Home » » အကယ်ဒမီ မေသန်းနု နှင့် တွေ့ဆုံခြင်း ...

အကယ်ဒမီ မေသန်းနု နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Tuesday, April 5, 2011 | 5:06:00 AM

‘သင်္ကြန်ခံစားချက်ကတော့ အသက်အရွယ်ပေါ် မူတည်ပြီး အများကြီး ပြောင်းလဲသွားပါပြီ သင်္ကြန်မိုး ဇာတ်ကားကတော့ မဆင့်ကို မင်းသမီး တစ်ယောက် ဖြစ်စေခဲ့တဲ့ ဇာတ်ကားပါ’ ၊အကယ်ဒမီ မေသန်းနုနှင့် တွေ့ဆုံခြင်း ...

e415သင်္ကြန်ရောက်ပြီ ဆိုလျှင် သင်္ကြန်၏ အငွေ့အသက် များနှင့်အတူ တွဲဖက်သတိရစရာ ရုပ်ရှင်ဇာတ်ကား တစ်ကား ရှိနေမြဲပင် ဖြစ်သည်။ မန္တလေးသင်္ကြန်၏ လှပခမ်းနားသော မြင်ကွင်းစုံကို ပုံဖော်ခဲ့သည့် ‘သင်္ကြန်မိုး’ ဇာတ်ကားမှာ နှစ်စဉ်မရိုးနိုင်ဘဲ စောင့်ကြည့်နေရသည့် ဇာတ်ကား တစ်ကားအဖြစ် ရှိနေပြီး ယင်း ဇာတ်ကားတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များကိုလည်း တွဲဖက်အမှတ်ရနေမည် ထင်သည်။

အဆိုပါ ဇာတ်ကားထဲက မင်းသမီးသစ်လေး မေသန်းနုက ယခုအချိန်တွင် အကယ်ဒမီငါးဆုပိုင်ရှင် သရုပ်ဆောင် တစ်ယောက် အဖြစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ‘သင်္ကြန်မိုး’ ဇာတ်ကားမှ အစပြုခဲ့သည့် သရုပ်ဆောင်တစ်ယောက်၏ ဖြတ်သန်းမှု ခရီးတစ်လျှောက်မှ ယနေ့အချိန်အထိ အမှတ်ရစရာ၊ မှတ်သားစရာ အခြေအနေ အဖုံဖုံတို့ကို မေးမြန်းဖြစ်ခဲ့သမျှမှာ . . .

မေး ရုပ်ရှင် ဂီတပဒေသာကပွဲက အောင်မြင်တယ်နော်။ အဲဒီပွဲမှာ ကြိုးစား အားထုတ်ခဲ့ရတာနဲ့ ပရိသတ် အားပေးမှုကို ကျေနပ်ခဲ့လား။

ဖြေ အဲဒီပွဲက မဆင့် ဒုတိယမြောက် စီစဉ်တဲ့ပွဲပေါ့။ အနုပညာ ငွေရတု အထိမ်းအမှတ်အဖြစ် စီစဉ်ခဲ့တုန်းကလည်း ပရိသတ် အားပေးခဲ့တယ်။ အခွေအဖြစ် ပြန်ထွက်လာတော့လည်း ပရိသတ်ကြိုက်တယ် ဆိုတော့ ဘာပဲပြောပြော မဆင့်တို့ အနုပညာရှင်ဘက်က ကြိုးစားရကျိုး နပ်တာပေါ့။ အခု ဒုတိယပွဲလုပ်မယ် ဆိုတော့လည်း ပထမပွဲလောက် မကောင်းဘူး ဆိုတာမျိုး မဖြစ်အောင် အဖက်ဖက် က ကြိုးစားရပါတယ်။ အနုပညာ မောင်နှမတွေကလည်း တတ်စွမ်းသရွေ့ဝိုင်းပြီး ကူညီကြတယ်။ စိတ်ရောလူပါ ပင်ပန်းခဲ့ပေမယ့် တကယ်ပွဲလုပ်တဲ့နေ့မှာ ပရိသတ်များသလို အားပေးကြတာလည်း တွေ့ရတော့ အမောပြေသွားပါတယ်။

