Home » » Lဆိုင်းဇီ နှင့် တွေ့ဆုံခြင်း ...

Lဆိုင်းဇီ နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Friday, June 3, 2011 | 8:43:00 PM

‘ဆိုင်းဇီ နံပါတ်တစ်ကြီး ဖြစ်ချင်နေတာလည်း မဟုတ်ပါဘူး။ အခုရထားတဲ့ ပရိသတ်အားပေးမှုနဲ့ပဲ ကျေနပ်ပါတယ်’၊ Lဆိုင်းဇီနှင့် တွေ့ဆုံခြင်း ...e4810

‘မောင်တို့ချယ်ရီမြေ’ တေးစီးရီးထွက်ရှိစဉ်အခါက ဆွဲဆောင်မှုရှိတဲ့ အသံအေးအေးလေးနဲ့ ပရိသတ် သတိထားမိစေခဲ့တဲ့ တိုင်းရင်းသူလေး တစ်ယောက်လို့ ဆိုလိုက်တာနဲ့ ကချင်တိုင်းရင်းသူလေး Lဆိုင်းဇီဆိုတာ သိကြပြီးဖြစ်မှာပါ။ အဲဒီအခွေထဲက ‘လှည့်ကြည့်ပါဦး’ သီချင်းလေးက ပရိသတ်အများစုရဲ့ ရင်ထဲကို ထိုးဖောက်သွားပြီးနောက်မှာ ‘မိုးရာသီထဲ’သီချင်းနဲ့ Lဆိုင်းဇီက နောက်ထပ်မှတ်တိုင်တစ်ခု ထပ်စိုက်နိုင်ခဲ့သလို ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတချို့ မှာလည်း ပီပြင်သော သရုပ်ဆောင်မှုတွေနဲ့ ပုံဖော်ပြနိုင်ခဲ့ပါသေးတယ်။ ဒီတော့သူပြောပြတဲ့ သူ့ရဲ့ လတ်တလော အနုပညာရေးရာ အထွေထွေ၊ ပရိသတ်နဲ့ သူ့ကြားက သဘောထား၊ ခဏတာ ကင်းကွာသွားခဲ့ရတဲ့ အကြောင်းအရာတွေကို မေးဖြစ်ခဲ့ရာမှာတော့ အခုလိုဖြေကြားလာခဲ့ပါတယ် . . .

မေး - ပြည်ပရှိုးပွဲရောသွားဖို့ ရှိလား။

ဖြေ - စက်တင်ဘာလမှာ ဥရောပဘက်ကို တစ်လလုံး ဖျော်ဖြေရေး သွားဖို့ရှိတယ်။ အမေရိကား ဖျော်ဖြေရေး ကို တစ်လလုံးသွားထားခဲ့တော့ ပရိသတ်နဲ့က နည်းနည်း အဆက်ပြတ်သလို ဖြစ်သွားတယ်လေ။ ဒါကြောင့် လောလောဆယ် ဆိုင်းဇီပရိသတ်တွေ အတွက် အချိန်ပေးဦးမှာပါ။

မေး - ဗီစီဒီပိုင်းကို စနေပြီဆိုတော့ ဗီစီဒီဖန်တီးမှုအပိုင်းမှာ ဆိုင်းဇီစိတ်ကြိုက် လုပ်ဖြစ်လား။

ဖြေ - ဆိုင်းဇီရဲ့ တစ်ကိုယ်တော်ခွေ ‘ဝေခွဲမရပါလား’က ငါးနှစ်လောက် ကြာပြီးမှ ထွက်နိုင်ခဲ့တာ။ ဗီစီဒီကို တော့အချိန်တွေ အများကြီး မယူချင်တော့ဘူးလေ။ အခုအားရက်လေးရတာနဲ့ကို ရိုက်ဖို့စီစဉ်ဖြစ်တာ။ တစ်ပုဒ်ချင်းကတော့ ဆိုင်းဇီ စဉ်းစားတယ်။ ဒါရိုက်တာက လုပ်ချင်တဲ့ စိတ်ကူးနဲ့ ဆိုင်းဇီဖြစ်ချင်တာလေးတွေနဲ့ ညှိယူရတာပေါ့လေ။ ဒါရိုက်တာက သုံးပေါင်ပါမယ်၊ ဦးပီတာပါမယ်။ နောက်ထပ် ဒါရိုက်တာတွေလည်း အများကြီးပါဦးမှာပါ။

