Home » » ၂၀၁၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ပင်လယ်ထက်မှ နေ၀န်းနီဇာတ်ကား၊ ဆုငါးဆုဆွတ်ခူး

၂၀၁၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ပင်လယ်ထက်မှ နေ၀န်းနီဇာတ်ကား၊ ဆုငါးဆုဆွတ်ခူး

Written By မောင်စေတနာ on Friday, February 17, 2012 | 8:30:00 AM



၂၀၁၀ ပြည့်နှစ်အတွက် ရွေးချယ်ပေးအပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအား နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါမြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခင် နှစ်များနှင့်မတူ ထူးခြားသည့် အခမ်းအနား အပြင်အဆင်များနှင့် တင်ဆက်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် Digital Mapping စနစ်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ရွေး ချယ်ပေးအပ်ခဲ့ရာ၌ ၂၀၁၀ပြည့်နှစ်အတွင်း ရုံတင်ပြသခဲ့သည့်ရုပ်ရှင်ဇာတ်ကား ၁၅ကား အနက် ဟာသဇာတ်ကား ၁၁ ကားနှင့် ဒရာမာဇာတ်ကား လေးကားပါဝင်ပြီး အကယ်ဒမီပွဲ မတိုင်မီ အချိန်ကတည်းက ရေပန်းစားခဲ့သည့် ဇာတ်ကားများမှာ အာဒမ်ရယ် ဧ၀ ရယ် ဒသရယ်၊ အမေ့ကျေးဇူးဆပ်ဖူး ချင်တယ်၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ပင်လယ်ထက်က နေ၀န်းနီ ဇာတ်ကားများ ဖြစ်သည်ဟု သိရသည်။

အကောင်းဆုံး ဒါရိုက်တာဆု

၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် အကယ်မီအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ဒရာ မာဇာတ်ကားများ ဖန်တီးခဲ့သည့် ဒါရိုက်တာများကသာ အများဆုံးရေပန်းစားခဲ့ပြီး ပင်လယ်ထက်က နေ၀န်းနီဇာတ်ကားအား ဖန်တီးရိုက်ကူးခဲ့ သူဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က အကောင်းဆုံး ဇာတ်ကားဆု ရရှိသွားခဲ့သည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားတွင် နာကျည်းစိတ် ကလဲ့စားချေ လိုစိတ်များဖြင့် မိမိ ချစ်သူကိုပင် အသုံးချကာ အနိုင်ရရှိ ရန်ကြိုးစားခဲ့ပြီး အဆုံးသတ်တွင် မိမိချစ်သူကိုပင် လက်လွှတ်ဆုံးရှုံးခဲ့ ရသူ မင်းထင်စည်အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင် ပြေတီဦးက ရရှိသွားခဲ့သည်။ ပြေတီဦးသည်၂၀၁၀ပြည့်နှစ် အတွင်း ရုပ်ရှင် ဇာတ်ကားခြောက်ကား၌ ပါဝင်ထားခဲ့ပြီး ပထမဆုံး အကယ်ဒမီဆုအဖြစ် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကား၌ ချစ်သူ၏အနိုင် ယူမှုမှန်သမျှ ခွင့်လွှတ် နားလည်ပေးသော်လည်း မိမိကိုအသုံးချနေသည်ကို သိရှိသွားပြီးနောက် ချစ်စိတ်မှသည် အမုန်းအဖြစ်သို့ ပြောင်းလဲသွားကာ မိမိ အပေါ် အနွံတာခံကာ ချစ်မြတ်နိုးသူကို ပြောင်းလဲချစ်မိသွားသည့် ငွေလသာအဖြစ် ပထမဆုံးအကယ်ဒမီဆုကို သက်မွန်မြင့်က ဆွတ်ခူးရရှိခြင်း ဖြစ်သည်။

အကောင်းဆုံးအမျိုးသား/အမျိုးသမီးဇာတ်ပို့ဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကားတွင် ညီမလေးဖြစ်သူကို အချစ်ပို၍ ကောင်းစားစေလိုသည့် စိတ်ဖြင့် ချမ်းသာသူနှင့် နီးစပ်စေလိုပုံ၊ သူငယ်ချင်းဖြစ်သူနှင့် လက်ထပ်ဖြစ်သွားသည့်အခါတွင်လည်း ကရုဏာဒေါသ ဖြစ်ရပုံ၊ ညီမလေးကွယ်လွန်ပြီးနောက် ကျန်ခဲ့သည့် တူမဖြစ်သူကိုလည်း စောင့်ရှောက်ကာကွယ်ရင်း တူမ၏ဖခင်အရင်း မိမိသူငယ်ချင်း လာပြန်ခေါ်သည့် အခါ နာကျည်းစိတ် ဖြစ်ရပုံကိုပုံဖော်ထားသည့် သရုပ်ဆောင်ဝေဠုကျော် က ရရှိသွားခဲ့သည်။

