Home » » ပြည်ပရောက် မြန်မာအလုပ်သမား အချို့၌ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ

ပြည်ပရောက် မြန်မာအလုပ်သမား အချို့၌ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ

Written By မောင်စေတနာ on Monday, June 13, 2011 | 5:11:00 AM


http://www.weeklyeleven.com/images/stories/June_11/Bi/4106.jpg

ပြည်ပရောက် မြန်မာအလုပ်သမား အချို့၌ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ အပြင် လူကုန်ကူးခံရသည့်
ဖြစ်ရပ်များ ကြုံတွေ့လာရသောကြောင့် အထွေထွေ လုပ်သားအဖြစ် သွားရောက်သူအများစု သတိပြုဖွယ်ဖြစ်လာ

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားအချို့၌ လုပ်အားခခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများအပြင် လူကုန်ကူးခံရသည့် ဖြစ်ရပ်များ ကြုံတွေ့ လာရသောကြောင့် အထွေထွေလုပ်သား အဖြစ် သွားရောက်သူ အများစုသတိပြုဖွယ် ဖြစ်လာကြောင်း သိရှိရသည်။

အလားတူ နိုင်ငံခြားသို့ တရားမ၀င် သွားရောက်သူ အများစု၌ လုပ်အားခ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရ မှုများအပြင် လူကုန်ကူးခံရသည့် ဖြစ်ရပ်များ ရှိလာသောကြောင့် တရားဝင် သွားရောက်သူများတွင်လည်း သတိ ပြုဖွယ်ဖြစ်လာကြောင်း UNIAP မှ National Project Coordinator ဒေါ်ဥမ္မာအိအိချောက ပြောပြခဲ့သည်။

“မြန်မာနိုင်ငံကနေ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တဲ့သူတွေများ လာတာနဲ့အမျှ တရားဝင်သွားတဲ့သူ ရှိသလို တရားမ၀င် သွားတဲ့သူတွေလည်း ရှိပါတယ်။ အများအားဖြင့် နယ်စပ်ဒေသတွေက ထိုင်းနိုင်ငံဘက် ကို တရားမ၀င်သွားပြီး အလုပ်လုပ်ကြတဲ့သူတွေ ရှိတယ်။ သူများနိုင်ငံမှာ ဒီလိုတရားမ၀င်သွားပြီး အလုပ်လုပ်တော့ လုပ်အားခေါင်းပုံဖြတ်တာတွေ အပြင် နောက်ဆက်တွဲဖြစ်ရပ်တွေက လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိလာတယ်။ ဒီနောက်ပိုင်းမှာတော့ တရားမ၀င်သွားတဲ့သူတွေရော တရားဝင်သွားတဲ့သူတွေပါ သတိပြုသင့်ပါ တယ်”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် UNIAP မှ National Project Coordinator ဒေါ်ဥမ္မာအိအိချောက ပြောပြခဲ့သည်။

၂၀၁၁ ခုနှစ်အတွင်း ဧပြီလ ၁၉ ရက်နေ့အထိ လူကုန်ကူးခံရသူ ၄၆ ဦး ရှိခဲ့ကြောင်းလည်း သိရှိရသည်။ ယင်း နှင့်စပ်လျဉ်းပြီး “ဧပြီ ၁၉ ရက်နေ့ အထိ ကယ်လိုက်နိုင်တဲ့သူ စုစုပေါင်း ဆိုရင် ၄၆ ဦးရှိခဲ့တယ်။ ၄၆ ဦးထဲ မှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးက လူတွေလည်းပါတယ်။ အဲဒီအထဲမှာ လူကုန်ကူးခံရတယ်လို့ သူတို့ပြောတဲ့သူက ၁၅ ဦး၊ ကျန်တဲ့ ၂၈ ဦးက ထိုင်းနိုင်ငံ ထဲကို တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ရင်းကနေ လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေပေါ့”ဟုလည်း ဒေါ်ဥမ္မာအိအိချောက ပြောကြားခဲ့သည်။

“ဒီလိုဖြစ်ရပ်တွေ ရှိလာတော့ သူများနိုင်ငံမှာသွားပြီး အလုပ်လုပ်မယ်ဆိုရင် ကိုယ့်မှာ professional ဖြစ်လောက်တဲ့ အသက်မွေးဝမ်း ကျောင်းတစ်ခုခုတတ်မှ သွားသင့်တယ်။ ဒါတောင် ဟိုမှာရမယ့် အလုပ်အကိုင်က မသေချာသေးဘူး။ ကိုယ်က အထွေထွေ လုပ်သားအနေနဲ့ သွားမယ်ဆိုရင်တော့ အများကြီး သတိပြုသင့်ပါတယ်။ အဆိုးဆုံးကတော့ကိုယ်ဟာ လူကုန်ကူးခံရ တဲ့အထိ မဖြစ်ဖို့ပါ”ဟု အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။

