Home » » စင်ကာပူတွင် ပြည်ပလုပ်သားလစာ တိုးမြှင့်သော်လည်း မြန်မာအများစု မခံစားရ

စင်ကာပူတွင် ပြည်ပလုပ်သားလစာ တိုးမြှင့်သော်လည်း မြန်မာအများစု မခံစားရ

Written By မောင်စေတနာ on Saturday, July 16, 2011 | 4:59:00 AM


စင်ကာပူတွင် နိုင်ငံခြားသား လုပ်သားများအတွက် လစာတိုးမြှင့် လိုက်သော်လည်း အလုပ်လုပ်ကိုင်နေသည့် မြန်မာအများစု အကျိုးခံစားခွင့်မရရှိကြောင်း စင်ကာပူ တွင် S-Pass ဖြင့် ၂ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအမျိုးသမီးတစ်ဦးက ပြောသည်။

’ကုမ္ပဏီသေးတွေကတော့ လုပ်ချင်တာလုပ်လို့ရတယ်။ လစာတွေက အစိုးသတ်မှတ်တဲ့အတိုင်း GIO အကောင့်ထဲကနေ တရားဝင်ထည့်ပေးရတော့ တိုးပေးတဲ့အတိုင်း သူတို့ပေးပေမယ့်လည်း လစာထုတ်ပြီးရင် ကုမ္ပဏီကို ပြန်လွှဲပေးရမှာပဲ’ဟု ၄င်းအမျိုးသမီးက ပြောသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးအမျိုးသားငယ်အများစုသ​ည် စင်ကာပူတွင် အလုပ်ရရှိရန်အတွက် ဘွဲ့ရပညာတတ်အနေဖြင့် သွားရောက်ကာ S-Pass,Employment Pass တရားဝင် အလုပ်လျှောက်ထားကြရာ အလုပ်ရရှိရေး လွယ်ကူစေရန် ကုမ္ပဏီများနှင့် ညှိနှိုင်းသဘောတူ စာချုပ် ချုပ်ဆိုရာတွင် အစိုးရသတ်မှတ်နှုန်းထက်လျှော့၍ ရယူပြီး လုပ်ကိုင်ပါမည်ဟု ကတိပြုချုပ်ဆိုခဲ့မှုများသည် ၂ဝဝ၈ စီးပွားအပျက်ဂယက် နောက်ပိုင်းတွင် စတင်ခဲ့သည်ဟု စင်ကာပူရှိ မြန်မာအများစုထံမှ သိရသည်။

”တစ်ဖက်ကအစိုးရက တိုးပေးတယ်ဆိုပေမယ့်လည်း အချို့ကုမ္ပဏီတွေက တခြား တစ်ဖက်က အကျိုးခံစားခွင့်ကို ပြန်လျှော့လိုက်တာရှိတယ်။ ဥပမာ – အချိန်ပိုကြေးတို့၊ အပိုဆုကြေးတို့ပေါ့။ များသောအားဖြင့်တော့ အလယ်အလတ်တန်းစား ကုမ္ပဏီတွေက အဲဒါတွေကိုလုပ်ကြတယ်”ဟု Engineering ကုမ္ပဏီတစ်ခုတွင်လုပ်နေသည့် မြန်မာအင်ဂျင်နီယာ တစ်ဦးကသူ၏ အမြင်ကိုပြောသည်။

စင်ကာပူရောက် အသက် ၂၄ နှစ်အရွယ်ရှိစာရင်းကိုင်တစ်ဦးက​လည်း…”ဒီလကုန်စရမယ်လို့တော့ သိရတယ်။စင်ကာပူမှာ မေလမှာ ရွေးကောက်ပွဲရှိလို့ လစာတွေ တိုးမယ်လို့ ဆုံးဖြတ်ခဲ့တာ။ ”အဓိကကတော့ လစာတိုးတာထက် (Levy) အခွန်ပါလိုက်တိုးတော့ မြန်မာတွေအလုပ်ရဖို့ တော်တော်ခက်ခဲလာတယ်”ဟု လစာတိုးခြင်း အပေါ် သုံးသပ်ပြောကြားသည်။