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ဇာတ်ကား တွင် ကံဆိုးသည့် တူမလေးကို အသနားပိုကာ အနစ်နာခံစောင့်ရှောက်ရသည့် အဒေါ်အဖြစ် ပီပြင်ခဲ့သည့် ၀ါဝါအောင် ဆွတ်ခူးသွားခဲ့သည်။

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံကို ဆလုံကျွန်း၏ အလှအပ၊ ရေအောက် ရိုက်ချက်ဆန်းများဖြင့် အကောင်းဆုံး ရိုက်ကူးပုံဖော်ခဲ့သည့် ‘ပင်လယ်ထက် ကနေ၀န်းနီ’ ဇာတ်ကား၏ ဓာတ်ပုံဖန်တီးရှင် ဒါရိုက်တာပန်းချီစိုးမိုး ရရှိခဲ့သည်။ ဒါရိုက်တာပန်းချီစိုးမိုးသည် ၂၀၀၂ခုနှစ်တွင် ‘ငါသူတစ်ပါး ယောက်ျားမိန်းမ’ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာဆု ရရှိခဲ့ပြီးဖြစ်သည်။

အကောင်းဆုံးရုပ်ရှင်တေးဂီတဆု

ယခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် တေးဂီတဆုကို ‘အငိုမျက်လုံး အပြုံးမျက်နှာ’ဇာတ်ကားတွင် မြန်မာ့ဆိုင်းဝိုင်းနှင့်အငြိမ့် ဇာတ်သဘင် ဇာတ်ဝင်ခန်းများ၌ အကောင်းဆုံး ပုံဖော်တီးခတ်ခဲ့သည့် မြန်မာပြည် ကျောက်စိမ်းက ရရှိခဲ့သည်။ မြန်မာပြည်ကျောက်စိမ်းသည် ပထမဆုံး အကယ်ဒမီဆုအဖြစ် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု

၂၀၁၀ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုအဖြစ် ပင်လယ်ထက်က နေ၀န်းနီဇာတ်ကား၏ ဇာတ်ညွန်း ရေးသားသူ ခင်မောင်ဦး၊စိုးသိမ်းထွဋ်က ရရှိသွားခဲ့သည်။

အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ပင်လယ်ထက်က နေ၀န်းနီ ဇာတ်ကားအား တည်းဖြတ်ခဲ့သူ ဦးမြင့်ခိုင်က ရရှိသွားခဲ့သည်။ ဦးမြင့်ခိုင်သည် သူ့ကျွန်မခံပြီ၊ ငါသူတစ်ပါးယောက်ျား မိန်းမဇာတ်ကားများတွင်လည်း တည်းဖြတ်ဆုများ ရရှိခဲ့သည်။

အကောင်းဆုံးဇာတ်ကားဆု

၂၀၁၀ပြည့်နှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် အကောင်းဆုံးဇာတ်ကား Heart and Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ အာဒမ်ရယ်ဧ၀ရယ်ဒသရယ် ဇာတ်ကားက ရရှိသွားခဲ့သည်။

