Home » , » မင်းသမီးဈေးကွက်၊ ရပ်တည်မှု အနေအထားနဲ့ အနုပညာအပေါ် မင်းသမီးတွေ ဘယ်လိုခံယူထားလဲ

မင်းသမီးဈေးကွက်၊ ရပ်တည်မှု အနေအထားနဲ့ အနုပညာအပေါ် မင်းသမီးတွေ ဘယ်လိုခံယူထားလဲ

Written By မောင်စေတနာ on Tuesday, December 6, 2011 | 8:40:00 PM



ဇာတ်ကားတစ်ကား ကောင်းဖို့ဆိုတာ ဇာတ်ကားတစ်ကားလုံးရဲ့ အဓိကတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာက စလို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ သရုပ်ဆောင် ၊ ကင်မရာမန်း၊ အသံဖမ်း၊ တည်းဖြတ်၊ မီးထိုးမှန်ထိုး၊ ရှုတင်မန်နေဂျာ၊ သူ့နေရာနဲ့သူ အရေးပါကြတာချည်းပါပဲ။ ဘယ်သူ့ကားဖြစ်ရင် ပြီးရောဆိုတဲ့ အမြင်တွေကလည်း အခုချိန်မှာ ပြောင်းလဲသွားပါပြီ။ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက်အတွင်းမှာ ဈေးကွက်ဝင် မင်းသမီး ရှားပါးမှု၊ မင်းသမီးရဲ့ ရိုက်ရက်ပေးတာ နည်းပါးမှု၊ ဈေးနှုန်းအပြောင်းအလဲ စတဲ့ စကားသံတွေ အစုံအလင်နဲ့ မင်းသမီးတွေရဲ့ ရပ်တည်မှုနဲ့ ပတ်သက်လို့ ဝေဖန်သံအစုံ ကြားနေရပါတယ်။ ဒါကြောင့် လက်ရှိဈေးကွက်အတွင်းမှာ လှုပ်ရှားနေကြတဲ့ မင်းသမီးတွေကို မင်းသမီးဈေးကွက်၊ ရပ်တည်မှုအနေအထားနဲ့ အနုပညာ ခံယူချက်တွေကို မေးဖြစ်တဲ့အခါမှာတော့…

သက်မွန်မြင့်

သက်မွန်တို့ လက်ရှိဈေးကွက် အနေအထားကတော့ မင်းသား အဓိကဖြစ်တဲ့ ဈေးကွက်ပါပဲ။ ဒါပေမယ့် ပရိသတ်ရဲ့အမြင်ကတော့ ပြောင်းသွားပြီလို့ ထင်တယ်။ ဒီမင်းသားပါမှ ကြည့်မယ်ဆိုတာမျိုးထက် ဇာတ်ကား ကောင်းတာကို ရွေးကြည့်မယ်ဆိုတဲ့ ပရိသတ်ကတော့ ပိုများလာပြီပေါ့။ ဒီတော့ပါဝင်တဲ့သူ အားလုံးက သူ့နေရာနဲ့သူတော့ အရေးပါတာပဲလို့ ထင်ပါတယ်။ ဇာတ်ကားတစ်ကား ကောင်းဖို့ဆိုတာ ပါဝင်ကြသူတွေ အားလုံးတက်ညီလက်ညီ ကြိုးစားကြဖို့ လိုတာမဟုတ်လား။ အခု နောက်ပိုင်း မင်းသမီးတွေရဲ့ဈေးကွက် ပြောင်းလာတယ်ဆိုတာက မင်းသားသစ်တွေ အများကြီး ဈေးကွက်ထဲကို ရောက်လာတယ်။ ဒီအခါမှာ ပရိသတ်လက်ခံပြီးသား မင်းသမီးတွေနဲ့ တွဲပြီး ဇာတ်ကားရိုက်ကူးကြတယ်။ ဒီတော့ မင်းသမီးဈေးကွက်ကလည်း ပြောင်းလာတယ်လို့ ဆိုမှာပေါ့။ ဒါပေမယ့် ဒီအပေါ်မှာပဲ သက်မွန်တို့ သာယာနေလို့ မရပါဘူး။ သက်မွန်တို့ အနုပညာရှင်တွေရဲ့တာဝန်က ကြိုးစားနေဖို့ပါပဲ။ ရိုက်ရက်ပေးတယ်ဆိုတာ လည်း သက်မွန်ကတော့ ဇာတ်ကား တစ်ကားအတွက် တကယ်လုံလောက်တဲ့ အချိန်မျိုးကိုပဲ ပေးပါတယ်။ အချိန်တိုတိုနဲ့ ကားပြီးရင်ပြီးရောရိုက်ပြီး ပရိသတ်ကြည့်တဲ့အခါ ကြည့်ရကျိုးမနပ်ဘူး ဆိုတာမျိုးလည်း မဖြစ်ချင်ပါဘူး။ သက်မွန် နားလည်ထားတာက အခုချိန်မှာ သက်မွန်တို့အတွက် ကြိုးစားဖို့ အခွင့်အလမ်း ပိုရှိနေပြီ။ ဒီအတွက် ပိုပြီးကြိုးစားရမယ်လို့ နားလည်ပါတယ်။