မေး နောက်ပိုင်းရော ပွဲစီစဉ်သူ တစ်ယောက်အဖြစ်တွေ့ရဖို့ ရှိလား။

ဖြေ ပွဲတစ်ပွဲကိုစီစဉ်တယ်ဆိုတာ အရမ်းခက်ခဲပါတယ်။ အထူးသဖြင့်တော့ မဆင့်တို့လို အနုပညာရှင်တွေ စီစဉ်တယ်ဆိုရင်ပိုပြီး တာဝန်ကြီးပါတယ်။ ပရိသတ်ရဲ့ စောင့်ကြည့် စိတ်ဝင်စားမှုက အစ မတူတော့ဘူးလေ။ ဒါကြောင့် ပွဲစီစဉ်သူအဖြစ် ထပ်လုပ်ဖို့တော့ လောလောဆယ် မရှိသေးပါဘူး။ အကြောင်း တိုက်ဆိုင်လို့ ရှိရင်တော့လည်း လုပ်ချင် လုပ်ဖြစ်မှာပေါ့လေ။

မေး မကြာခင် သင်္ကြန်ရောက်တော့မှာဆိုတော့ သင်္ကြန်မိုးနဲ့ မင်းသမီးဖြစ်လာသူ တစ်ဦးရဲ့ သင်္ကြန် ခံစားချက်လေး ပြောပြပါဦး။

ဖြေ သင်္ကြန်ခံစားချက် ဆိုတာကတော့ အသက်အရွယ်ပေါ် မူတည်ပြီး အများကြီး ပြောင်းလဲသွားပါပြီ။ ဟိုအရင် သင်္ကြန်မိုး ဇာတ်ကားရိုက်တုန်းက မေသန်းနုကတော့ မင်းသမီး အရမ်းဖြစ်ချင်ခဲ့တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ ကိုယ်လုပ်ခွင့်ရတဲ့ နေရာလေး တစ်နေရာကို အရူးအမူး လုပ်ဖြစ်ခဲ့တာ။ ရိုက်ရတဲ့ ဇာတ်ကားမှာလည်း သင်္ကြန်ယိမ်းတွေက၊ အလှပြကား တွေနဲ့ အရမ်း ခမ်းခမ်းနားနား လုပ်ခဲ့တာဆိုတော့ အရမ်းကို ပျော်စရာကောင်းခဲ့ပါတယ်။ အခုချိန်မှာကတော့ သင်္ကြန်ဆိုတာကို ထူးထူးခြားခြားကြီး ခံစားရတဲ့ အရွယ်လည်း မဟုတ်တော့ဘူး။ သင်္ကြန်ရောက်ပြီဆိုရင် ကားရိုက်ရှိမယ် ဆိုလည်း ဇာတ်ကားရိုက်ရင်းနဲ့ပဲ ဖြတ်သန်းတယ်၊ ကားရိုက်မရှိတော့လည်း ကောင်းမှု ကုသိုလ်တွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းဖြစ်ပါတယ်။

မေး သင်္ကြန်မိုး ဇာတ်ကားရိုက်တုန်းက မင်းသမီးအသစ် တစ်ယောက်အဖြစ် ကြိုးစားခဲ့ရတဲ့ အားထုတ်မှု ကရော ခက်ခဲပင်ပန်းခဲ့လား။ အခု မင်းသမီးသစ်လေးတွေ အများကြီး ဒီလောကထဲဝင်ဖို့ ကြိုးစားရတာနဲ့ ဆိုရင် ဘာတွေ ကွာခြားသွားပြီလဲ။

ဖြေ အများကြီး ကွာခြားပါတယ်။ မဆင့်တို့ ခေတ်တုန်းက အခုခေတ်လို မော်ဒယ်လ်ရှိုးမရှိဘူး၊ ကြော်ငြာမရှိ ဘူး၊ ဗီဒီယိုမရှိဘူး။ ကိုယ့်မျက်နှာကို ပရိသတ်မြင်ခွင့်ရဖို့က ရုပ်ရှင်တစ်မျိုး ပဲရှိပါတယ်။ ရုပ်ရှင် ဆိုတာလည်း ရိုက်ချင်တိုင်း ရိုက်လို့ရတာမျိုး မဟုတ်ပါဘူး။ သင်္ကြန်မိုး ဇာတ်ကားမှာလည်း လုပ်ခွင့်ရသလောက်ကို အစွမ်းကုန် ကြိုးစားလုပ်ခဲ့တယ်။ အဲဒီကား ရုံတင်တဲ့အခါ မေသန်းနုဆိုတဲ့ မင်းသမီး တစ်ယောက်အဖြစ် ပရိသတ် အသိအမှတ်ပြုတာကို စပြီးရခဲ့ပါတယ်။

မေး ဒါဆို အခုခေတ် မင်းသမီးတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးကတော့ ပိုပြီးချောမွေ့တယ်လို့ ပြောနိုင်လား။

ဖြေ မင်းသမီး တစ်ယောက်ဖြစ်ဖို့ကတော့ လွယ်ပါတယ်။ အခုခေတ်မှာက မီဒီယာ ကဏ္ဍပေါင်းစုံ ရှိနေတယ်လေ။ ရှိုးပွဲတွေလျှောက်မယ်၊ ကြော်ငြာရိုက် မယ်၊ ဗီဒီယိုကားမှာ သရုပ်ဆောင်နိုင်မယ်၊ ရုပ်သံလိုင်းတွေက ပရိုဂရမ်တွေ မှာ ပါဝင်နိုင်မယ်။ ပရိသတ်မှတ်မိဖို့ လွယ်ပေမယ့် သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ပရိသတ် အသိအမှတ်ပြုဖို့ကတော့ နည်းနည်း ခက်ပါတယ်။

မေး- သင်္ကြန်မိုးတုန်းက အမှတ်တရတွေထဲမှာ အခုချိန်ထိ အမှတ်ရနေတဲ့ အကြောင်းအရာမျိုး တွေရှိလား။

ဖြေ ဘယ်ကိစ္စမဆို အကြာကြီး သိမ်းဆည်းထားလို့ မရပါဘူး။ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေ အားလုံးက ကျန်ရစ်ခဲ့ပါပြီ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါပြီ။ မဆင့်ခံယူထားတာက လက်ရှိအချိန်မှာ ဘယ်လို အကောင်းဆုံးဖြစ်အောင် နေမလဲဆိုတာ ပါပဲ။

မေး ဖြတ်သန်းခဲ့တဲ့ သင်္ကြန်ကာလတွေကို နှိုင်းယှဉ်ကြည့် ရင်ရော ဘာတွေ ကွာခြားသွားပြီလဲ။

ဖြေ အများကြီး ကွာခြားသွားပါပြီ။ အရင်တုန်းက သင်္ကြန်ဆိုရင် အလှပြ ကားတွေနဲ့၊ ယိမ်းအဖွဲ့တွေနဲ့ တစ်နေ့လုံး ကကြပျော်ကြတယ်။ အခုကတော့ သင်္ကြန်ဆိုရင် ပျော်ကြတဲ့ပုံစံကကွာ ခြားသွားပြီပေါ့။ မြန်မာနှစ်သစ်ကူး ကာလမှာ ပျော်ကြတာကတော့ မပြောင်းလဲပါဘူး။ ဒီနှစ်တော့ အားလုံး အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ပြီး နှစ်သစ်ကို မင်္ဂလာရှိရှိနဲ့ ဖြတ်သန်းနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး- မင်းသန့်မောင်မောင် အပေါ်မှာရော ဘာဖြစ်စေချင်တယ်ဆိုတာ မျိုးရှိလား။

ဖြေ- သားက အရမ်းလိမ္မာပါတယ်။ အမေကိုလည်း ချစ်သလိုသိလည်း သိတတ်တယ်။ ဘာဖြစ်ရမယ် ဆိုတာ ထက်သူစိတ်တိုင်းကျ ရွေးချယ်ခွင့် ပေးထားပါတယ်။ သူဖြစ်ချင်တဲ့ လမ်းကြောင်းကို ဘေးကနေ ပံ့ပိုးပေး ရုံပါပဲ။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။