မေး - သရုပ်ဆောင်တဲ့ အပိုင်းမှာလည်း လုပ်ဖြစ်နေတယ်ဆိုတော့ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့ရော ဘယ်လိုစဉ်းစားထားလဲ။

ဖြေ -သရုပ်ဆောင်ကတော့ ဆိုင်းဇီလည်း လုပ်ကြည့်ချင်တာနဲ့ လုပ်ဖြစ်သွားတာ။ ဆိုင်းဇီက အဆိုတော် တစ်ယောက် ဖြစ်နေတဲ့အတွက် ကိုယ့်အခွေအတွက် အချိန်ပေးရတာနဲ့၊ ရှိုးပွဲဆိုရတာနဲ့ ကျတော့ တစ်ခါတလေမှာ သရုပ်ဆောင်ပိုင်းကို အချိန်မပေးနိုင်တာမျိုးလည်း ရှိပါတယ်။ ဆိုင်းဇီရဲ့မူလ အလုပ်ဖြစ်တဲ့ အဆိုပိုင်းကိုတော့ ပိုပြီး ဦးစားပေးဖြစ်တဲ့ သဘောပေါ့လေ။ ဇာတ်ကားရိုက်ကတော့ ကိုယ်နဲ့လိုက် ဖက်တယ်ထင်လို့ လာပြောလာတာမျိုး ရှိရင်လက်ခံဖြစ်မှာပါ။

မေး -ဆိုင်းဇီနဲ့ ပရိသတ်ကြားထဲမှာ အချိန်ကာလ တစ်ခုလောက် အဆက်ပြတ်သလို ဖြစ်သွားခဲ့တယ်နော်။

ဖြေ - ဟုတ်ပါတယ်။ ဆိုင်းဇီ အမေရိကားဖျော်ဖြေရေး ခရီးစဉ်က ပြန်လာတဲ့အချိန်မှာ ကိုဇော်ပိုင်နဲ့ နှစ်ယောက် တွဲ အခွေအတွက် ဗီစီဒီရိုက်တယ်။ နယ်ရှိုးတွေလည်း ဆက်တိုက်ဆို ဖြစ်တယ်။ ကြားထဲမှာပေါ်လာတဲ့ ပြည်ပပွဲလေးတွေလည်း ဆိုရတဲ့အခါကျတော့ ဆက်တိုက်ဆိုသလို မအားဘူး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတဲ့ အခါကျတော့ ဆိုင်းဇီနဲ့ ပရိသတ်တွေကြားမှာ အချိန်အတိုင်းအတာ တစ်ခုဝေးသွားသလို ဖြစ်သွားတာပါ။ နောက်ပိုင်းတော့ ပရိသတ်နဲ့ အဆက်မပြတ်သွားအောင် ဂရုစိုက်မှာပါ။