ခိုင်သင်းကြည်

မခိုင်လေးတို့ ဒီအနုပညာလောကထဲစပြီး ၀င်လာခဲ့စဉ်ကတည်းကလည်း ၀ါသနာကို အရင်းခံပြီး ၀င်လာခဲ့တာပေါ့လေ။ ငွေကြေးလိုချင်လို့၊ အောင်မြင်ချင်လို့၊ ကျော်ကြားချင်လို့ ဆိုတာမျိုးတွေ မဟုတ်ဘူး။ တကယ့်ကို ၀ါသနာပါလို့ကို ဒီအလုပ်ကိုလုပ် ဖြစ်ခဲ့တာ။ ဒီတော့ ၀ါသနာအရင်းခံပြီး လုပ်တဲ့အလုပ် ဖြစ်တဲ့အတွက် စေတနာလည်း အပြည့်အ၀ထားတာကြောင့် အခုလောက် သက်တမ်းကာလ တစ်လျှောက်လုံးလည်း မခိုင်လေးအနေနဲ့ ရပ်တည်နိုင်တာပေါ့လေ။ အခု မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်နေရပေမယ့် နောင်အသက်ကြီးလာလို့ အခြေအနေ အချိန်အခါအရ ဇာတ်ပို့ဇာတ်ရံအဖြစ် ရိုက်ရမယ်ဆိုလည်း ရိုက်မှာပါပဲ။ အခုဈေးကွက်ထဲမှာ မင်းသမီးရှားပါးတယ်၊ ရိုက်ရက်နည်း သွားတယ် စသဖြင့်တွေ ပြောကြတယ်။ မခိုင်လေးတို့အနေနဲ့တော့ အပျိုဘ၀ ကတည်းက လည်း ပေးလာတဲ့ရိုက်ရက်က ဒီပုံစံပါပဲ။ ဈေးနှုန်းဆိုတာလည်း ဘာမှမပြောင်းလဲပါဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်က ဈေးနဲ့တော့ အခုက မတူဘူးပေါ့လေ။ ကိုယ်ထိုက်သင့်တဲ့ ယူသင့်တဲ့ဈေးတစ်ခုကို ယူပြီးသားပဲလေ။ ဒီတော့ မခိုင်လေး အနေနဲ့ကတော့ ၀ါသနာအရင်းခံပြီး လုပ်ဖြစ်တဲ့ ဒီအလုပ်မှာ စေတနာအပြည့်ထားပြီး လုပ်ဖြစ်တယ် လို့ပဲပြောချင်ပါတယ်။

