Home » , , » အခက်အခဲမျိုးစုံ၊ လိမ်လည်မှုမျိုးစုံဖြင့် ကြုံခဲ့ရသည့် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ

အခက်အခဲမျိုးစုံ၊ လိမ်လည်မှုမျိုးစုံဖြင့် ကြုံခဲ့ရသည့် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ

Written By မောင်စေတနာ on Saturday, December 17, 2011 | 10:29:00 AM



ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်

တရုတ်နိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ အခက်အခဲမျိုးစုံ၊ လိမ်ညာမှုမျိုးစုံဖြင့်ကြုံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီလေကြောင်း ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံမှ CZ 3055 လေယာဉ်ဖြင့် မြန်မာအလုပ်သမား ၅၃ ဦး ပါဝင်လာကြောင်း၊ ၅၈ ဦးဟု ဆိုရာ၌ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာ အလုပ်သမားနှစ်ဦးမှာ ပြန်လည်ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြန်မာ အလုပ်သမားသုံးဦးမှာလည်း နယ်စပ်မှတစ်ဆင့် အစောပိုင်းကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများကို တရုတ်နိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လစာမှာ တစ်လလျှင် မြန်မာငွေကျပ် သုံးသိန်းခွဲ၊ လေးသိန်းနီးပါးရရှိမည်ဖြစ်ကြောင်း၊ တစ်နေ့အလုပ်ချိန် ၈ နာရီသာ ရှိမည်ဖြစ်ကြောင်း၊ ယင်းအချိန်ထက် ကျော်လွန်ပါက အချိန်ပိုကြေးရမည်ဖြစ်ကြောင်း စသည့် ကတိများနှင့် စာချုပ်ချုပ်ဆိုကာ ကြားပွဲစားမှခေါ်ယူခဲ့ရာ မြန်မာအလုပ်သမား ၅၈ ဦးမှ သုံးသုတ်ခွဲ၍ သွားရောက်လုပ်ကိုင်ခဲ့သည်။

တရုတ်နိုင်ငံရှိ ဖူချောင်ပြည် နယ်၊ Pudin မြို့နယ်၊ ကျန့်ခိုရွာ၌ရှိသော Taksum Electronic Factory စက်ရုံတွင် မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ကြားပွဲစားက ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ တိုင်ကြားထားချက်များအရ သိရှိရသည်။ တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့သည့် ၅၈ ဦးထဲတွင် ပါဝင်သူ ကိုအေးဖြိုးဝင်းက ''ကျွန်တော်က မော်လမြိုင်ကပါ။

နိုင်ငံခြားသွားလုပ်မလို့ စုံစမ်းတော့ မုဒုံကတစ်ယောက်က ရန်ကုန်က (ဦး---၊ဒေါ်---)တို့နဲ့ ဆက်သွယ်ပေးပါတယ်။ တရုတ်ကို သွားရမယ်။ အေးဂျင့်ခက ၁၂ သိန်းပေးရမယ်။ တစ်နေ့ကို ကိုယ့်အလုပ်ချိန် ၈ နာရီပဲ လုပ်ရမယ်။ overtime ရှိတယ်။ တစ်လကို တရုတ်ယွမ် ၃၀၀၀ မြန်မာငွေ သုံးသိန်းခွဲလောက်ရမယ်လို့ ပြောတာနဲ့ သွားဖို့လုပ်လိုက်တာပါ။ တကယ်တမ်း ဟိုလည်းရောက်ရော တစ်လကို ယွမ်(၁၈၀၀)၊ မနက် ၇ နာရီက ည ၇ နာရီအထိ ဆင်းရတယ်။

overtime မပေးဘူး။ ကျွန်တော်တို့က စက်တင်ဘာလ ၂၈ ရက်နေ့ကသွားတာ အားလုံး ၂၂ ယောက်၊ ကျွန်တော်တို့ကို တရုတ်အထိ ဦး--- က လိုက်ပို့ပေးတယ်။ ကျွန်တော်တို့ အရင်ရောက်နေတဲ့အဖွဲ့က ၁၈ ယောက်ဆိုတော့ စုစုပေါင်းအယောက် ၄၀ ပေါ့။ ကျွန်တော်တို့ရောက်သွားတဲ့ အချိန်ပထမအသုတ်က သူတွေနဲ့စက်ရုံနဲ့ ပြဿနာစတက်နေပြီ။ စက်ရုံကလည်း မင်းတို့မကျေနပ်ရင် မင်းတို့အေးဂျင့်ကိုပြော၊ ဒီစက်ရုံမှာ လုပ်သက်လေးနှစ်ရှိတဲ့ သူတောင် ယွမ် ၃၀၀၀ မရဘူး။ အဲဒီ့ပြဿနာဖြစ်နေတဲ့အချိန် အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောက်ထပ် ၁၈ ရောက် ထပ်ရောက်လာတော့ အားလုံးစုစု ပေါင်း ၅၈ ယောက်၊ အဲဒီမှာ ဒေါ်---ပါ ပါလာတယ်။ သူကပြဿနာတွေ ပြေလည်အောင် ရှင်းပေးပါ့မယ်လို့ပြောပြီး ရှောင်သွားတယ်။

အဲဒါနဲ့ ကျွန်တော်တို့ ဦး----ရဲ့ ပတ်(စ်)ပို့ နဲ့ဒေါ်----ရဲ့ သားကို--ရဲ့ ပတ်(စ်) ပို့ကိုသိမ်းလိုက်ပြီး တရုတ်ရဲကိုသွားတိုင်တော့ သူတို့ဆီမှာ workpermit ဆိုတာမရှိဘူး။ မင်းတို့က overstay တွေဖြစ်နေတယ်လို့ ပြောတော့မှ သိရတယ်။ အခုပြန်ရောက်လာတာက တရုတ်က တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးက စီမံဆောင်ရွက်ညှိနှိုင်းမှုတွေကြောင့် ပြန်လည်ရောက်ရှိလာတာပါ။ လေယာဉ်လက်မှတ်ခကိုတော့ တရုတ်ကုမ္ပဏီက စီစဉ်ပေးတယ်လို့ ပြောတယ်။ ကျွန်တော်က ကိုယ်ကုန်ကျထားတဲ့ငွေကိုတော့ ပြန်ရချင်ပါတယ်''ဟု ကိုယ်တွေ့ဖြစ်စဉ်များအား ပြန်လည်ပြောပြခဲ့သည်။

တရုတ်နိုင်ငံသို့ သွားရောက်လုပ်သည့်အဖွဲ့မှ တစ်ဦးဖြစ်သူ ကိုကျော်မင်း၏မိခင် ဒေါ်အေးအေးမြင့်၊ ပဲခူးမြို့၊ ဘုရားကြီးပေါက်တောရွာနေသူက ''အန်တီတို့က သားလေးကို နိုင်ငံခြားပို့ဖို့အတွက် ရှိတဲ့နွားလေးတွေရောင်း၊ လယ်လေးတွေပေါင်ပြီးတော့ ပို့ရတာပါ။

သားကအလုပ်လုပ်နေတာ ရက်ပိုင်းအတွင်းမှာပဲ အခက်အခဲတွေ အများကြီးဖြစ်နေတယ်လို့ ပြောတဲ့အခါမှာ တခြားနိုင်ငံမှာဆိုတော့ ကလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာမှပဲ ရင်အေးရတယ်။ ဒါပေမယ့်ပေါင်နှံပြီး သွားရတဲ့ ပိုက်ဆံတွေ ဆုံးရှုံးတာပေါ့''ဟု ပြောကြားခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။