မေး - ဖက်ရှင်ဒီဇိုင်းတွေအပေါ် အမြင်လေး ပြောပြပေးပါဦး။

ဖြေ - ၂၀၀၅ခုနှစ် ဆိုင်းဇီတို့စ၀င် လာခါစတုန်းကတော့ ရှိုးပွဲတွေမှာ အဆိုတော် တော်တော်များများက ရိုးရိုးကြီးတွေပါပဲ။ ဆိုင်းဇီတို့ ကိုယ်တိုင်လည်း ဒီလိုပဲ ဂျင်းပန်နဲ့တီရှပ် ၀တ်ပြီးဆိုကြတာ များပါတယ်။ အခု နောက်ပိုင်းဆိုကြတဲ့ ကလေးတွေကတော့ တော်တော်လေး အမြင်ရှိကြတာ တွေ့ရတယ်။ ပရိသတ်တွေ ကိုယ်တိုင်ကလည်း အဆိုတော်တွေရဲ့ ၀တ်စားဆင်ယင်မှုကအစ စောင့်ကြည့် အားပေးကြတာမျိုးတွေ ရှိလာတယ်လေ။ ဒါကြောင့် အနုပညာရှင်တွေ ဘက်ကလည်း တတ်နိုင်သလောက် ပြင်ဆင်ရပါတယ်။

မေး- ကိုယ်တိုင်လည်း သီချင်းရေးသလို ကိုယ်ပိုင်သံစဉ်တွေ ရေးဖို့လည်း အားသန်တဲ့သူ တစ်ယောက်အနေနဲ့ ဘယ်လိုဝမ်းစာဖြည့်ဖြစ်လဲ။

ဖြေ- ဆိုင်းဇီတို့ ခရစ်ယာန်ဘာသာ အယူအရဆိုရင်တော့ ဘုရားသခင် အလိုတော်အတိုင်းပါပဲ။ ၀မ်းစာဖြည့် တဲ့ အပိုင်းဆိုရင်တော့ စာပေတွေကို လေ့လာဖတ်ရှုဖြစ်တယ်။ ကဗျာတို့ ဆောင်းပါးတို့တွေ ဖတ်ဖြစ်တယ်။ ဆိုင်းဇီ သီချင်းရေးဖြစ်တယ် ဆိုတာကလည်း တတ်သလောက်မှတ် သလောက်ကလေးနဲ့ ရိုးရိုးစင်းစင်း လေးတွေပဲ ရေးဖြစ်နေတာပါ။ အဲဒီလို ရေးဖြစ်နေတာလေးတွေကိုပဲ ပရိသတ် လက်ခံအားပေးနေတာပါ။ ဆိုင်းဇီသိပ် အများကြီးတော့လည်း သိလို့မဟုတ်ပါဘူး။ ကိုယ်ရေးတတ်သလောက်လေးပဲ ရေးဖြစ်တာပါလို့ ပြောချင်ပါတယ်။

မေး- ရထားတဲ့နေရာအတွက် ကျေနပ်ရဲ့လား။

ဖြေ- ဆိုင်းဇီတင်းတိမ် ရောင့်ရဲတတ်ပါတယ်၊ သိပ်အများကြီးလည်း မမျှော်လင့်ထားပါဘူး။ ဆိုင်းဇီနံပါတ်တစ်ကြီး ဖြစ်ချင်နေတာတော့လည်း မဟုတ်ပါဘူး။ အခုရထားတဲ့ ပရိသတ်အားပေးမှုနဲ့ပဲ ကျေနပ်ပါတယ်။

မေး- အောင်မြင်တဲ့သူ တစ်ယောက်အနေနဲ့ ကြုံရတတ်တဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုခံယူထား လဲ။

ဖြေ- သီချင်းဆိုတဲ့ အလုပ်က ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်၊ကိုယ်တကယ် လုပ်ချင်တဲ့အလုပ် ဖြစ်နေတော့ ပင်ပန်းတယ်လို့လည်း စိတ်ထဲမှာမထားပါဘူး။ အောင်မြင်မှုရှိလာတာ နဲ့ အမျှ မကောင်းပြောခံရတာတို့၊ တိုက်ခိုက်ခံရတာမျိုးတို့တော့ ကြုံရပါတယ်။ အဲဒါတွေအတွက် ငယ်ငယ်တုန်းက စိတ်ဆိုးတာမျိုးတွေ ရှိပေမယ့် အခုချိန်မှာတော့ စိတ်ထား တတ်သွားပါပြီ။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။