အခုခေတ်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားကြတဲ့ကလေးတွေ လုပ်စရာကိုင်စရာလေးတွေ နည်းလမ်းတွေ အခွင့်အလမ်းတွေ ပိုများတာပေါ့ နော်။ မော်ဒယ်လ်လျှောက်မလား၊ ဗီစီဒီရိုက်မလား၊ ကြော်ငြာရိုက်မလား စသဖြင့် အခွင့်အလမ်းတွေတော့ မခိုင်ကြီးတို့ ခေတ်နဲ့ယှဉ်မယ်ဆိုရင် ပိုများလာတယ်။ ဒါပေမယ့် အခုဝင်တဲ့ ကလေးတွေက လုပ်စရာတွေများတဲ့အပေါ်မှာ အာရုံတွေများပြီး တစ်ခုတည်းအပေါ် အပြည့်အ၀ အာရုံစိုက်နိုင်တာလေးတွေ နည်းနေတယ်လို့ မြင်ပါတယ် . .

ထွန်းအိန္ဒြာဗို

မခိုင်ကြီးတို့ မင်းသမီးဖြစ်ဖို့ စပြီးကြိုးစားခဲ့စဉ် ကတည်းကလည်း လွယ်လွယ်ကူကူနဲ့ နေရာတစ်နေရာ ရလာခဲ့တာမဟုတ်ဘူး။ စလုပ်ခဲ့စဉ် ကတည်းကလည်း ဒီအနုပညာအလုပ်ကို တကယ်ရူးသွပ်လို့၊ ၀ါသနာပါလို့၊ မြတ်နိုးလို့ လုပ်ခဲ့တာ။ ဒီအတွက် ကိုယ့်ဘက်က လုပ်နိုင်တဲ့ အတိုင်းအတာ ကုန်အောင်လုပ်တယ်။ အစွမ်းအစ ကုန်တဲ့အထိ ကြိုးစားခဲ့ရပါတယ်။ အခုခေတ် ကလေးတွေကတော့ လုပ်စရာကိုင်စရာလေးတွေ နည်းလမ်း တွေအခွင့်အလမ်းတွေ ပိုများတာပေါ့နော်။ မော်ဒယ်လ်လျှောက်မလား၊ ဗီစီဒီရိုက်မလား၊ ကြော်ငြာရိုက်မလား စသဖြင့် အခွင့်အလမ်းတွေတော့ မခိုင်တို့ခေတ်နဲ့ ယှဉ်မယ်ဆိုရင် ပိုများလာတယ်။ ဒါပေမယ့် အခုဝင်တဲ့ ကလေးတွေက လုပ်စရာတွေများတဲ့အပေါ်မှာ အာရုံတွေများပြီး တစ်ခုတည်းအပေါ် အပြည့်အ၀ အာရုံစိုက်နိုင်တာလေးတွေ နည်းနေတယ်လို့ မြင်ပါတယ်။ မင်းသားအသစ်ကလေးတွေလည်း အများ ကြီးဝင်လာကြတဲ့အခါ ဈေးကွက်ဝင်ပြီးသား မင်းသမီးငယ်လေးတွေလည်း ရိုက်ရက်လေးတွေ ကျပ်တာမျိုးတွေ ကြားရပါတယ်။ မခိုင်တို့အနေနဲ့ကတော့ ရိုက်ကူးရက်ကိုလည်း လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ကြိုပြီးပေးပြီးသား ရက်ဖြစ်တဲ့အတွက် မပြောင်းလဲသလို ဈေးနှုန်းလည်း ဘာမှမပြောင်းလဲပါဘူး။

