Home » » လီဗာပူးလ်နဲ့ မန်ယူ အက်ဖ်အေဖလား စတုတ္ထအကျော့မှာ ဆုံ

လီဗာပူးလ်နဲ့ မန်ယူ အက်ဖ်အေဖလား စတုတ္ထအကျော့မှာ ဆုံ

Written By မောင်စေတနာ on Wednesday, January 11, 2012 | 1:00:00 AM



ယမန်နေ့ညက အက်ဖ်အေပွဲစဉ်တွေ ယှဉ်ပြိုင်အပြီးမှာ စတုတ္ထအဆင့် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အိုဟမ် အသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာမန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။

မန်ယူအသင်းဟာ မန်စီးတီးအသင်းကို ၃-၂ နဲ့နိုင်ပြီး ခက်ခက်ခဲခဲနဲ့ နောက်တဆင့်ကို တက်ရောက်လာပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အန်ဖီးကွင်းကို သွားရောက်ပြီး လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်လို့ ကြည့်ကောင်းဦးမယ့်ပွဲ ဖြစ်လာမှာပါ။

ချယ်လ်ဆီးအသင်းကတော့ နောက်တဆင့်မှာ ကျူပီအာ သို့မဟုတ် အမ်ကေ ဒွန်းစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆန်ဒါးလန်းအသင်းကတော့ ဒါဘီပြိုင်ဘက် မစ်ဒယ်ဘရော့အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

နောက်တဆင့် တက်ရောက်ပြီးဖြစ်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်နဲ့ လိဒ်ယူနိုက်တက် အသင်းထဲက နိုင်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါတယ်။ ယနေ့ညမှာတော့ ပရီးမီးယားလိဂ်အသင်းတွေ တွေ့ဆုံတဲ့ အဲဗာတန်နဲ့ ဖူဟမ်၊ နော်ဝစ်နဲ့ ၀က်စ်ဘရွန်း ပွဲစဉ်တွေကန်ဖို့ ကျန်ရှိပါသေးတယ်။

အက်ဖ်အေဖလား စတုတ္ထအကျော့မှာ ပရိသတ် စိတ်အ၀င်စားဆုံးဖြစ်လာမယ့် လီဗာပူးလ်နဲ့ မန်ယူ ထိပ်တိုက်ပွဲစဉ်မှာ ဆွာရက်စ် ၈ ပွဲ ပယ်ခံထိထားလို့ ၀င်ရောက်မကစားနိုင်ပေမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာကန်မယ့် ပရီးမီယားလိဂ် ပွဲစဉ်မှာ ပြန်လည်ဝင်ရောက် ကစားနိုင်မှာဖြစ်ပါတယ်။ ယခင်တပတ်က ဆွာရက်စ်ရဲ့အမှုနဲ့ပတ်သတ်ပြီး လီဗာပူးလ်အသင်းက အယူခံဝင်တော့မှာ မဟုတ်ကြောင်း ကြေညာအပြီး မန်စီးတီး အသင်းအား ၃-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်ကစပြီး ၀င်ရောက် မကစားခဲ့ပါဘူး။ ထို့အတူ နှစ်ဖက်အသင်း ဆက်ဆံရေး ပြန်ကောင်းစေဖို့ လီဗာပူးလ် အသင်းရဲ့ ကမ်းလှမ်းချက်ကိုလည်း ဆာအဲလက်စ်ဖာဂူဆန်က ငြင်းပယ်ခဲ့တာကြောင့် နှစ်ဖက်အသင်းအကြား တင်းမာမှုဟာ လျော့သွားဖွယ်မရှိဘဲ အကြိတ်အနယ် ယှဉ်ပြိုင်မယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။

ဒီနှစ်သင်းဟာ ယခင်နှစ်တုန်းကလည်း အက်ဖ်အေဖလား တတိယအဆင့်မှာ တွေ့ဆုံခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းဟာ လီဗာပူးလ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကလည်း ဒီနှစ်သင်းဟာ အက်ဖ်အေဖလားမှာ တွေ့ဆုံခဲ့ပြီး ပီတာခရော့ခ်ျရဲ့ဂိုးနဲ့ လီဗာပူးလ်အသင်းက အနိုင်ရရှိခဲ့ဖူးပါတယ်။

မနေ့က မန်စီးတီးကို နှစ်ဂိုးသွင်းခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရွန်နီကတော့ “တကယ့်ကို နောက်ထပ် ပွဲကြီးပွဲကောင်း တွေ့ဆုံမှုပါပဲ။ အန်ဖီးကို သွားရောက်ယှဉ်ပြိုင်ဖို့ စောင့်တောင်မစောင့်နိုင်တော့ပါဘူး” ဆိုပြီး ပြောသွားပါတယ်။ အလားတူ လီဗာပူးလ် ကွင်းလယ်ကစားသမား ချာလီအဒမ်ကလည်း “မန်ယူကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲပါ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ အက်ဖ်အေပွဲစဉ် ဖြစ်လာမှာပါ” ဆိုပြီး ပြောဆိုသွားပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ဒါဘီ တွေ့ဆုံမှုဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ မစ်ဒယ်ဘရော့တို့ ပွဲစဉ်နဲ့ပတ်သတ်ပြီး ဆန်းဒါးလန်းနည်းပြသစ် မာတင်အိုးနေလ်ကလည်း “ခက်ခဲတဲ့ပွဲတပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ကျနော်တို့ အိမ်ကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ အကယ်ဒမီက ထွက်လာတဲ့ လီကတ်တာမိုးဟာ သူ့အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံတာ ဖြစ်ပါတယ်” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အက်ဖ်အေဖလား စတုတ္ထအကျော့ ပွဲစဉ်များ

လီဗာပူးလ် – မန်ချက်စတာယူနိုက်တက်
ဘရိုက်တန် – နယူးကာဆယ်
ဆန်းဒါးလန်း – မစ်ဒယ်ဘရော့
ဒါဂျန်ဟမ် (သို့) မယ်ဝေါ – ဆောက်သမ်ပတန်
အမ်ကေ ဒွန်းစ် (သို့) ကျူပီအာ – ချယ်လ်ဆီး
ဝက်စ်ဘရွန်း – နော်ဝစ်
ဘလက်ပူးလ် – ရှက်ဗီး ၀က်စ်ဒေး
အာဆင်နယ် (သို့) လိဒ် – အက်စတွန်ဗီလာ
စတီဗန်နေ့ခ်ျ – နော့စ်ကောင်တီ
ဝက်ဖော့ – တော့တမ်ဟမ်
ဒါဘီ – စတုတ်
အဲဗာတွန် – ဖူဟမ်
မန်ကလက်စ်ဖီး (သို့) ဘော်တန် – ဆွမ်ဆီး
ရှက်ဖီး ယူနိုက်တက် (သို့) ဘာမင်ဟမ် – ၀ိုဗ့်စ်
နော့တင်ဟမ် (သို့) လဲဆက်စတာ – ဆွင်ဒန်

မှတ်ချက် ။ ။ စတုတ္ထအကျော့ ပွဲစဉ်တွေကို ဇန်န၀ါရီ ၂၈၊ ၂၉ ရက် နေ့တို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Source by :http://burma.irrawaddy.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။