အင်္ဂါဂြိုလ်ပေါ်တွင် ယခုတိုင် သက်ရှိ များ နေထိုင်နေဆဲ ရှိ၊ မရှိ သို့မဟုတ် တခါက သက်ရှိများ နေထိုင်ခဲ့ဖွယ် ရှိ၊ မရှိ ကို စူးစမ်း လေ့လာမည့် စက်ရုပ်ဖြင့် ထိန်းချုပ်မောင်းနှင် သည့် ယာဉ်တစ်စင်းကို နာဆာက လွှတ်တင် တော့မည် ဖြစ်သည်။ ယခုအစီအစဉ်မှာ အင်္ဂါဂြိုလ် လေ့လာရေး အစီအစဉ်များအနက် အကြီးဆုံးနှင့် အဆင့်မြင့်ဆုံးဖြစ်ကြောင်း ဝါရှင်တန်မှလာသည့် အေအက်အက်ဖ်ပီ သတင်းတွင် ဖော်ပြထား သည်။
ဒေါ်လာ ၂.၅ ဘီလျံ ကုန်ကျသည့် စူးစမ်းလေ့လာရေးယာဉ်ကို နာဆာသိပ္ပံပညာရှင် များက “အိပ်မက်ယန္တရား” ဟု အမည် ပေးထားပြီး ခေတ်အမီဆုံးနှင့် အဆင့်မြင့်ဆုံး ကင်မရာများ၊ စက်ရုပ်လက်တံ၊ ရွေ့လျားဓာတုဗေဒ ဓာတ်ခွဲခန်း၊ အတားအဆီး ကျောက်တုံးများကို ထိုးခွဲဖြိုဖျက် မည့် လေဆာရောင်ခြည် တို့ဖြင့် တပ်ဆင်ဖန်တီး ထားသည်။
အလေးချိန် ၈၉၉ ကီလိုဂရမ်ရှိ စူးစမ်း လေ့လာရေးယာဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်၊ ကိပ်(ပ်) ကာနာဗာရယ်လ် လေတပ်စခန်းမှ လွှတ်တင်မည်ဖြစ်ပြီး အင်္ဂါဂြိုလ် ပေါ်သို့ ၂၀၁၂၊ သြဂုတ်လ (၅) ရက်နေ့တွင် ရောက်ရှိမည်ဖြစ်သည်။
“စူးစမ်းလေ့လာရေးယာဉ် ဆင်းသက် မယ့်နေရာဟာ သက်ရှိတွေရှင်သန်ဖို့ လိုအပ်တဲ့ ရေ တခါက ရှိခဲ့ဖူးတာကြောင့် လေ့လာဖို့ ကောင်း တဲ့နေရာတစ်ခု ဖြစ်ပါတယ်” ဟု ယခုမစ်ရှင်၏ အကြီးအကဲ နာဆာထိပ်တန်းသိပ္ပံပညာရှင် မိုက် ကယ်လ်မေယာက ပြောကြားသည်။

ကမ္ဘာဂြိုလ်ပေါ်၌ ရေရှိသောနေရာတိုင်း တွင် ဇီဝသက်ရှိများ ရှင်သန်နေထိုင်ပြီး အင်္ဂါ ဂြိုလ်ပေါ်တွင်လည်း အလားတူ အခြေအနေမျိုး ရှိကောင်းရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက မျှော် လင့်ထားကြသည်။ စကြဝဠာကြီးထဲတွင် ကမ္ဘာ ဂြိုလ်အပြင် သက်ရှိများ နေထိုင်သည့် အခြား သောဂြိုလ်များ ရှိ၊ မရှိ ကို လေ့လာခဲ့သော နာဆာ ၏ ၁၉၇၀ ပြည့်နှစ်များက ဗိုက်ကင်း အစီအစဉ် နောက်ပိုင်း ယခုမစ်ရှင်မှာ ပထမဆုံးဖြစ်သည်။
Ref: AFP
Source by :http://newsnetworkmedia.blogspot.com/
0 comments:
Post a Comment