟိုမီးသတ်ဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါဆိပ်ကမ်းတွင် CIFG ကုမ္ပဏီပိုင် သစ်လုံးတန်ချိန် သုံးသောင်း ရှိသည့်အနက် မီးလောင်မှုကြောင့် ကျွန်းသစ် တန်ချိန် ၃,၀၀၀ ခန့်နှင့် သစ်မာ တန်ချိန် ၄,၀၀၀ ခန့် မီးလောင်ခံ ရသည်ဟု ဆိုသည်။


မီးလောင်မှု ဖြစ်ပွားပုံမှာ ‘လမ်းသွားလမ်းလာ တဦးက သောက်လက်စ ဆေးလိပ်မီး ပစ်ချခဲ့ရာမှ ကိုင်းတောအခြောက် များကို လောင်ကာ ယင်းမှတဆင့် ပုံထားသော သစ်လုံးများ၊ ကျောက်မီးသွေးများကို လောင်ခြင်းဖြစ်ကြောင်း’ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာန မှတ်တမ်းတွင် ရေးသားထားသည်ကို သတင်းမီဒီယာသမားများက ဖတ်ခွင့်ရခဲ့ သည်။


သို့သော် တနင်္လာနေ့ညက မီးသတ်ရဲဘော်များထံမှ ပေးပို့သော အစီရင်ခံချက်အရ ဆိပ်ကမ်းရှိ ကျောက်မီးသွေးများမှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။


“ကျနော်တို့ဆီကို ရှေ့တန်း (မီးလောင်ပြင်)က သတင်းပို့တာ ကျောက်မီးသွေးဆိုတာ နေပူရင် သူ့အလိုလို မီးလောင် တတ်တယ်တဲ့။ အခုလည်း အဲလိုပဲဖြစ်တာတဲ့” ဟု ဗဟိုမီးသတ် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။


မီးလောင်ခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ထိုသို့ ကွဲလွဲချက်များ ဖြစ်နေရခြင်းကို “တာဝန်ရှိတာက ဆိပ်ကမ်းမှာ ရှိတာပေါ့။ အဲဒီသစ်တွေက ရောင်းပြီးသားလည်း ကြားတယ်။ တယောက်တမျိုးတော့လည်း ပြောနေကြတာပေါ့နော့။ ဆိုတော့ကာ လျော်ရမှာက ဆိပ်ကမ်းလေ။ ဒါကြောင့်မို့ တရားခံကို ဖျောက်ဖို့ လုပ်နေတာလေ။ အခု တရားခံ မရှိဘူးလေ” ဟု ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။


ထို့ပြင် မီးလောင်မှုကို မျက်မြင်တွေ့ခဲ့ရသည့် ဦးပိုင် ကုမ္ပဏီ လိမိတက်မှ အငြိမ်းစား ဗိုလ်ကြီးတဦးကလည်း “ဆိပ်ကမ်း မှာ လောင်တဲ့မီး ဆိပ်ကမ်းတာဝန်ခံတွေမှာ တာဝန်ရှိတာပေါ့ဗျာ။ အခုကတော့ လူတယောက် ဆေးလိပ်သောက်သွား တာက ကျကျန်ခဲ့တဲ့ မီးပွါးကြောင့် မီးလောင်မှုဖြစ်တယ် ဆိုတာကတော့ တရားလွန်တယ်။ ကျနော်တို့ ဦးပိုင်ကလည်းကျောက်မီးသွေး လုပ်ဖူးပါတယ်။ ကျောက်မီးသွေးက နေပူရင် အဲလိုပဲ မကြာခဏ မီးလောင်တာပဲလေ။ သူက ဖြစ် တတ်တာပဲ။ တာဝန်ယူရမှာကို တာဝန်ယူပါ။ ဆိပ်ကမ်း အသုံးမကျလို့ ဖြစ်တာပဲဗျာ။ အသိသာကြီး” ဟု အမည်မဖေါ်လိုသော အငြိမ်းစား ဗိုလ်ကြီးတဦးက မဇ္ဈိမကို ပြောသည်။


ဗဟိုမီးသတ်၏ အင်္ဂါနေ့နံနက်က ဆုံးရှုံးမှုတန်ဖိုးကို ဖော်ပြရာတွင်

မီးလောင်ခြင်းခံရသည့် ကျောက်မီးသွေးတန်ဖိုးကိုမူဖေါ်ပြထားခြင်း မရှိပေ။


အဆိုပါ မီးလောင်မှုကြောင့် အရေးယူမည့်သူကိုမူ စုံစမ်းဆဲဟု ဗဟိုမီးသတ် ဦးစီးဌာန မှတ်တမ်းတွင် ဖေါ်ပြထားသည် ကို တွေ့ရသည်။


ကျောက်တန်းရဲစခန်းမှ အဆိုပါအမှုကို ပ(၁၁၅)/၂ဝ၁၂ /ပုဒ်မ ၂၈၅(ပေါ့ဆမှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


မီးလောင်ရာသို့ မီးသတ်ကား၊ ရေသယ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်၊ အကူယာဉ် စုစုပေါင်း ၅၈ စီး၊ မီးသတ် တပ်သားနှင့် အရန်တပ်သား ၄၄၇ ဦး၊ ကြက်ခြေနီ ၆ ဦး တို့လည်း မီးလောင်ပြင်တွင် သွားရောက်ငြှိမ်းသတ်ခဲ့ကြရသည်။


သီလဝါ ဆိပ်ကမ်းဝင်းတွင် ပြည်ပမှ တင်သွင်းလာသော ကားစီးရေ ၁,၁၀၀ ခန့် ရှိရာ ယင်း ကားများကို ကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် ကြိုးစားခဲ့ရကြောင်း မီးငြိမ်းသတ်ခဲ့သူ တပ်သားတဦးက ပြောသည်။


“ကျနော်တို့ မီးငြိမ်းသတ်ခဲ့တဲ့ အချိန်ကြာခဲ့တယ်။ နိုင်ငံခြားက ကားတွေ အများကြီး။ မလောင်ရအောင် မနဲကြိုးစားရ တယ်။ မီးလောင်တဲ့ နေရာကို ဦးတေဇ ကုမ္ပဏီက လူတွေ လာတယ်။ ရေသန့်တွေ ချပေးသွားတယ်။ ခဏပဲ နေပြီးတော့ ပြန်သွားတယ်။ သူတို့ပိုင်တဲ့ သစ်လို့တော့ ပြောတာပဲ။ ကုမ္ပဏီကိုတော့ ထူး ဆိုတဲ့ အမည်ကို မပေးထားဘူး ခင်ဗျ။ CIFG တဲ့” ဟု ယင်း မီးသတ်ရဲဘော် က ပြောသည်။


မီးလောင်ရာ တဝိုက်တွင် လူနေရပ်ကွက်များ မရှိဘဲ ပေါက်ကွဲမှုလည်း တစုံတရာ မကြားသိရ၍ လူများ ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိကြောင်း ဗဟိုမီးသတ်ဌာနမှ ပြောသည်။

Source by :ရန်ကုန် (မဇ္ဈိမ) ။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။