Home » , , » မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားများ Levy ကြေးအား ပေးဆောင်ရမည်

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားများ Levy ကြေးအား ပေးဆောင်ရမည်

Written By မောင်စေတနာ on Friday, February 1, 2013 | 3:45:00 AM


မလေးရှားအစိုးရအဖွဲ့မှ ၁၉၉၂ခုနှစ် နိုင်ငံခြားသား အလုပ်သမား ပေါ်လစီအား ပြန်လည်ကျင့်သုံးရန် သဘောတူ ညီခဲ့ပြီးနောက် အဆိုပါပေါ်လ စီအရ လက်ရှိ ကျင့်သုံးနေသော Levyကြေးအား အလုပ်ရှင်များက ပေးဆောင်ရသည့် အနေအထားမှ အလုပ်သမားများ ကိုယ်တိုင်ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း သိရှိရသည်။ 

အဆိုပါ ဆုံးဖြတ်ချက်သည် မလေးရှားနိုင်ငံတွင်းမှ တရားဝင် အလုပ်လုပ် ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားများ ပါမစ် သက်တမ်းတိုးသည့် အချိန်မှ စတင် သက်ရောက် မည်ဖြစ်ပြီး အသစ်ရောက် ရှိလာသည့် နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် ပါမစ်ရရှိပြီး ချိန်မှစ၍ စတင် သက်ရောက်မည်ဖြစ်သည်။ 

ပါမစ်သက်တမ်း တိုးရာတွင် ရိုးရိုး Work pass,employment pass နှင့် ယာယီ အလုပ်လုပ်ခွင့် ပါမစ်များပါ အကြုံး ၀င်မည်ဖြစ်သည်။ အဆိုပါပေါ် လစီအရ အလုပ်ရှင်များ အနေဖြင့် နိုင်ငံခြားသား အလုပ်သမား များကို ခန့်ထားရာတွင် စရိတ်စက အနည်းငယ် သက်သာ သွားမည်ဖြစ်သည်။ ယခုမလေး တစ်နိုင်ငံလုံးတွင် ကျင့်သုံးမည့် အနည်းဆုံး လစာသတ်မှတ်ခြင်း အရ နိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံလစာမှာ ပျှမ်းမျှ ၃၀% မှ ၅၀% တိုးမြှင့်သွားမည်ဖြစ်ပြီး အရေအတွက် အားဖြင့် ရင်းဂစ်၆၀၀-၇၀၀ မှ ရင်းဂစ် ၉၀၀ သို့ တိုးမြှင့်ခြင်း ခံရမည်ဖြစ်သည်။ 

ထို့အပြင် တိုးမြှင့်လိုက်သော အခြေခံလစာ အပေါ်မူတည်၍ အချိန်ပို လုပ်အားခပါ တိုးမြှင့်လာပြီး တစ်လ၀င်ငွေ စုစုပေါင်း ပျှမ်းမျှ ရင်းဂစ် ၁၂၀၀မှ ရင်းဂစ် ၁၅၀၀အတွင်း ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်များ အနေဖြင့် ခန့်အပ် ထားသော အလုပ်သမားများ၏ လစာကို ရင်းဂစ်၃၀၀မှ ရင်းဂစ် ၅၀၀ အတွင်း တိုးမြှင့်ပေးချေရမည်ဖြစ် သဖြင့် ယခင်အလုပ်သမား အတွက် ပေးဆောင်နေရသည့် Levy ကြေးအား အလုပ် သမားများက ပေးဆောင် ရမည်ဖြစ်သည်။ 

Levy ကြေးပေးဆောင်ရမည့် ပေါ်လစီသည် မလေးရှားနိုင်ငံအတွင်း ၁၉၉၂ခုနှစ်မှစတင်ကျင့်သုံးခဲ့ပြီး ၂၀၀၉ခုနှစ်အထိ အလုပ်သမားများ ကသာ ပေးဆောင်ခဲ့ရပြီး ၂၀၀၉ခုနှစ်မှစတင်၍ မလေးရှားအစိုးရမှ အလုပ်ရှင်များအား ကျခံစေရန် ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ ၂၀၁၂ခုနှစ်အတွင်း ကျင့်သုံးခဲ့သည့် တရာမ၀င် အလုပ်သမား ပပျောက်ရေး 6P အစီအစဉ်အရ တရားဝင် အလုပ်သမားဦးရေ တိုးတက်လာခြင်းနှင့် အတူ အလုပ်ရှင်များ ဖက်မှ Levyကြေးပေး ဆောင်ရသည့် ပမာဏမြင့်တက်လာခဲ့သည်။ 

