Home » » ထိုင်းတောင်ပိုင်းမှ ရေဘေးဒုက္ခသည်မြန်မာများ အကူအညီလိုအပ်

ထိုင်းတောင်ပိုင်းမှ ရေဘေးဒုက္ခသည်မြန်မာများ အကူအညီလိုအပ်

Written By မောင်စေတနာ on Monday, April 4, 2011 | 9:46:00 AM

ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုကြောင့် ယင်းဒေသမှ မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ဒုက္ခရောက်နေကြပြီး အကူအညီမဲ့နေကြောင်း သိရသည်။

GI400

ထိုင်းတောင်ပိုင်း ကျွန်းများပေါ်တွင် ပိတ်မိနေသော ကမ္ဘာလှည့်ခရီးသွား ၇၀၀ ခန့်ကို ထိုင်းတော်ဝင်ရေတပ်က စစ်သင်္ဘောများဖြင့် မတ်လ ၃၁ ရက်နေ့က သွားရောက် ကယ်ဆယ်လာစဉ် (ဓာတ်ပုံ Getty Images)

ဆူရတ်ဌာနီခရိုင်အတွင်းရှိ Asian Sea Food ကုမ္ပဏီပိုင် မြန်မာအလုပ်သမားများ ၆၀၀ ခန့် နေထိုင်သော နှစ်ထပ်လူနေတန်းလျား ရေနစ်မြှုပ်သွားကြောင်း အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်း ကိုသာမောင်က ပြောသည်။

ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမားနှင့် ပတ်သက်၍ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ကိုသာမောင်က “ရေတွေကြီးလာတော့ ထိုင်းတွေက အလုပ်မလုပ်လိုကြတော့လို့  ပြန်ကြတာပေါ့လေ။ မြန်မာတွေကလည်း ရေကြီးတော့ အလုပ်မဆင်းလိုကြဘူး။ ဒါပေမယ့် သူဌေးက အလုပ်ဆင်းခိုင်းတယ်လေ။ မတ်လ ၃၀ ရက်နေ့ စက်ရုံထဲကို ရေတွေ ၀င်လာနေချိန်မှာ မြန်မာတွေက နီးစပ်ရာ ရေဘေးလွှတ်ရာကို ပြေးချင်ပေမယ့် အလုပ်ရှင်က ကျနော်တို့ကို မလွှတ်ဘူး။ နောက်ဆုံး ရေတွေက တအားကြီးလာတော့မှ ကျနော်တို့တွေကို သွားချင်ရာ သွားကြပေတော့ဆိုတဲ့ ပုံစံမျိုးနဲ့ လွှတ်လိုက်တာဗျ” ဟု ပြောသည်။

ယခုအခါ အဆိုပါ တန်းလျားမှ မြန်မာများသည် အနီးရှိ ရာဘာစက်ရုံတွင် ခေတ္တ လာရောက် နေထိုင်လျှက်ရှိကြကြောင်း၊ အနီးနားမှ မြန်မာအလုပ်သမားများနှင့်ပါဆိုလျှင် အဆိုပါ ရာဘာစက်ရုံတွင် မြန်မာအလုပ်သမား စုစုပေါင်း ၃၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

ယင်းရာဘာစက်ရုံမှာလည်း ရေဘေး အန္တရာယ်နှင့် အလွန်နီးကပ်နေကြောင်း အဆိုပါ စက်ရုံမှ ကိုရင်မောင်က “လတ်တလော အခြေအနေမှာ ရေကတရိပ်ရိပ် တက်နေတယ်။ အခု ရေရောက်နေတာက မြန်မာတွေနေတဲ့ လိုင်းခန်းတွေထဲကို ၀င်ဖို့က ၅ လက်မလောက်ပဲ လိုတော့တယ်။ ကျနော်တို့ ဆီကို ရောက်နေတဲ့ လူတွေထဲမှာ ငါးသေတ္တာ စက်ရုံက လူတွေလည်း ပါတယ်။ ပင်လယ်စာထုတ်တဲ့ စက်ရုံက လူတွေလည်းပါတယ်” ဟု ပြောသည်။

ယမန်နေ့က အာရှလမ်းမကြီးပေါ်ရှိ တံတားများ ကျိုးပြီးနောက် ရေများ ထပ်တက်လျှက် ရှိကြောင်း အလုပ်သမားများက ပြောသည်။

ဆူရတ်ဌာနီ မီးရထား ဘူတာရုံအနီးရှိ ထိုင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင်လည်း မြန်မာ ရေဘေးဒုက္ခသည်များ ခိုလှုံလျက်ရှိကြောင်း သိရသည်။

ယင်းနေရာတွင် ရောက်ရှိနေသူ ပန်းရံအလုပ်သမား ကိုအဒန်းက “မြန်မာပြည်သားတွေက ဘုန်းကြီးကျောင်းထဲ ၀င်နေကြတယ်လေ။ ၂၀၀ လောက်တော့ ရှိမယ်။ အများစုကတော့ ပန်းရံဆိုက်က လူတွေများတယ်။ သူတို့နေတဲ့ နေရာတွေ ရေမြုပ်သွားတယ်။

တချို့နေရာတွေ ခါးလောက်ရောက်တယ်။ တချို့နေရာတွေဆို လည်ပင်းလောက် ရောက်တယ်။ ဘုန်းကြီးကျောင်းမှာ ထိုင်းတွေရော မြန်မာတွေရော အားလုံး ရောနေကြတယ်လေ။ အားလုံးပေါင်းရင်တော့ ၃၀၀ ကျော်မှာပေါ့” ဟု ဆိုသည်။

ရေဘေးဒဏ်သင့်ရာ ဒေသများမှ မြန်မာများမှာ အဆင်ပြေသလို နီးစပ်ရာ မိတ်ဆွေများရှိသည့်နေရာများသို့ သွားရောက် ခိုလှုံနေကြကြောင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေသည်မှာ ၂ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ တချို့နေရာများတွင် အစားအစာနှင့် သောက်ရေ ခက်ခဲလျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းလူမျိုးများကိုယ်တိုင်မှာလည်း အတိဒုက္ခရောက်နေသဖြင့် မြန်မာများအချင်းချင်း ၀ိုင်းဝန်းကူညီကြရန် လိုအပ်ကြောင်း Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက တိုက်တွန်းပြောဆိုသည်။

“ကျနော်တို့ ဘက်ကရော NGO တွေကို ချိတ်ဆက်ပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ထိုင်းတွေဘက်က ကြည့်ရင်လည်း သူတို့ကိုယ်တိုင် ဒုက္ခရောက်နေပြီ။ လုပ်ငန်းရှင်တွေမှာလည်း လုပ်ငန်းတွေ ပျက်စီးထိခိုက်နေကြပြီ။ အဖွဲ့အစည်းတွေအနေနဲ့ရော တဦးချင်းအနေနဲ့ရော ကိုယ်တတ်နိုင်သရွေ့ ကူညီသင့်ပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းတွင် အလုပ် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။