ချစ်သုဝေ

ထရီဇာ နားလည်ထားတာကတော့ ဇာတ်ကားတစ်ကား ရိုက်ကူးတယ်ဆိုတာ Team work တစ်ခုပါ ပဲ။ ဇာတ်ကားရဲ့ဇာတ်လမ်းကစလို့ ပါဝင်ဖန်တီးကြသူ အားလုံးမှာ တာဝန်ရှိကြတာလေ။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖန်တီးလို့မရတာမျိုးပေါ့။ ဒါကြောင့် အားလုံးကောင်းဖို့ လိုတယ်လို့ပဲ ခံယူထားပါတယ်။ ဘာကားလေးပဲဖြစ်ဖြစ် ကိုယ်ရိုက်လိုက်တဲ့ ကားလေးက ပရိသတ်ကြည့်တဲ့အခါ အတိုင်းအတာတစ်ခုထိ စိတ်ကျေနပ်သွားတာမျိုးလေးပဲ ဖြစ်စေချင်တယ်။ အဲဒီအတွက်ကား လက်ခံတဲ့အပိုင်းမှာ နည်းနည်းလေးတောူ့ limit လုပ်ထားတာမျိုးလေးတော့ ရှိတာပေါ့လေ။ ထရီဇာ့အနေနဲ့တော့ မင်းသားသစ်နဲ့ တွဲမရိုက်ဘူးဆိုတာ မျိုးတော့လည်းမရှိပါဘူး။ ထရီဇာတို့ အသစ်ဘ၀တုန်းကလည်း လက်တွဲခေါ်ယူခဲ့ကြတာပဲလေ။ အဓိကတော့ ကိုယ်လက်ခံတဲ့ ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်ကို ကိုယ်ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာပဲ တွေးပါတယ်။

ဝတ်မှုံရွှေရည်

ကစ်ကစ်တို့ မင်းသမီးတွေ ရပ်တည်လှုပ်ရှားရတာ မလွယ်ပါဘူး။ ကိုယ့်ကို မင်းသမီးတစ်ယောက် အဖြစ် ပရိသတ်လက်မခံခင် ကာလမှာလည်း ကိုယ်တတ်နိုင်တဲ့ ကြိုးစားအားထုတ်မှုအရ အစွမ်းကုန် ကြိုးစားရပါတယ်။ မင်းသမီးတစ်ယောက်အဖြစ် ကိုယ့်ကိုပရိသတ်က လက်ခံသွားပြီဆိုတဲ့ အခါမှာလည်းရထားတဲ့ အားပေးမှုနေရာ တစ်နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကြိုးစားရပါတယ်။ ကစ်ကစ်ခံယူထားတာကတော့ ဘယ်အလုပ်ပဲ လက်ခံသည်ဖြစ်စေ ကိုယ်တစ်ယောက်တည်းကောင်းဖို့ ဆိုတာထက် ကိုယ်ရိုက်လိုက်တဲ့ ကားပေါက်သွားဖို့၊ ကြော်ငြာတစ်ခုဆိုလည်း လူသိသွားဖို့ ပေါက်သွားဖို့ စေတနာအပြည့် ထားပါတယ်။ အဓိကတော့ နှစ်ဦး နှစ်ဖက် win-win situation ဖြစ်ဖို့ အဓိက ထားတယ်ပေါ့နော်။ နောက်တစ်ခုက ကိုယ့်ကြောင့် ဘယ်သူ့ကိုမှတော့ စိတ်အနှောင့်အယှက် မဖြစ်စေချင်သလို ဘယ်အလုပ်ပဲလုပ်လုပ် စေတနာအပြည့်အ၀ ထားပြီးလုပ်တယ်။ ရိုက်ကူးရက်ပေးတယ်ဆိုလည်း ဒါရိုက်တာတွေ တောင်းတဲ့ရက်အတိုင်း ပေးခဲ့တာပါပဲ။ တချို့ဒါရိုက်တာတွေက ကားတစ်ကားကို ဆယ်ရက်တောင်းပေမယ့် တချို့ကားတွေမှာ ကစ်တို့ပါရမယ့် အခန်းကဏ္ဍက နည်းတဲ့အခါ ဒါရိုက်တာက ငါးရက်နဲ့အပြီးရိုက်တာမျိုး လည်းကြုံရပါတယ်။ ဒါကြောင့်ကစ် ကစ်အနေနဲ့ပြောချင်တာက မင်းသမီး တစ်ယောက်ဖြစ်တယ် ဆိုပေမယ့် အားလုံးနဲ့ညှိနှိုင်းပြီး လုပ်ရတဲ့အလုပ်ပါ။ ဘယ်အလုပ်ပဲဖြစ်ဖြစ်လည်း စေတနာထားပြီးပဲ လုပ်ဖြစ်ပါတယ်။ နောက်ကိုလည်း ဒီလိုစေတနာ အပြန်အလှန်ထားပြီး ညှိနှိုင်းလုပ်ကိုင်သွားမယ်၊ ကစ်တတ်နိုင်သလောက် ကစ်ကစ် မြတ်နိုးတဲ့ ဒီအလုပ်အတွက် ကြိုးစားသွား မယ်လို့ခံယူထားပါတယ်။

