Home » » ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ ယင့်လပ် ဖြစ်လာမည်

ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ ယင့်လပ် ဖြစ်လာမည်

Written By မောင်စေတနာ on Wednesday, July 6, 2011 | 5:54:00 PM

http://www.irrawaddy.org/bur/images/stories/Phue_Thai_partys_Yingluck_Shinawatra.jpg
ဖုယာ့ထိုင်းပါတီ ဌာနချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြီးနောက် မစ္စ ယင့်လပ် က ပြည်သူပရိသတ်အား နှုတ်ဆက်နေစဉ်
(ဓာတ်ပုံ - AP)

ထိုင်းနိုင်ငံ၏ တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် မစ္စ ယင့်လပ် ရှင်နာဝပ် ဦးဆောင်သည့် ဖုယာ့ထိုင်း ပါတီက လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ၏ ဒီမိုကရက် ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ ထိုင်းနိုင်ငံ၌ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာ တော့မည်။

အဆိုပါ ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရ ဒီမိုကရက် ပါတီက အမတ်နေရာ ၁၆၀ နေရာတွင်သာ အနိုင်ရရှိခဲ့ပြီး အတိုက်အခံ ဖုယာ့ထိုင်း ပါတီက၂၆၂ နေရာရရှိခဲ့သည်။

မစ္စ ယင့်လပ် ရှင်နာဝပ်သည် လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်းခံထားရသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်၏ ညီမ အငယ် ဆုံးဖြစ်သည်။ မစ္စ ယင့်လပ် မှာ မစ္စတာ သက်ဆင်၏ ကိုယ်ပွားတယောက်ဖြစ်သည်ဟုလည်း ထိုင်း နိုင်ငံရေးလောကတွင် နာမည်ကြီးသူ တဦးဖြစ်သည်။

ဝန်ကြီးချုပ် အဖိဆစ် ဝေချာချီဝကမူ မစ္စ ယင့်လပ် ရွေးကောက်ပွဲ ၀င်ရောက်ခြင်းသည် တိုင်းပြည်အတွက် အကျိုးပြုရန် မဟုတ်ဘဲ အစ်ကိုဖြစ်သူ မစ္စတာ သက်ဆင် ပြည်တော်ပြန်နိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မဲဆွယ်စည်းရုံးရာတွင် ပြောဆိုခဲ့သည်။

မစ္စ ယင့်လပ်သည် ထိုင်းနိုင်ငံရေး လောကသို့ ၀င်ရောက်ခဲ့သည်မှာ သီတင်း ၆ပတ်သာ ကြာမြင့်သေးသော်လည်း ယခုရွေး ကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့်အတွက် အစ်ကိုဖြစ်သူ၏ သြဇာအရှိန်အ၀ါဖြင့် အနိုင်ရခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

ရွေးကောက်ပွဲ အနိုင်ရ ဖူးယာ့ထိုင်း ပါတီသည် ချတ်ထိုင်းပါတီ အပါဝင် ပါတီငယ်လေးခုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည်ဟု ယနေ့ ထုတ် The Nation သတင်းစာတွင် ဖော်ပြထားပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝလည်း ရာထူးမှ နုတ်ထွက်ပေးရမည်ဟု ရေးသား ထားသည်။

မစ္စ ယင့်လပ်က အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ရန် သံန္နိဋ္ဌာန်ချထားကြောင်း ဆန္ဒရှိသည်ဟုလည်း ဖော်ပြထားသည်။

မစ္စတာ သက်ဆင် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာ နိုင်ငံ တွင် ထိုစဉ်ကအုပ်ချုပ်ခဲ့သည့် စစ်အစိုးရနှင့်ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းတွင် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ဖူးသည်။

ထို့အပြင် ဘန်ကောက်မြို့ရှိ မနီလွိုင် ဒုက္ခသည်စခန်းကို ဖျက်သိမ်းကာ မြန်မာဒုက္ခသည်များကို နယ်စပ်ဒေသသို့ ပို့ဆောင်ခဲ့သည့် အ ပြင် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား၂သန်းမှ ၄သန်းအတွင်း အလုပ်လုပ်ကိုင်နေပြီး နယ်စပ် ဒေသ ရှိ ဒုက္ခသည်စခန်းများတွင်လည်း ဒုက္ခသည် သိန်းနှင့်ချီ ရှိနေသည်။

ထိုင်းနိုင်ငံတွင် လူအခွင့်အရေးများဆောင်ရွက်နေသည့် ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ (HRDF) ၏ အကြံပေးပုဂ္ဂိုလ် အန်ဒီဟောက လက်ရှိ အနိုင်ရရှိထားသည့် ဖုယာ့ထိုင်းပါတီသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောသည်။

“ကျနော်သိရသလောက် ဒီမိုကရက်ပါတီ လက်ထက် အလုပ်သမားတွေက အဆင်မပြေမှုများတယ်လို့ ပြောကြတယ်”ဟု အန်ဒီဟော က ဆိုသည်။

ချင်းမိုင်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက မစ္စ ယင့်လပ် အရွေးချယ်ခံရခြင်းကို ကြိုဆိုကြောင်း၊ ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့အစည်းများအပေါ်တွင် မည်သို့သဘောထားမည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။