ထို့ကြောင့် အစိုးရ အနေဖြင့် အလုပ်သမားများအား လစာတိုးမြှင့်ပေးခြင်းဖြင့် Levy ကြေးအား ကိုယ်တိုင်ပေးဆောင် ရန် သတ်မှတ်လိုက်ခြင်းကြောင့် အလုပ်ရှင်များ ဖက်မှ စရိတ်စက အချို့ကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုစရိတ် သက်သာခြင်းကြောင့် ကုန်ဈေးနှုန်း ကျဆင်း လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ 

ထို့အပြင် နိုင်ငံအတွက်အခွန်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး နှစ်စဉ် ရင်းဂစ် ၂.၁ဘီလီ ယံရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ အလုပ်ရှင်များဖက်မှ အစိုးရ၏ အထက်ပါအစီအစဉ်အား ကြိုဆိုလိုက်သော်လည်း Malaysian Trades Union Congress က အဆိုပါအစီအစဉ်၏ အားနည်းချက် များကို ဝေဖန်သွားကြောင်း သိရှိရသည်။ 

မလေးရှားအစိုးရ၏ အစီအစဉ်သည် အလုပ်ရှင်များဖက်မှ စရိတ်စက သက်သာစေရန် သက်သက်သာ ရည်ရွယ်ပြီး အလုပ်သမားများ အတွက် ၀န်ထုတ်ဝန်ပိုးတစ်ခု ဖြစ်စေနိုင်ကြောင်း ထောက်ပြသွားသည်။ ထို့အပြင် အစိုးရအနေဖြင့် Levyကြေးအား ကိုယ်တိုင်ပေးဆောင်ရမည့် နိုင်ငံခြားသား အလုပ်သမားများ၏ တခြား လိုအပ်ချက်များ [EPF(Employee Provident Fund) နှင့် Socso (Social Security Organisation)] ကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း အကြံပြုသွားခဲ့သည်။ 

အလုပ်ရှင်အများစုက အစိုးရ၏အစီအစဉ်အား ကြိုဆိုလိုက်သော်လည်း မလေးရှားနိုင်ငံ၏ အကြီးမားဆုံး မီနီမတ်စီးပွားရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် KK Mart Group ကမူ အဆိုပါ အစီအစဉ်သည် ၎င်းတို့ အတွက် အကျိုး မရှိကြောင်းပြော ဆိုသွားသည်။ ၎င်းတို့ အနေဖြင့် နိုင်ငံခြားသား အလုပ်သမားများ အား နေစရာ၊ အကြိုအပို့ စီစဉ်ပေးထား သည့်အပြင် စားစရိတ်ပါ ပေးထားသဖြင့် လစာတိုးမြှင့်ပေးရခြင်း အတွက် အဆိုပါ စရိတ်စကများကို အလုပ်သမားများ အိတ်စိုက် ကျခံသင့်ကြောင်း ဝေဖန်သွားသည်။ 

လက်ရှိအချိန်တွင် KK Group ၌ အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ် သမားများ ၅၀၀ကျော်အား တစ်ရက် ၁၂နာရီအလုပ်ချိန် အတွက် အခြေခံလစာ ၉၀၀ရင်းဂစ် ပေးချေထားကြောင်း၊ အစိုးရ၏ အနည်းဆုံး လစာပေါ်လစီ သက်ရောက်ပြီး နောက်ပိုင်းတွင် အဆိုပါ အလုပ်သမားများ၏ လစာမှာ ၁၄၀၆ ရင်းဂစ်သို့ တိုးမြှင့်ပေး ချေရမည်ဖြစ်သည့် အတွက် အလုပ်သမားများ အတွက် ပံ့ပိုးထားသည့် နေစရာ အဆောက်အအုံ၊ အကြိုအပို့စ သည့် စရိတ်စကများပါ ဆက်လက် ကုန်ကျမည်ဆိုလျှင် ၎င်းတို့အတွက် ပို၍ အခက် အခဲဖြစ်စေကြောင်း ပြောဆိုသွားသည်။ 