ဆုချီးမြှင့်ခြင်း မပြုနိုင်သည့်နှစ်များ

-၁၉၆၃ခုနှစ်

-၁၉၈၆

-၁၉၈၇

-၁၉၈၈

ဆုချီးမြှင့်ခဲ့သည့်နေရာများ

-ရန်ကုန်မြို့တော်ခန်းမ

-၀ိဇယရုပ်ရှင်ရုံ

-နတ်မောက်လမ်းရှိစက်မှုလက်မှု ကျောင်းဝင်း

-၀င်္ကပါလမ်းရှိရုပ်ရှင်ပြဇာတ် အစည်းအရုံးခြံဝင်း

-ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးအဖွဲ့ဝင်း မြက်ခင်းပြင်

-ဘုရားလမ်းရှိဂျူဗလီဟော ကွက်လပ်

-ပြည်လမ်းအသံလွှင့်ရုံစတူဒီယိုအေ

-မြန်မာ့အသံမြက်ခင်းပြင်

-အင်းလျားကန်ဟိုတယ်

-ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ

-သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ

-နေပြည်တော်လဟာပြင်ကဇာတ်ရုံ

အမျိုးသားများသာဆုပေးအပ်ခဲ့သည့် ခုနှစ်

၂၀၀၇

နှစ်ဆုပူးတွဲရရှိသူများနှင့် ရရှိခဲ့သည့် နှစ်များ

-ကျော်ရဲအောင်(သားသမီးဇနီး ကြင်ယာ)(အမျိုးသားဇာတ်ဆောင်ဆု) ၁၉၉၆ ခုနှစ်

-ရန်အောင်(အလင်းဖျော့ကောင်းကင်)(အမျိုးသားဇာတ်ဆောင်ဆု) ၁၉၉၆ ခုနှစ်

-ထက်ထက်မိုးဦး(ပန်းသခင်)(အမျိုးသမီးဇာတ်ဆောင်ဆု)၁၉၉၆

-မေသန်းနု(အလင်းဖျော့ကောင်းကင်)(အမျိုးသမီးဇာတ်ဆောင်ဆု) ၁၉၉၆

-ညွန့်ဝင်း(သူ့ကျွန်မခံပြီ)(အမျိုး သားဇာတ်ပို့ဆု)၁၉၉၇

-ဇင်ဝိုင်း(မြင့်မြတ်နှလုံးသား)(အမျိုး သားဇာတ်ပို့ဆု)၁၉၉၇

-မင်းမော်ကွန်း(နှလံးလှလူမိုက်)(အမျိုးသားဇာတ်ဆောင်ဆု)၂၀၀၁

-လွင်မိုး(ပန်းတစ်ပွင့်ဖန်ဆင်းခြင်း) (အမျိုးသားဇာတ်ဆောင်ဆု)၂၀၀၁

-မေသန်းနု(ချစ်ခြင်း၏အခြားမဲ့၌) (အမျိုးသမီးဇာတ်ဆောင်ဆု)၂၀၀၁

-ထက်ထက်မိုးဦး(သမီးမိုက်)(အမျိုးသမီးဇာတ်ဆောင်ဆု)၂၀၀၁

-မေသဉ္ဇာဦး(နှလုံးလှလူမိုက်)(အမျိုးသမီးဇာတ်ပို့ဆု)၂၀၀၁

-စိုးမြတ်နန္ဒာ(အချစ်ကိုမွေးဖွားခြင်း) (အမျိုးသမီးဇာတ်ပို့ဆု)၂၀၀၁

-ငါသူတစ်ပါးယောက်ျားမိန်းမ (ဇာတ်ကားဆု)၂၀၀၂

-ဆန်ရေ(ဇာတ်ကားဆု)၂၀၀၂

-ပန်းချီစိုးမိုး(ငါသူတစ်ပါး ယောက်ျားမိန်းမ)(ဒါရိုက်တာဆု)၂၀၀၂

-ကြည်စိုးထွန်း(ဆန်ရေ)(ဒါရိုက်တာဆု)၂၀၀၂

ဆုရွေးချယ်ရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ

ဇာတ်ကားများကိုကြည့်ရှု လေ့လာအကဲဖြတ်ရာ၌ မူလက သတ်မှတ်ထားသော စံချိန်စံညွှန်းဟူ၍ မရှိဘဲ အဖွဲ့ဝင်အသီးသီးက မိမိတို့ခံစားချက်အရ ကြိုက်နှစ်သက်ရာကို မဲပေး ရွေးချယ်ခဲ့ကြသည်။ ၁၉၅၇-၅၈ ခုနှစ်တွင်မှ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ သခင်ဘသောင်း ဦးစီးပြီး အဖွဲ့ဝင်ဦးခင်မောင်လေးနှင့် အဖွဲ့က စံချိန်စံညွှန်းမူကြမ်းကို ရေးဆွဲအတည်ပြု သတ်မှတ်ခဲ့။

-ဆုတစ်မျိုးစီအတွက် သီးခြားသတ်မှတ် စံချိန်စံညွှန်းထားရှိ။

-ဇာတ်ကားဆုနှင့် ဒါရိုက်တာဆုအတွက် ရွေးချယ်ရာ၌ ဆုအားလုံးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်လွှမ်းခြုံစဉ်းစား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်း မဟုတ်သော ပင်ကို မူရင်းဇာတ်လမ်း၊ ဇာတ်ကားတွင် ပါဝင်သော သရုပ်ဆောင်များကို အံဝင်ခွင်ကျထားသိုနိုင်ရန်။ ၀တ်စား ဆင်ယင်မှု မှန်မမှန်၊ သရုပ်ဆောင် အမူအရာတိကျမှုရှိမရှိ၊ တစ်ဦးနှင့် တစ်ဦး အချိတ်အဆက် မိမိစသည်များ ထည့်သွင်းစဉ်းစား

- ဓာတ်ပုံ၊ အသံ၊ ဆေးစိမ်၊ ကားကူး ကောင်းမကောင်း စသည့်စက်မှုပိုင်းဆိုင်ရာ အရည်အသွေး

- ဆီလျော်သော နောက်ခံတေးဂီတ၊ ဇာတ်ရှိန်ကို မြှင့်တင်ပေးသည့် သီချင်း။ စသည်ဖြင့် အဘက်ဘက်က ထည့်သွင်း စဉ်းစားပြီးမှ ရွေးချယ် ချီးမြှင့်ခဲ့။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။