Home » , » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရောက်ချင်း ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရောက်ချင်း ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်

Written By မောင်စေတနာ on Saturday, December 3, 2011 | 5:30:00 PM



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် ရောက်ရှိလာခဲ့သည်။

အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများက ကြိုဆိုခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လေယာဉ်ပေါ်မှ ဆင်းဆင်းလာချင်း ၎င်းအား ကြိုဆိုရန် ကြိုတင်ရောက်ရှိနေကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများကို လက်ဆွဲနှုတ်ဆက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ မော်တော်ယာဉ် အမှတ် သံ-၁/၁ ပေါ်သို့ တက်ရောက်ခဲ့သည်။

ထို့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လိုက်ပါလာသည့် မော်တော်ယာဉ်တန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရွှေတိဂုံစေတီတော်သို့ ထွက်ခွာလာခဲ့ကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်သို့ ညနေ ၅ နာရီ မိနစ် ၃၀ ၀န်းကျင်တွင် ရောက်ရှိလာခဲ့ပြီး ရွှေတိဂုံစေတီတော်ပေါ်သို့ တောင်ဘက်မုဒ်မှ တက်ရောက်ကာ လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဘုရား၌ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ကာ ရွှေတိဂုံစေတီတော်သို့ အလှူငွေများ လှူဒါန်းခဲ့ပြီး ဟံသာဝတီမင်းခေါင်းလောင်း၌ ခေါင်းလောင်းထိုးခဲ့သည်။ ထို့နောက် ရွှေတိဂုံစေတီတော် အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်ကို ကြည့်ရှုလေ့လာပြီး ညနေ ၆ နာရီကျော်တွင် တောင်ဘက်မုဒ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြည်တွင်း၊ ပြည်ပ သတင်းထောက်များသာမက ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း စိတ်ဝင်တစား စောင့်မျှော် ဓာတ်ပုံရိုက်ခဲ့ကြသည်ကို တွေ့ရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေတွင် တောင်ကိုရီးယားနိုင်ငံမှ ရောက်ရှိလာပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အစရှိသူများနှင့် တွေ့ဆုံကာ မွန်းလွဲ ၃ နာရီကျော်တွင် ခေတ္တတည်းခိုရာ သင်္ဂဟဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ခြင်းဖြစ် သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံရန်ရှိပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် တွေ့ဆုံရန်ရှိသည်။ ထို့နောက် ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များ နှင့် တွေ့ဆုံရန်ရှိသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။