စိုးပြည့်သဇင်

စိုးပြည့်အနေနဲ့ မင်းသမီးဆိုတာထက် ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်တစ်ယောက်လို့ပဲ ခံယူထားပါတယ်။ စိုးပြည့်က ရိုက်ရက်ကိုလည်း ဗီဒီယိုဆို ၇ရက်၊ ဒီဗီဒီဆို ၁၀ ရက်၊ ကားကြီးဆို ၁၅ ရက်ကနေ ၂၀ ရက် အပြည့်အ၀ ပေးဖြစ်ပါတယ်။ စိုးပြည့် နားလည်ထားတာက ဇာတ်ကားတစ် ကားကောင်းဖို့ ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရပါဘူး။ ဒါရိုက်တာ၊ သရုပ်ဆောင်တွေက စလို့ မီးထိုးမှန်ထိုးအထိ အားလုံးအရေးပါ ကြတဲ့သူတွေ ချည်းပါပဲ။ ဒါကြောင့် ဇာတ်ကားတစ်ကား ကောင်းဖို့ ဆိုတာကအားလုံး ညီညွတ်ဖို့၊ စုစုစည်းစည်း နဲ့ ကြိုးစားဖို့လိုမယ်လို့လည်း ခံယူထားပါတယ်။ အခု မင်းသမီးတွေရှားတယ်၊ ရိုက်ရက်တွေကျပ်တယ် ဆိုတဲ့ သတင်းတွေတော့ ကြားပါတယ်။ စိုးပြည့်တစ်ဦးတည်း အနေနဲ့တော့ ရိုက်ရက်ပေးတယ်ဆိုလည်း အပြည့်ပဲပေးပါတယ်။ ကိုယ့်ရိုက်ကွင်းထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ သာရေးနာရေး ကိစ္စရှိလို့၊ ဒါမှမဟုတ်ရာသီဥတုရဲ့ ဖောက်ပြန်မှုကြောင့် ဆိုတဲ့ အကြောင်းကြောင်းကြောင့် ကားရိုက်နားလိုက်ရတဲ့ အခါမျိုးတွေမှာတော့ နောက်မှာ ထပ်ပေးတဲ့ကားနဲ့ ရက်တိုက်သွားတာမျိုး တစ်ခါတလေ ကြုံဖူးပါတယ်။ အဲဒါမျိုးကလွဲရင်တော့ ဒီတစ်ကားလက်ခံထားရင်းနဲ့ နောက်တစ်ကားကို ထပ်ကူးတာမျိုးတော့ တစ်ခါမှမလုပ်ဖူးပါဘူး။ ဒီအလုပ်က အများအင်အား နဲ့လုပ်ရတာ ဖြစ်တဲ့အတွက် စိုးပြည့် ဘက်ကတော့ တတ်နိုင်သမျှ စေတနာ အပြည့်အ၀ထားပြီး လုပ်တယ်။ အားလုံး ညီညွတ်တယ်ဆိုရင် ရလဒ် ကောင်းတွေရမယ်လို့ ယုံကြည်ပါတယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။