ပြည်တွင်းရေပိုင်နက်အတွင်း ရှိ SE-ME-WE 3 ရေအောက် ကေဘယ်လ်ဆက်ကြောင်း ပြတ်တောက်မှုအား ပြင်ဆင်ပြီးသော်လည်း စင်ကာပူနိုင်ငံအနီးရှိ ရေအောက်ဆက်ကြောင်း ချွတ်ယွင်းမှုကြောင့် အင်တာနက် ကွန်နက်ရှင်နှေးကွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာပြည်အတွင်းသို့ ချိတ်ဆက်ထားသည့်SE-ME-WE 3 ဖျာပုံ ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်အချိန်မှ စတင် ၍ ရေအောက် အင်တာနက်ဆက်ကြောင်း ချွတ်ယွင်းမှုကြောင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရတနာပုံတယ်လီပို့ ၏ ထုတ်ပြန်ကြေငြာချက်များ အရ သိရပြီး ထိုသို့ အင်တာနက် ကွန်နက်ရှင်နှေးကွေးမှုမှာ လနှင့်ချီ၍ ကြာမြင့်ခဲ့သည်။
“လောလောဆယ် ကျွန်တော်တို့နိုင်ငံအပိုင်းမှာ ပျက်တဲ့ SE-ME-WE 3 ရေအောက် ကေဘယ်လ်ကြိုး ကိုတော့ ပြင်ပြီးသွားပေမယ့် စင်ကာပူဘက်မှာ ပျက်နေတဲ့အပိုင်း ရှိသေးတဲ့အတွက် အဲဒီအပိုင်းပြင်ပြီးမှပဲ ကွန်နက်ရှင်တွေ ပုံမှန်အတိုင်း ပြန်ဖြစ်မှာပါ။ အခုကတော့ ကွန်နက်ရှင်တွေ နှေးနေဦးမှာပါ။ အချိန်ကာလ အတိအကျတော့ မပြောနိုင်သေးပါဘူး။ အင်တာနက်ကွန်နက်ရှင်တွေ ဒီထက်ပိုကောင်းအောင် စီစဉ်သွားဖို့ ပရောဂျက်အသစ်တွေလည်း လုပ်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ SE-ME-WE 3 ရေအောက် ကေဘယ်လ်ဆက်ကြောင်းမှာ ပြည်တွင်းသို့ ဆက်သွယ်ထားသည့် အင်တာနက်ဆက်ကြောင်းလိုင်း လေးလိုင်းရှိသည့်အနက် အခြားကုန်းတွင်းဆက်ကြောင်းလိုင်း သုံးလိုင်းထက် အဓိကကျသည့် ဆက်ကြောင်းဖြစ်သည်ဟု သိရသည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment