Home » » ဘရူနိုင်းအား (၄) ဂိုးပြတ် အနိုင်ရရှိ ခဲ့သည့် မြန်မာ ယူ-၂၃ အသင်း

ဘရူနိုင်းအား (၄) ဂိုးပြတ် အနိုင်ရရှိ ခဲ့သည့် မြန်မာ ယူ-၂၃ အသင်း

Written By မောင်စေတနာ on Friday, November 11, 2011 | 10:25:00 AM



(၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် ဘောလုံး ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တစ်ပွဲ အဖြစ် မြန်မာနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းက (၄)ဂိုးပြတ် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။

ပွဲကစားချိန် (၃)မိနစ်တွင် ကျော်ကိုကို ဧရိယာ အတွင်း ညာခြမ်းမှ အသာမ.တင် ပေးခဲ့သည့် ဘောလုံး ရှေ့တန်းလူနှင့် နားလည်မှု လွဲခဲ့၍ ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။ (၄)မိနစ်တွင် မြန်မာအသင်း ထောင့်ကန်ဘော စတင် ရရှိခဲ့ပြီး (၆)မိနစ်တွင် မြန်မာတို့ ဘရူနိုင်း ပင်နယ်တီ ဧရိယာ အစပ်မှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောမှ တစ်ဆင့် မြန်မာ ကစားသမား ကျော်ဇေယျာဝင်းက လှလှပပ ကန်သွင်း ယူခဲ့ရာ မြန်မာတို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့သည်။

ထို့နောက်တွင် ဘရူနိုင်းက ချေပဂိုး ရရှိရေး ကြိုးပမ်းမှု ပြုလုပ်ခဲ့ သော်လည်း မြန်မာ အသင်းက ကစားကွက်အား ထိန်းချုပ် ကစားနိုင်ခဲ့သည်။ ပွဲချိန် (၁၀)မိနစ်တွင် ကွင်းလယ် တစ်ဝက်သာသာမှ ရရှိသည့် ပြစ်ဒဏ်ဘောမှ တဆင့် မြန်မာတို့ ဂိုးရရန် နီးစပ်ခဲ့ သေးသော်လည်း ဂိုးသမား နေရာယူ မှန်မှန်ဖြင့် ကာကွယ် သွားနိုင်ခဲ့သည်။ (၁၂)မိနစ်တွင် ရွှေလှိုင်ဝင်း ဧရိယာ အတွင်း လွတ်ထွက် သွားခဲ့ပြီး ဂိုးရှေ့ အသင့်ရှိနေသည့် တိုက်စစ်မှူးထံ ထိုးပေးရာ နောက်ခံလူ ကြားမှ ဖြတ်တား နိုင်ခဲ့သည်။

(၁၇)မိနစ်တွင် ဘရူနိုင်းအသင်း ဘယ်ခြမ်းမှ ရရှိသည့် ဖရီးကစ်မှ တဆင့် ဂိုးရှေ့ ဖြတ်တင်ပေးမှု တိုက်စစ်မှူး အပိုင် ခေါင်းတိုက်ခွင့် ရရှိမည့် အနေအထားတွင် သီဟစည်သူ ကြားမှ ဖြတ်ပုတ် နိုင်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့အတူ မိနစ်ပိုင်း အတွင်း ညာခြမ်းမှ ဂိုးရှေ့ ဖြတ်တင်ပေးမှု မြန်မာ နောက်ခံလူ ခေါင်းတိုက် ဖျက်ထုတ် နိုင်ခဲ့၍ ထောင့်ကန်ဘော ထပ်ဖြစ်ခဲ့သည်။

ပွဲကစားချိန် (၂၂)မိနစ်တွင် မြန်မာ ကွင်းလယ် ကစားသမား မင်းမင်းသူ အဝေးမှ ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း အပေါ်ထောင် သွားခဲ့သည်။ (၂၆)မိနစ်တွင် ကျော်ဇေယျာဝင်း ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံး ကျော်ကိုကို တစ်ဦးတည်း လွတ်ထွက် သွားခဲ့ပြီး အဝေးထောင့်သို့ ကန်သွင်းခဲ့ရာ ဂိုးဘေး ကပ်ထွက် သွားခဲ့၍ ဒုတိယ ဦးဆောင်ဂိုးနှင့် လွဲခဲ့ရသည်။ (၂၈)မိနစ်တွင် ဘရူနိုင်း တောင်ပံ ကစားသမား ဂိုးရှေ့ ဖြတ်တင် ပေးမှု ကောင်းမွန် သော်လည်း ရွှေလှိုင်ဝင်း ဖျက်ထုတ် နိုင်ခဲ့၍ သက်သာခဲ့သည်။

