Home » » ထိုင်းရေဘေး ဒုက္ခသည်များအား အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

ထိုင်းရေဘေး ဒုက္ခသည်များအား အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

Written By မောင်စေတနာ on Monday, November 21, 2011 | 11:30:00 AM



နိုဝင်ဘာလ (၉) ရက်နှင့် (၁၀) ရက်နေ့များတွင် ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ ရေဘေးဒုက္ခသည်များအတွက် လိုအပ်သည့် စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့သည်။



မဟာချိုင်၊ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ရေဘေးဒုက္ခသည် (၃၀၀)ကျော်ခန့်ရှိသည့် ယာယီစောင့်ရှောက်ရေး စခန်းတွင် လည်းကောင်း၊ ဘန်ကောက်မြို့အနီး ရေများ ၀န်းရံခြင်း ခံနေရသည့် ဘန်ဘုံဒေသရှိ အလုပ်သမား (၅၀၀)ကျော် ရှိသော မိုးကာအင်္ကျီ ချုပ်လုပ်သည့် စက်ရုံတွင် လည်းကောင်း၊ ထိုင်းလူမျိုးများအတွက် ရမ်စစ် (Runsit)ရှိ ထိုင်းအလုပ်သမား သမဂ္ဂတွင် လည်းကောင်း သွားရောက် လှူဒါန်းခဲ့သည်။



“ကျနော်တို့ကတော့ ဘယ်မှ မသွားပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သူဌေးက တစ်ရက်ကို (၁၆၀)ဘတ် ပေးထားတယ်လေ။ အလုပ်မလုပ်ရဘဲ ပေးတာ။ အလုပ်ဆင်းမယ်ဆိုရင် တစ်ရက်ကို (၄၂၀)ဘတ် ပေးတယ်။ ကျနော်တို့အားလုံး အလုပ်မဆင်းရဘဲ အခန်းမှာ ရှိနေကြတယ်”ဟု မိုးကာချုပ်စက်ရုံမှ ကိုအောင်အောင်က ပြောပြသည်။



အဆိုပါ ရေဘေး ဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့သော ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့ မြန်မာ ရေဘေး ဒုက္ခသည်တွေဟာ အခုအချိန်အထိ ထောက်အပံ့ တိတိကျကျ မရသေးဘူး။ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဖြေရှင်းနေရသူ အများစု ဖြစ်တယ်။ သူတို့အတွက် အစားအသောက်၊ နေရာထိုင်ခင်းနဲ့ တရားဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်နေသေးတယ်။ မြန်မာသံရုံး အနေနဲ့ သူတို့ တတ်နိုင်သလောက် လာရောက် ကူညီနေတာ တွေ့ရတယ်။ ကျနော့်အနေနဲ့ အများကြီး ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီ့ထက် စနစ်တကျ အကူအညီပေးဖို့ လိုအပ်နေပါသေးတယ်။ အစိုးရ အခြင်းခြင်းပြောတာ ကျနော်တို့ ပြောတာထက် အများကြီး အရာရောက်ပါတယ်”ဟု ပြောသည်။



ရေဘေးထောက်ပံ့ ပစ္စည်းများကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့(FED)က လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများနှင့် ကလေးနို့မှုန့်များအပြင် အသင့်စားသုံးနိုင်သော ငပိကြော်၊ ငါးခြောက်ကြော်များ ပါဝင်ပြီး စုစုပေါင်း (၁၀)ဘီး ကားတစ်စီး အပြည့်ရှိကြောင်း သိရသည်။ ထို့အပြင် ရေဘေးဒုက္ခသည်များ အနေဖြင့် ထိုင်းအာဏာ ပိုင်များနှင့် ဆက်သွယ်ရာတွင် အဆင်ပြေစေရန်အတွက် စကားပြန် ငါးဦးကိုလည်း ကယ်ဆယ်ရေးစခန်းတွင် FED က စီစဉ် ပေးထားသည်။



သွားရောက် လှူဒါန်းခဲ့သည့် အဖွဲ့တွင် FED မှ အမှုဆောင် ဒါရိုက်တာနှင့် ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရွှေ့ပြောင်း အလုပ်သမား ခေါင်းဆောင်များ ပါဝင်သည်။



FED အနေဖြင့် ရက်ရှည် ကြုံတွေ့နေရသော ရေဘေးဒုက္ခသည်များကို ဆက်လက်အကူအညီ ပေးနိုင်ရန်အတွက် ပစ္စည်းများ ထပ်မံ စုဆောင်းလျက် ရှိနေပြီး ယခုလကုန်ပိုင်းတွင် နောက်တစ်ကြိမ် သွားရောက် လှူဒါန်းမည်ဟု သိရသည်။

မြို့တော်ဘန်ကောက်ဝန်းကျင်တွင် ရေကြီးမှုများ ရပ်တန့် မသွားသေးသည့်အတွက် မြေအောက် ရထားလိုင်းများနှင့် ခရီးသည် ပို့ဆောင်ရေး ဘတ်(စ်)ကားလိုင်းများ ရပ်တန့်ထားရသည်။ အဆိုပါ ရေကြီးမှုကြောင့် သေဆုံးသူ (၆၀၀)ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။