Spass ဖြင့် စင်ကာပူစားသောက်ဆိုင်တစ်ဆိုင်၌ Supervisorအဖြစ် လုပ်သက် ၂ နှစ်ရှိ အမျိုး သမီးကလည်း ”အလုပ်လျှောက်တာရခဲ့တယ်။ Spass နဲ့ သတ် မှတ်ထားတာ ၁၈ဝဝ ဆိုပေမယ့် ၁၅ဝဝ နဲ့ လုပ်ဖို့ သဘောတူခဲ့တယ်။ GIO အကောင့်ထဲကို အစိုးရသတ်မှတ်နှုန်းအတိုင်း သူက ၁၈ဝဝ ထည့် ပေး ပေမယ့် လစာထုတ်ပြီးတိုင်း သူ့ကို ၃ဝဝ ပြန်လွှဲပေးရတယ်။ အခုလစာတိုးပေမယ့်လည်း ဒီပုံအတိုင်းပဲ ကျွန်မတို့ ပြန်လွှဲပေးရမယ်လို့ သိထားတယ်”ဟု ပြောသည်။

စင်ကာပူအစိုးရသည် ယခုလ ၁ ရက်မှစပြီး စည်းမျဉ်းအသစ်ကို စတင်ခဲ့ရာ Spass အတွက် အခြေခံလစာ ၁၈ဝဝ မှ ၂ဝဝဝ သို့ လည်းကောင်း၊ EP အမျိုးအစား များဖြစ်သည့် Q1, P2,နှင့် P1 အတွက် ဒေါ်လာ ၂၈ဝဝ၊ ၄ဝဝဝ နှင့် ၈ဝဝဝ အထိ အသီးသီး တိုးမြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Gan Kim Yoongက ပါလီမန်တွင် ပြောကြားသွားခဲ့ကြောင်း စင်ကာပူသတင်းစာများက ဖော်ပြသည်။

ထိုလစာတိုးမှုနှင့်ပတ်သက်၍လည်း စင်ကာပူရောက် မြန်မာ ကွန်ပျူ တာပညာရှင်တစ်ဦးကလည်း ”စရိတ်စကတွေကြီးထွားလာလို့ တိုးပေးတာလည်းဖြစ်နိုင်တယ်။ အိမ်သုံးရေမီးစရိတ်တွေကလည်း အရင်ကထက်နှုန်းထားတွေ ပိုပြီး တက်လာတယ်။ အဲဒီ စရိတ်စကကြီးလာတာကြောင့် တချို့ကုမ္ပဏီတွေက အခြေခံလစာကို တိုးပေးလာတာဖြစ်မှာပါ။ ဒါပေမဲ့ အကုန်လုံးတော့ တိုးတယ်လို့ မထင်မိပါ ဘူး”ဟုသူ့အမြင်ကိုပြောသည်။လစာတိုးမြှင့်လိုက်သည့် စည်း မျဉ်းသစ်နှင့်ပတ်သက်၍ နိုင်ငံခြား သားအလုပ်သမားဝန်ထမ်းများနှင့် ပြည်တွင်းကျွမ်းကျင်အလုပ်သမား ဝန်ထမ်းများအကြား အလုပ်ရရှိမှုအတွက် ယှဉ်ပြိုင်မှုများရှိလာမည်ကို စင်ကာပူအစိုးရသစ်အနေဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာတွင် နိုင်ငံခြားသား ကျွမ်းကျင်သူများကို မူ တံခါးပိတ်၍ မဖြစ်နိုင်ကြောင်း ၄င်းတို့က သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု စင်ကာပူသတင်းစာတို့က ဖော်ပြသည်။

”နိုင်ငံခြားသား အလုပ်သမား နည်းသွားအောင် အစိုးရအနေနဲ့ လောလောဆယ်လုပ်ပြတာပေါ့။ နိုင်ငံခြားသားခန့်မယ်ဆိုရင်Spa​ss, Employment Passလျှောက်မယ်ဆိုရင် လစာရင်း ပိုပေးရမယ်ဆိုပြီး သတ်မှတ် တဲ့ သဘောကတော့ အလုပ်ရှင်ဘက်က တိုးမပေးချင်ရင် နိုင်ငံခြားသား ခန့်တာနည်းသွားမယ်လို့ တွက်ပြီး လုပ်လိုက်ပုံရပါတယ်။ အစိုးရအနေနဲ့ သတင်းစာတွေမှာ နိုင်ငံသား ပထမဆိုတဲ့ မူဝါဒတွေ ပေါ်ပေါ် ထင်ထင် ပြောဆိုရေးသားလာတာ သတိထားမိပါတယ်” ဟု စင်ကာ ပူရောက် ကွန်ပျူတာပညာရှင်က အစိုးရ၏ မူဝါဒပေါ်တွင် သုံးသပ် ပြောကြားခဲ့သည်။

PN – 018, 042


Source by :http://popularmyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။