ပွဲချိန် မိနစ် (၃၀)တွင် မြန်မာအသင်း ဘယ်ခြမ်းမှ ထောင့်ကန်ဘော ကန်ခွင့် ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်သွင်းခဲ့ရာ ဂိုးဘားထိ ထွက်ခဲ့၍ နစ်နာ ခဲ့ရသည်။ ထို့နောက် ထောင့်ကန်ဘောမှ တဆင့် ပြည့်ဖြိုးဦး ကန်ချက် ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။

ယင်း ထောင့်ကန်ဘောအား ကျော်ဇေယျာဝင်းက ဂိုးရှေ့ လှလှပပ ကန်တင်ပေးခဲ့ရာ မင်းမင်းသူက အပိုင် ခေါင်းတိုက် သွင်းနိုင်ခဲ့ပြီး မြန်မာတို့ ဒုတိယဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက ကွင်းလယ် ကစားကွက်ကိုသာ အဓိကထား ထိန်းကစား နေခဲ့ပြီး ဘရူနိုင်းမှာ မြန်မာ နောက်တန်းအား ထိုးဖောက်ရန် အခက်တွေ့ နေခဲ့သည်။ ပွဲချိန် မိနစ် (၄၀)တွင် ဘရူနိုင်း ကစားသမား ဧရိယာ အစပ်မှ ကန်ခွင့် ရခဲ့သော်လည်း ကန်ချက် ပျော့ကာ သီဟစည်သူ ဖမ်းမိခဲ့သည်။ ပွဲချိန် (၄၃)မိနစ်တွင် အောင်မြင့်အေး ကွင်းလယ်မှ တစ်ကိုယ်တော် အစွမ်းဖြင့် ဆွဲပြေးကာ ဘယ်ခြမ်းရှိ ပြည့်ဖြိုးဦးအား ထိုးပေးခဲ့ သော်လည်း လူကျွံဘော ဖြစ်ခဲ့၍ နစ်နာခဲ့ရသည်။ ပထမပိုင်း နာကျင် အချိန်ပို အရောက်တွင် ဘယ်ခြမ်းမှ ပြည့်ဖြိုးဦး ဂိုးရှေ့ ဖြတ်တင် ပေးပို့မှု ကောင်းမွန် ခဲ့သော်လည်း ဂိုးသမား တားဆီး နိုင်ခဲ့ကာ ပထမပိုင်း အပြီး မြန်မာတို့ (၂-၀)ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် ဘရူနိုင်း အသင်းက မြန်မာ အသင်း ဂိုးပေါက်အား ပိုမို ခြိမ်းခြောက်နိုင်ရန် အားထည့် ကစားလာခဲ့ပြီး မြန်မာ အသင်းကလည်း တည်တည်ငြိမ်ငြိမ် တုံ့ပြန် နိုင်ခဲ့သည်။ (၄၈)မိနစ်တွင် ရန်အောင်ဝင်း ညာခြမ်းမှ ထိုးဖောက် ကစားရာမှ ထောင့်ကန်ဘော ရရှိခဲ့သည်။ ယင်း ထောင့်ကန်ဘောအား ပြည့်ဖြိုးဦးက ကန်တင်ပေးခဲ့ရာ ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့ပြီး ဧရိယာ အပြင်မှ ရန်အောင်ဝင်း ဂိုးရှေ့ ဖြတ်တင် ပေးမှု အဆုံးသတ်မည့်သူ မရှိဘဲ ဖြစ်ခဲ့သည်။

ပွဲချိန် မိနစ် (၅၀)တွင် မြန်မာတို့ လူစားလဲမှု ပြုလုပ်ခဲ့ပြီး ခြေမပေါ်သည့် ပြည့်ဖြိုးဦး နေရာတွင် ကြည်လင်းအား ထည့်သွင်း ကစားစေခဲ့သည်။ (၅၃)မိနစ်တွင် မြန်မာအသင်း တန်ပြန် ထိုးစစ်ဆင်ရာမှ ကျော်ကိုကိုအား ကစားပုံ ကြမ်းတမ်းသည့် ဘရူနိုင်း နောက်ခံလူ အ၀ါကတ်ပြ သတိပေး ခံခဲ့ရကာ မြန်မာတို့ ဘယ်ခြမ်း ဧရိယာ အစပ်မှ ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကပင် ကန်သွင်းခဲ့ရာ အပေါ်ထောင် သွားခဲ့သည်။

ပွဲချိန် (၅၆)မိနစ်တွင် ဘရူနိုင်း ကစားသမား တစ်ဦးအား ဆွဲလှဲခဲ့သည့် ကြည်လင်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ထို့နောက် မိနစ် (၆၀)တွင် ရန်အောင်ကျော် နေရာတွင် အေးဆန်းအား ၀င်ရောက် ကစားစေခဲ့သည်။ ပွဲချိန် (၆၁)မိနစ်တွင် ဘရူနိုင်း အသင်း အတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် အသင်းခေါင်းဆောင် အဒီ ဧရိယာ အတွင်း ဘောလုံး ရရှိခဲ့ သော်လည်း ဇော်မင်းထွန်း လျင်လျင်မြန်မြန် တားဆီး နိုင်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။
(၆၄)မိနစ်တွင် မြန်မာ တောင်ပံ ကစားသမား ညာခြမ်းမှ ဆွဲဝင်ကာ အပြင်း ကန်သွင်းခဲ့သော်လည်း ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ သို့သော် တစ်မိနစ် အကြာတွင် အောင်မြင်အေး အပိုင် ဖန်တီး ပေးရာမှ တစ်ဆင့် ကျော်ကိုကို တစ်ဦးတည်း လွတ်ထွက် သွားခဲ့ပြီး အပိုင် အဆုံးသတ် ခဲ့ရာ ဂိုးသမား ကာကွယ်ရန် ကြိုးပမ်း ခဲ့သော်လည်း ဂိုးဝင် သွားခဲ့ပြီး မြန်မာအသင်း တတိယဂိုး ရရှိခဲ့သည်။

ပွဲချိန် (၆၇)မိနစ်တွင် မြန်မာအသင်း ဘယ်ခြမ်းမှ ထိုးဖောက် တိုက်စစ်ဆင်ရာ အောင်မြင့်အေးအား ကစားပုံ ကြမ်းတမ်းသည့် ဘရူနိုင်း နောက်ခံလူ (၂)၀ါ (၁)နီဖြင့် ထုတ်ပယ် ခံခဲ့ရကာ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ တစ်ယေက်လျော့ သွားသည့် ဘရူနိုင်း အသင်းသည် ကစားအား လျှော့ချခြင်း မရှိဘဲ တိုက်စစ်ကိုသာ ဖွင့်ကစားခဲ့ကာ မြန်မာ အသင်းမှာမူ ပွဲအား ထိန်းချုပ် နိုင်ရန်သာ အဓိက ထားခဲ့သည်။ ပွဲချိန် (၇၈)မိနစ်တွင် ရန်အောင်ဝင်း ဂိုးရှေ့ အသာမ.တင် ပေးသည့် ဘောလုံးအား မင်းမင်းသူ ပိတ်သွင်းရန် ကြိုးပမ်းခဲ့ရာ အနည်းငယ် နောက်ကျ နေခဲ့သည်။ ပွဲချိန် မိနစ် (၈၀)တွင် မြန်မာတို့ စတုတ္ထမြောက် ဂိုးအား ရရှိခဲ့ပြီး ယင်းဂိုးအား ကြည်လင်းက လှလှပပ အဆုံးသတ် ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် မြန်မာ အသင်းက မင်းမင်းသူ နေရာတွင် မိုင်းအိုက်နိုင်အား ထည့်သွင်း ကစား စေခဲ့သည်။

ပွဲချိန် (၈၃)မိနစ်တွင် မိုင်းအိုက်နိုင်နှင့် ရန်အောင်ဝင်း တွဲလုံးမှ တစ်ဆင့် ရန်အောင်ဝင်း ဂိုးရှေ့ ဖြတ်ချိုး ပေးရာ အောင်မြင်အေး အပိုင် ကန်သွင်း ခဲ့သော်လည်း အပေါ်ထောင် ခဲ့သည်။ ထို့အတူ (၈၅)မိနစ်တွင် ကြည်လင်း ဧရိယာ အပြင်မှ ဘယ်ခြေဖြင့် ကန်သွင်းချက် အပေါ် ထောင်ခဲ့သည်။

ပွဲချိန် မိနစ် (၉၀)တွင် (၂၅)ကိုက် အကွာခန့်မှ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့ပြီး ရန်အောင်ဝင်း ကန်သွင်းခဲ့ရာ ကန်ချက်ပျော့၍ ဂိုးသမား မိခဲ့သည်။ ထို့နောက်တွင် နာကျင် အချိန်ပို (၃)မိနစ်အား ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ နောက်ထပ် ဂိုးသွင်းနိုင်ခြင်း မရှိဘဲ မြန်မာအသင်းက (၄)ဂိုးပြတ် အနိုင်ရရှိ သွားခဲ့သည်။ ထိုရလဒ်ကြောင့် မြန်မာ အသင်းသည် အရှေ့တီမောနှင့် ဗီယက်နမ်တို့ ပွဲစဉ်မတိုင်မီတွင် အုပ်စု ထိပ်ဆုံးသို့ တက်လှမ်း နိုင်ခဲ့ကြောင်း သိရသည်။

Source by : http://www.soccermyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။