ဂျိုဟိုးပြည်နယ် မွှားမြို့နယ်ရှိ Young Wood ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၉ဦးထံမှ အလုပ်ရှင်က လဲဗီးငွေများ ဖြတ်တောက် နေသောကြောင့် အလုပ်သမားများမှ ယခုလိုဖြတ်တောက်ခြင်းသည် တရားမ၀င်ကြောင်းနှင့် ဆက်လက် မဖြတ်ရန် အလုပ်ရှင်အားပြောဆိုရာ အလုပ်ရှင်မှ တခြား စက်ရုံများအတွက် မှန်သော်လည်း မိမိစက်ရုံသည် စက်ရုံအငယ်စားဖြစ်၍ ဖြတ်တောက်ခွင့်ရှိကြောင်း ပြန်လည်ဖြေကြားသည်ကို မကျေနပ်သဖြင့် အလုပ်သမားများမှ အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးနေသော မလေးရှားအခြေစိုက် ဘားမားကန်ပိန်းမလေးရှားသို့ ၁၃၊၃၊၂၀၁၁နေ့တွင် ဆက်သွယ်၍ အကူအညီတောင်းခံ လာခဲ့သည်။
ထိုအဖွဲ့မှ ကိုထွန်းထွန်းနှင့် ကိုရန်နိုင်ထွန်းတို့သည် အလုပ်ရှင်အား အလုပ်သမားရုံးတွင် တိုင်ကြားမှုများ ပြုလုပ်ပါက ရင်ဆိုင်နိုင်ရမည့် အခက်အခဲများကို အလုပ်သမားများအား တယ်လီဖုန်းဖြင့် ရှင်းပြရာ အလုပ်သမားများမှ ဘယ်လိုပင်ဖြစ်စေ အမှန်တရားအတွက် တိုက်ပွဲဝင်သွားမည်ဟု အကြောင်းပြန်သဖြင့် ၁၇၊ ၃၊ ၂၀၁၁ နေ့တွင် ကိုထွန်းထွန်းနှင့် ကိုရန်နိုင်ထွန်းတို့သည် မွှားမြို့သို့ သွားရောက်၍ သက်ဆိုင်ရာ အလုပ်သမားရုံးတွင် အလုပ်သမားများနှင့်အတူ မိမိတို့မတရားသဖြင့် လစာဖြတ်တောက်ခံနေရသည်များကို တိုင်ကြားခဲ့ကြသည်။
၃လကျော်ကြာပြီးနောက် အလုပ်ရှင်မှ အလုပ်သမားများအား ယခင်က ၎င်းဖြတ်တောက်ထားသော လဲဗီးငွေများကို ၂၊ ၇၊ ၂၀၁၁နေ့တွင် ပြန်လည်ပေးအပ်သဖြင့် အလုပ်သမားများဘက်မှ အလုပ်သမားရုံးတွင် တိုင်ကြားထားသော အမှုကို ကြေအေးလိုက်ကြောင်း သတင်းရရှိသည်။ ထိုအမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးခဲ့သူ ကိုရန်နိုင်ထွန်းအား သူရိယသတင်းစာမှ ဆက်သွယ်မေးမြန်းရာ သူမှ “အမှုက ၃လကျော်ကြားသွားတယ်၊ ဘာကြောင့်လဲဆိုရင် အလုပ်ရှင်က မွှား အလုပ်သမားရုံးက အရာရှိနဲ့ပေါင်းပြီး အမှုကို ပျောက်အောင်လုပ်တယ်၊ ဒါကြောင့် ကျနော်တို့က ပထမအဆင့် ပြည်နယ်အလုပ်သမားရုံးကို ထပ်ဆင့် တိုင်ကြားသော်လည်း ဘာမှထူးခြားလာခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ မေလ ၃၀ရက်နေက ကျနော်တို့အဖွဲ့နှင့် မလေးရှားအလုပ်သမားသမ္မဂများအဖွဲ့ချုပ်(MTUC)မှ တာဝန်ရှိသူတို့သည် အလုပ်သမားများကို ပူထရာဂျာယာရှိ အလုပ်သမားဝန်ကြီးဌာနသို့ ခေါ်သွားပြီး သွားရောက် တိုင်ကြားခဲ့သဖြင့် တလအတွင်း လျှော်ကြေးငွေများ ပြန်လည်ရရှိခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ယခုအမှုတွင် အလုပ်ရှင်မှ အလုပ်သမား ၉ဦးအား ရင်းဂစ် ၂သောင်းကျော် ပြန်လည် ပေးလိုက်ရကြောင်း သတင်းရရှိသည်။ အလုပ်သမားတဦးဖြစ်သူ ကိုကျော်သူဖြိုးအား ယခုလို လဲဗီးငွေများ ပြန်လည်ရရှိခဲ့သဖြင့် မည်သို့ခံစားရကြောင်း သူရိယမှ မေမြန်းရာ သူက “ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ဆက်ဆံခြင်သလို ဆက်ဆံလို့ရတယ် ထင်နေတဲ့ မလေးရှားက အလုပ်ရှင်တွေကို ကိုထွန်းထွန်းနဲ့ ကိုရန်နိုင်ထွန်းတို့ အကူအညီနဲ့ အမြင်တွေပြောင်းအောင် လုပ်နိုင်ခဲ့တဲ့အတွက် ကျနော်တို့ ကျေနပ်တယ်၊ ကျနော်တို့လို မတရားသဖြင့် အလုပ်ခံနေရတဲ့ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်တွေကို ခေါင်းငုံ့မခံကြဘို့ ပြောခြင်ကြောင်း” ပြောဆိုသည်။
ကိုထွန်းထွန်းမှလည်း အခုဆိုရင် အရင်ကလို တိုင်ကြားတဲ့ အလုပ်သမားကို ပြန်ပို့လို့မရတော့ဘူး ဘာကြောင့်လဲဆို ၂၀၁၀ လူ့အခွင့်အရေးဝေဖန်ထောက်ပြသူများ ကာကွယ်စောင့်ရှေက်ရေး ဥပဒေဆိုတာကို မလေးရှားလွှတ်တော်က အတည်ပြုပေးလိုက်တာကြောင့် ဖြစ်တယ်။ ဒီဥပဒေအရ အလုပ်သမားပဋိက္ခလည်း အကြုံးဝင်နေတယ်။ ရှေ့ကာလမှာဆိုရင် အနိမ့်ဆုံးလစာသတ်မှတ်ချက် ဥပဒေထွက်လာရင် မလိုက်နာမည့် အလုပ်ရှင်တွေကို တိုင်ကြားကြဖို့ မြန်မာအလုပ်သမားများကို တိုက်တွန်းကြောင်း သူရိယအား ပြောကြားသွားသည်။
သူရိယသတင်းဂျာနယ်
Source by :http://www.thuriyanews.com/
2 comments:
ဒီလိုအကြောင်းအရာလေးတွေကိုတင်ပြထားတဲ့ စာတွေများများတင်ပေးစေချင်ပါတယ်..ဒီလိုဖြတ်တောက်ခံနေရတဲ့ အလုပ်သမားတွေအများကြီးရှိပါသေးတယ်..ဆက်ပြီးကူညီနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်..
ဒီလိုအကြောင်းအရာလေးတွေကိုတင်ပြထားတဲ့ စာတွေများများတင်ပေးစေချင်ပါတယ်..ဒီလိုဖြတ်တောက်ခံနေရတဲ့ အလုပ်သမားတွေအများကြီးရှိပါသေးတယ်..ဆက်ပြီးကူညီနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်..
Post a Comment