ပြည့်တန်ဆာ လုပ်ရန် အတင်းအကျပ် ဖိအားပေးမှုကို ငြင်းဆန်သဖြင့် ခင်ပွန်းမိသားစုဝင်များ၏ နှိပ်စက်ညှဉ်းပန်းမှုခံရသည့် အသက် ၁၅ နှစ်အရွယ် အာဖဂန်မိန်းကလေး တစ်ဦးကို ဆေးရုံတွင်ကုသပေးနေပြီး အခြေအနေမှာ ဆိုးရွားနေကြောင်း အကူအညီပေးရေး လုပ်သားများက ပြောကြားခဲ့သည်။
အသက် ၃၀ နှစ်အရွယ် အမျိုးသား တစ်ဦးကို ပြီးခဲ့သော ခုနစ်လခန့်က လက်ထပ်ထားရသော Sahar Gul အမည်ရ ယင်းဆယ် ကျော်သက်မှာ ခင်ပွန်းမိသားစုဝင်များ၏ အိမ်မြေအောက်ထပ်၌ ပိတ်လှောင်ခံထားရကြောင်း၊ အစာအငတ်ထားပြီး လက်သည်းခြေသည်းများ ခွာထုတ်ခံရခဲ့ကြောင်း သတင်းရရှိသဖြင့် ရဲတပ် ဖွဲ့က ပြီးခဲ့သောလတွင် ကယ်တင် ခဲ့ကြောင်း သိရသည်။ Sahar မှာဘေးကင်းပြီဖြစ်သော်လည်း တစ်ကိုယ်လုံးမှာ နှိပ်စက်ခံထားရခြင်းကြောင့် လှုပ်ရှားနိုင်ရန်ပင် မတတ်နိုင်ကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် တစ်ကိုယ်လုံးတွင် ညိုမဲနေကြောင်း အာဖဂန်အမျိုးသမီးကွန်ရက်မှ Wazhma Frogh က ပြောကြားခဲ့သည်။
နှိပ်စက်ခံရမှုကြောင့် မျက်လုံးများတွင် ဒဏ်ရာများရခဲ့သလို စကားမပြောနိုင်ကြောင်း၊ ဆံပင်များလည်း ဖြတ်ပစ်ခံရကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များလည်း ရရှိခဲ့ကြောင်း၊ မည်သူ့မှ ၎င်းကိုလာထိခြင်းကို မခံတော့ကြောင်း Froghက ပြောကြားခဲ့သည်။ အာဖဂန်မြောက်ပိုင်းရှိ Baghlan ပြည်နယ်မှ ယင်းဆယ်ကျော်သက်မှာ လက်ထပ်ပြီးနောက် လအတော်ကြာပျောက်နေသည်ကို ၎င်း၏မိဘများက တိုင်ကြားရာမှ ရဲတပ်ဖွဲ့က စုံစမ်းကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ Sahar ၏ယောက္ခမနှစ်ဦးနှင့် အခြားတစ်ဦးကို ဖမ်းဆီးထားသော်လည်း ၎င်း၏ယောက်ျားမှာ ဟယ်လ်မန်ပြည်နယ်တွင် စစ်သားလုပ်နေ သည်ဟုသိရပြီး မဖမ်းမိသေးကြောင်း သိရသည်။
Source by :Ref:CNN
http://first-11.com

0 comments:
Post a Comment