အလုပ်သမား ၅၀၀ကျော် အတွက် တစ်လစာ လစာငွေပေးချေရမည့် ပမာဏမှာ ပေါ်လစီ သက်ရောက်ပြီးနောက် ပိုင်းတွင် ရင်းဂစ်၂၅၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ပြောပြသွားပါသည်။ တချို့သော အသေးစား စီးပွားရေး လုပ်ငန်းများမှ လုပ်ငန်းရှင်များကမူ ၎င်းတို့၏ အလုပ်သမားများကို Levy ကြေး ကိုယ်တိုင်ပေးဆောင်စေ လိုခြင်း မရှိကြောင်း သိရသည်။ ပေါ်လစီ မသက်ရောက်မှီ နိုင်ငံခြားသား အလုပ်သမား အတွက် အလုပ်ရှင်မှ ပေးဆောင်ရသည့် တစ်နှစ်စာ Levyကြေးမှာ တစ်ဦးလျှင် [Services Sector-Rm600-Rm1850, Plantation-Rm590, Manufacturing&Construction Sector-Rm1250] ဖြစ်ကြောင်း သိရှိရသည်။ 

ယခုကျင့်သုံးမည့် Minimum Wage ပေါ်လစီအရ အဆိုပါ Levy ကြေးအား အလုပ်သမား ကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်ပြီး တိုးမြှင့်ခံရမည့် လစာငွေမှာ အနောက်ဖက် ပင်နီဆူလာ ကျွန်းဆွယ်တွင် အလုပ်သမား တစ်ဦးလျှင် လစာငွေ အနည်းဆုံး တစ်လလျှင် ရင်းဂစ် ၉၀၀ ရရှိမည်ဖြစ်ကာ အရှေ့ဖက် Sabah နှင့် Sarawah တွင် ရင်းဂစ်၈၀၀ အနည်းဆုံး ရရှိမည်ဖြစ်သည်။ 

အလုပ်သမား အာမခံကြေးမှာ နိုင်ငံခြားသား အလုပ်သမားတစ်ဦး အတွက် ရင်းဂစ်၇၂ မှ ရင်းဂစ်၂၀၀ ထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်သမားများ အတွက် နေစရာနှင့် အကြို အပို့စရိတ်အား အလုပ်ရှင်မှ ကျခံရမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လုပ် ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားများအတွက် တိုးမြှင့်ခံရမည့် လစာငွေနှင့် Levyကြေးပေးဆောင် ရမည့် ပမာဏ အပေါ်မူတည်၍ အကျိုးရှိနိုင်သော် လည်း အများစုမှာ အေးဂျင့်များမှ တဆင့် အလုပ်ရှင်နှင့် ဆက်သွယ် အလုပ် လုပ်နေကြသည့် အတွက် အဆိုပါ အစီအစဉ်သည် ၎င်းတို့ အတွက် အကျိုးရှိနိုင် မဟုတ်ဟု စားသောက်ဆိုင် တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားတစ်ဦးက ပြောဆို သွားပါသည်။ 

၎င်းအား အလုပ်ရှင်မှ အလုပ်ချိန် ၁၂နာရီအတွက် တစ်လလစာ ရင်းဂစ် ၁၂၀၀အား အေးဂျင့်၏ ဘဏ်စာရင်း အတွင်း လစဉ် ထည့်သွင်းပေးပြီး အေးဂျင့်မှ ၎င်းအား ရင်းဂစ် ၉၀၀သာ ပေးချေကြောင်း ပြောပြ သွားပါသည်။ 

ထို့ကြောင့် တိုးမြှင့် ခံရမည့် လစာငွေများမှာ အဆိုပါ အလုပ်သမားများ အတွက် အကျိုးမရှိနိုင်ပဲ အေးဂျင့်များ အတွက်သာ အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့၏ Levy ကြေးကိုလည်း အေးဂျင့်ကသာ ပေးဆောင်ပြီး ပိုလျှံသည့် လစာငွေအား အေးဂျင့်ကသာ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ငြီးငြူပြောဆို သွားပါသည်။ အဆိုပါ သတင်းများအား အောက်ပါ ၀က်ဆိုက်များတွင် ၀င်ရောက် ဖတ်ရှုနိုင် ပါသည်။


Source by : မလေးရှားအခြေစိုက် ၀ံသာနုသတင်းထောက်ပေးပို့သော သတင်းအား တင်ဆက်ခြင်းဖြစ်ပါသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။