တရားမ၀င် သွားရောက်သူများအပြင် တရားဝင် သွားရောက်သူများတွင်လည်း လူကုန်ကူးခံရမှုများ ကြုံ တွေ့လာနိုင်ခြင်းနှင့် ပတ်သက်ပြီးလည်း “တရားဝင်ရော တရားမ၀င်သွားတဲ့သူ တွေမှာပါ လူကုန်ကူးခံရမှုတွေ ဖြစ်လာနိုင်တယ်။ တရားဝင်သွားတဲ့ သူတွေမှာလည်း သူများနိုင်ငံရောက်ရင် ကိုယ့် passport ကို သိမ်းသွားတာတွေရှိတယ်။ သွားတုန်းက စက်ရုံမှာလုပ်ရမယ် ပြောတယ်။ ဟိုရောက်မှ နင့်ကိုခေါ်ထားတဲ့ စက်ရုံအလုပ်ရုံမရှိသေးဘူး။ ဒီအလုပ်ကိုပဲ လုပ်လိုက်ပါဆိုတာတွေ ရှိတော့ သူတို့ခေါ်တုန်းက စက်ရုံတွေ မှာမဟုတ်ဘဲ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ၀င်လုပ်ရတာတွေ ရှိတယ်။ ဗီဇာတွေမှာကိုက အမျိုးမျိုးရှိတယ်လေ။ များသောအားဖြင့် passport ရှိရင် နိုင်ငံခြားသွားလို့ ရပြီလို့ထင်ကြတယ်။ ကိုယ်က အလည်ဗီဇာနဲ့သွားပြီး အလုပ် သွားလုပ်မယ်ဆိုရင် ဒါသူများနိုင်ငံမှာ တရားမ၀င်သွားပြီး အလုပ်လုပ်တာပဲလေ။ အဲဒါမျိုးက တကယ်တမ်း ဖြစ်လာပြီဆိုရင် အရေးယူခံရတာပါပဲ”ဟု မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။

“နောက်ပြီး ဟိုကအေးဂျင့်တွေက passport ကို သိမ်းထားမယ်ဆိုရင် ကိုယ်ဘာမှလုပ်လို့မရတော့ဘူး။ အပြင် ထွက်လို့လည်းမရ။ passport နဲ့တော့ နိုင်ငံခြားသွားပါရဲ့၊ ဟိုလည်းရောက်ရော အလုပ်ရှင်က ကိုယ့် passport ကို လည်းသိမ်းထား၊ passport ပေးမှ အလုပ်ခန့်မယ်ဆိုတာတွေ ရှိတယ်။ထွက်ပြေးရင်လည်း passport မပါတော့ထွက်ပြေးလို့မရတာတွေရှိတယ်” ဟုလည်း မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူက ဆက်လက် ပြောကြားခဲ့သည်။

ယင်းနှင့်စပ်လျဉ်းပြီး “မြန်မာသံရုံး ဆိုတာကလည်း မြို့တိုင်းမှာ ရှိတာ မဟုတ်ဘူးလေ။ တစ်နိုင်ငံလုံးမှာသံရုံး ဆိုတာကတစ်ခုပဲရှိတာလေ။ နောက်ပြီး သံရုံးရှိတဲ့နေရာနဲ့ ကိုယ်အလုပ်လုပ်တဲ့ နေရာနဲ့ကလည်းဘယ်လောက်ဝေးဝေး သွားရမယ်မှန်းလည်း မသိတာတွေ ရှိတယ်။ များသောအားဖြင့် ခေါ်သွား ကြတယ်ဆိုတာက သံရုံးရှိတဲ့နေရာ တွေထက် သံရုံးနဲ့ဝေးတဲ့ နယ်တွေကို ခေါ်သွားကြတာ များတယ်လေ။

အဲဒီ အတွက် ကိုယ်သံရုံးကိုသွားပြီး အကူအညီ တောင်းမယ်ဆိုရင်တောင် ဘယ်လို သွားရမလဲကြဘူး။ ဒီတော့ဟိုရောက်မှ သူတို့က ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်ထားရင်လည်း ခံရတာပဲ။ အဆိုး ဆုံးကတော့ ကိုယ်ဟာလူကုန်ကူး ခံလိုက်ရတယ်ဆိုတာတောင် ကိုယ့် ကိုယ်ကိုယ် မသိတာတွေလည်း ရှိတယ်။ ဒီတော့ တရားဝင်ပဲသွားသွား၊ တရား မ၀င်ပဲသွားသွား၊ လူကုန်ကူးခံရမှု မဖြစ်ဖို့က အရေးကြီးပါတယ်”ဟု ဒေါ်ဥမ္မာအိအိချောက ပြောပြခဲ့သည်။

“ခုနောက်ပိုင်းမှာ လူကုန်ကူးမှု တွေက ကိုယ့်အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေက တစ်ဆင့်လူကုန်ကူးမှု ကျူးလွန်တဲ့ အသွင်တွေများတယ်။ ဒီတော့ ဘယ်နေရာ၊ ဘယ်သူနဲ့ပဲသွားသွား ငါ့မှာဒါမျိုးတွေဖြစ်နိုင်ပါလား ဆိုတာကို ခေါင်းထဲမှာ ထည့်ထားသင့်တယ်”ဟု လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အထူးသဖြင့် သူများနိုင်ငံရောက်နေရင် ကိုယ်ရောက်နေတဲ့ နေရာမပြောနိုင်ရင်တောင် ကိုယ်နယ်စပ်ရောက်နေတယ်။ နယ်စပ်မှာ ဘာကားကိုစီးတယ်။ ဘယ်လိုမျိုးတွေရှိတယ်။ ဒါတွေကို ပြောနိုင်မယ်ဆိုရင် လူကုန်ကူး အထူး အဖွဲ့တွေမှာ နဂိုကတည်းက စုဆောင်းထားတဲ့ အချက်အလက်တွေရှိတော့ မှန်းရစုံစမ်းရတာ လွယ်တယ်။ နောက်ပြီး လူကုန်ကူးမှုဆိုတာ အချိတ်အဆက် ရှိတဲ့နေရာတွေမှာ အဖြစ်များတော့ တစ်ခုခုဆိုရင် တိုင်ကြားရမယ့် ဖုန်းနံပါတ်စသဖြင့် ဒါတွေကိုအမြဲသတိပြု ပြီး သွားမယ်ဆိုရင် အန္တရာယ်ကင်းနိုင်ပါတယ်”ဟုလည်း အဆိုပါတာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။