Home » » ဘန်ကောက်နှင့် အခြားမြို့များသို့ ပို့ရန် စုဆောင်းထားသည့် အလုပ်သမားများအား ထိုင်းရဲကစစ်ဆေး

ဘန်ကောက်နှင့် အခြားမြို့များသို့ ပို့ရန် စုဆောင်းထားသည့် အလုပ်သမားများအား ထိုင်းရဲကစစ်ဆေး

Written By မောင်စေတနာ on Sunday, July 24, 2011 | 11:34:00 PM

http://www.ghre.org/mm/shared_media/images/20110720a.jpg
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ

ဘန်ကောက်နှင့် အခြားမြို့များသို့ ပို့ရန် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ စက်ရုံဟောင်း တစ်ခုတွင် စုဆောင်းထားသော မြန်မာအလုပ်သမား (၅၀၀)ကျော်ကို ထိုင်းရဲများက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယခုလ (၁၈)နေ့က မဲဆောက်မြို့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မျက်နှာချင်းဆိုင်တွင် ရှိသော စက်ရုံ အဟောင်း တစ်ခုထဲမှ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မဲဆောက်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက အတည်ပြု ပြောဆိုသည်။

“လူတွေက များတယ်။ တရားဝင် အလုပ်သမားတွေ ဟုတ်ရဲ့လားပေါ့။ ဒါကြောင့် ကျနော်တို့ ရဲစခန်းကို ခေါ်လာပြီးတော့ တရားဝင် အလုပ်သမား ဟုတ်မဟုတ် စီစစ်ပြီး အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ပြောသည်။

အလုပ်ရုံ ဟောင်းသို့ ရောက်ရှိလာပြီး ဖြစ်သော ကိုထွန်းက “ကျနော်တို့ ဒီစက်ရုံဟောင်းထဲကို ရောက်နေတာ နှစ်ပတ် လောက်ရှိနေပါပြီ။ နောက်တစ်လလောက်ဆို ဘန်ကောက်ကို တက်ရမယ်လို့ ပြောတယ်။ ကျနော်တို့ကို လုပ်ပေး နေတဲ့ သူဌေးက ထိုင်းနိုင်ငံသား ခံယူထားတဲ့ အဘိုင်ကြီးဆိုသူ ဖြစ်တယ်”ဟု ပြောသည်။

ဘန်ကောက်၊ မဟာချိုင်နှင့် အခြားမြို့များသို့ သွားရန်အတွက် အလုပ်သမား တစ်ယောက်အား ဘတ်ငွေ (၁၆၀၀၀)နှုန်း သတ်မှတ်ထားသည်။ အလုပ်သမားများထံမှ တစ်လလျှင်ဘတ် (၂၀၀၀) ဖြတ်မည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

မဲဆောက်မြို့နှင့် တာ့ခရိုင်အတွင်းရှိ အလုပ်သမားများ၏ တစ်နေ့ လုပ်အားခမှာ ဘတ်ငွေ (၇၀)၀န်းကျင်သာ ရရှိကြသဖြင့် ဘတ်ငွေ (၂၀၀)အထက် ရရှိသည့် ဘန်ကောက်မြို့နှင့် မဟာချိုင် အပါအ၀င် အခြားမြို့များသို့ မြန်မာ အလုပ်သမားများ ပိုမိုသွားရောက် လိုကြသည်။

အလုပ်သမား ဥပဒေရေးရာ ဆောင်ရွက်သည့် အဖွဲ့တစ်ခုမှ စေတနာ့ ၀န်ထမ်း မြန်မာတစ်ဦးက “မဲဆောက်ကနေ ဘန်ကောက်နဲ့ အခြားနေရာတွေမှာ လိုအပ်တဲ့ အလုပ်သမားတွေကို ထောင်သောင်းချီပြီး ပို့နေတာ သူပဲဖြစ်ပါတယ်။ သူကတော့ ရဲစခန်းထဲကို ၀င်လိုက်ထွက်လိုက် လုပ်နေတာတော့ တွေ့တယ်။ အဖမ်းတော့ မခံရဘူးဗျ”ဟု ပြောသည်။

အဘိုင်ကြီး တင်ပို့သည့် လူများအနက်မှ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံ အလယ်ပိုင်း ခေါင်ကယ် ပိုက်ကွန် စက်ရုံတွင် အလုပ်သမား တစ်ထောင်ကျော်ကို နယ်စပ်မှ လူစားထိုး စာရွက်စာတမ်း(အတု)များဖြင့် ယာယီပတ်စ်ပို့ လုပ်ပြီး တင်ဆောင်ခဲ့သဖြင့် Work Permit (အလုပ်လုပ်ခွင့်) လျှောက်ထားရာတွင် ပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးသည်။ အလားတူ ခြုံဘူရီနှင့် မင်ဘူရီတွင်ရှိသော ဖိနပ်စက်ရုံများမှ ထောင်ချီရှိသည့် မြန်အလုပ် သမားများလည်း Work Permit လျှောက်ထားရာတွင် အခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း အဆိုပါ စေတနာ့ ၀န်ထမ်းက ပြောသည်။

မဲဆောက်နှင့် တာ့ခရိုင်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ (၁၂)ရက်နေ့အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့် (ဘတ်) လျှောက်ထားသူ စုစုပေါင်း (၃၇၂၅၆)ဦး ရှိသည်။ ထိုအထဲတွင် ကျန်းမာရေး ဆေးစစ်ခြင်းနှင့် နေထိုင်ခွင့်စာရွက် (ထောရော ၃၈) လုပ်ထား ပြီးစီးသူပေါင်း (၃၇၀၀) ရှိပြီဖြစ်ကြောင်း MRPWG (Migrant Right Promotion Working Group) ဟုခေါ်သော မဲဆောက်အခြေစိုက် အင်ဂျီအိုနှင့် အလုပ်သမားများ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့၏ ယမန်နေ့ စာရင်းအရ သိရှိရသည်။ တာ့ခရိုင်အတွင်း မြန်မာအလုပ်သမား (၄)သိန်းခန့် ရှိကြောင်း အဆိုပါအဖွဲ့က ခန့်မှန်း ထားကြသည်။

Source by :http://www.ghre.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။