Home » » ထိုင်းရှိ ဒုက္ခသည် စခန်း ၂ ခု လူဦးရေ စစ်ဆေး ...

ထိုင်းရှိ ဒုက္ခသည် စခန်း ၂ ခု လူဦးရေ စစ်ဆေး ...

Written By မောင်စေတနာ on Thursday, May 26, 2011 | 10:29:00 PM

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၂ ခု၌ ယနေ့ နံနက်မှစတင်၍ ထိုင်းအာဏာပိုင်များက လူဦးရေစာရင်း စစ်ဆေးမှုပြုလုပ်ရာ ဒုက္ခသည် မိသားစု မှတ်တမ်းဓာတ်ပုံ ရိုက်ကူးချိန်တွင် မရှိသည့် လူစာရင်းကို ပယ်ဖျက်ကြောင်း သိရသည်။

mae-la-refugee-camp-irr

မယ်လ ဒုက္ခသည် စခန်းအတွင်းက နံနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရ မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းနှင့် ထာ့ဆောင်ရမ်း မြို့နယ်ရှိ မယ်လ ဒုက္ခသည် စခန်းများအတွင်း အမှန်တကယ် နေထိုင်သည့် ဒုက္ခသည် ဦးရေစာရင်း အတိအကျကို သိရှိနိုင်ရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စစ်ဆေးမှုပြုလုပ်ခြင်း ဖြစ်သည်။

အုန်းဖျန် စခန်းမှ ဒုက္ခသည်စောကူးက “ဒီနေ့မနက် ၈ နာရီစတယ်၊ အသေးစိတ်တော့ မဟုတ်ဘူး၊ မိသားစုစာရင်းမှာရှိတဲ့ လူဦးရေအတိုင်း မိသားစု ဓာတ်ပုံရိုက်တယ်၊ စာရင်းရှိပြီး လူမရှိတဲ့သူတွေကိုတော့ သူတို့စာရင်းက ဖျက်လိုက်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ယနေ့ စတင်သည့် စစ်ဆေးမှုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ထိုင်းလုံခြုံရေး တပ်ဖွဲ့များပါဝင်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လေ့လာသူအဖြစ် ပါရှိသည်။

အုန်းဖျန်စခန်းမှ ရပ်ကွက်မှူး တဦးက “စာရင်းရှိပြီး လူမရှိတဲ့လူတွေ အတော်များတယ်၊ စာရင်း အတိအကျတော့ မသိရသေးဘူး၊ တနေ့ကို အနည်းဆုံး ရပ်ကွက်၂ ခုကိုစစ်မယ်၊ ဒီနေ့ကစပြီး နောက်လ ၁ ရက်နေ့အထိ ဖြစ်တယ်”ဟု ပြောသည်။

မယ်လ ဒုက္ခသည်စခန်းတွင် ယနေ့စတင် ပြုလုပ်သည့် စစ်ဆေးမှု၌ မိသားစုစာရင်းရှိပြီး လူမရှိသောကြောင့် စာရင်းပယ်ဖျက် ခံရသူ အများအပြား ရှိသည်ဟု စခန်းအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောပြသည်။

၎င်းက “ကျနော်တို့လည်း လူစစ်မယ် အချိန်မီ ပြန်လာကြဖို့ ပြောပါတယ်၊ တချို့ဆိုရင် ခရီးလွန်နေကြတယ်၊ မြန်မာပြည်ပြန်တဲ့ လူလည်းရှိတယ်၊ ဘန်ကောက်မှာ အလုပ်သွားလုပ်တဲ့ လူလည်းရှိတယ်၊ အခုစစ်တာက လူသစ်လူဟောင်း နားမလည်ဘူး၊ လူမရှိရင် လုံးဝမရဘူး”ဟု ဆိုသည်။

ဒုက္ခသည်စခန်းတွင် ၁၀ နှစ်ကျော် နေထိုင်သူ တဦးက “ထိုင်းဘက်က ဒီလိုကိုင်တွယ်တာကိုတော့ နားလည်ပေးရမှာ ဖြစ်တယ်၊ စခန်းမှာ လူစစ်မယ်ဆိုတော့ အပြင်က ၀င်လာတဲ့လူတွေက အကုန်လုံး ၀တ်ကောင်းစားလှ တွေကြီးပဲ၊ အရင်က စခန်းမှာ မတွေ့ဘူးတဲ့ လူတွေလည်း များတယ်၊ ဒီလိုလူတွေက စာရင်းရှိတယ်၊ တကယ်လာတဲ့ ဒုက္ခသည် အစစ်အမှန်တွေကိုတော့ စခန်းထဲ အ၀င်မခံဘူး၊ မြန်မာဘက် ပြန်ပို့တာတွေ ရှိတယ်၊ ထိုင်းဘက်က ဒီကိစ္စကို အသေအချာ မလုပ်နိုင်ရင်တော့ လူစစ်လည်း အလကားပဲ”ဟု ပြောသည်။

လူဦးရေ ၅၀၀၀၀ ကျော်ရှိသည့် မယ်လ စခန်းတွင် ပြုလုပ်သော လူဦးရေစစ်ဆေးရေး လုပ်ငန်းစဉ်သည် လက်ရှိလူဦးရေ အနေအထားအရ အနည်းဆုံး ၃ လခန့် ကြာမြင့်နိုင်သည်ဟု စခန်းရုံးမှ ၀န်ထမ်းတဦးက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ တောင်ဘက် ၇၅ ကီလိုမီတာခန့် အကွာတွင် တည်ရှိသည့် အုန်းဖျန် ဒုက္ခသည် စခန်းတွင် ရပ်ကွက် ၁၆ ခုရှိပြီး မြန်မာ ဒုက္ခသည် ၁၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

မယ်လ ဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် ၅၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ရပ်ကွက် ၂၂ ခုရှိကာ လက်ရှိတွင် ဒုက္ခသည် ၅၀၀၀၀ ကျော်နေထိုင်လျက်ရှိသည်ဟု ကရင်ဒုက္ခသည် ကော်မတီ (KRC) ၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ကျော် နေထိုင်လျှက်ရှိသည်ဟု ထိုင်းမြန်မာ နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း (TBBC) အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။