Home » » မြန်မာအလုပ်သမား ၄၀၀ ကျော် အဖမ်းခံရ

မြန်မာအလုပ်သမား ၄၀၀ ကျော် အဖမ်းခံရ

Written By မောင်စေတနာ on Tuesday, March 29, 2011 | 5:00:00 AM



ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်တွင် တည်ရှိပြီး လုပ်ခမှန်ကန်စွာ မရမှုကြောင့် အလုပ်ရှင်နှင့် မြန်မာအလုပ်သမားများ ပြဿနာတက်နေသည့် V.A.K နာနတ်သီးစက်ရုံတွင် ယနေ့နံနက် ၅ နာရီ၌ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ၁၀၀ ကျော်က မြန်မာအလုပ်သမားများ ၄၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးလိုက်သည်။

“မနက် အစောကြီး တောမော (ထိုင်းလဝက) တွေ ၀င်ဖမ်းတာ ခင်ဗျ။ အလုပ်သမားတွေ အိပ်ကောင်းတုန်းပေါ့။ ယာယီ ပတ်စ်ပို့ရှိသူရော၊ အလုပ်သမား လက်မှတ်ရှိသူရော၊ လက်မှတ်မရှိတဲ့သူပါ တယောက်မကျန် ကွင်းပြင်မှာ ထိုင်ခိုင်းထားတယ်။ တချို့အခန်းတွေကို တောမောတွေက အတင်းရိုက်ချိုးပြီး ၀င်ဖမ်းတာ။ အလုပ်သမား လက်မှတ်ရှိတဲ့ ကျနော်တို့လည်း ကွင်းပြင်မှာ ငုတ်တုတ် ထိုင်နေရတယ်” ဟု အဆိုပါ စက်ရုံမှ မြန်မာအလုပ်သမားတဦးက ဧရာဝတီသို့ ပြောသည်။

အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီးသွားကြောင်း၊ တခြားဒေသမှ လာရောက်ကာ ယင်းစက်ရုံတန်းလျားတွင် နေထိုင်သော ယာယီ ပတ်စ်ပို့ရှိသူ ၂၀ ဦးကိုလည်း ဖမ်းသွားကြောင်း၊ အလုပ်သမားများကို ဆယ်ဘီးကားကြီးများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

လုပ်အားခများ မှန်မှန်ကန်ကန် မရမှုကြောင့် V.A.K စက်ရုံမှ ၀န်ထမ်းများနှင့် အလုပ်သမားများကြားတွင် မကြာခဏ ပြဿနာတက်လေ့ရှိရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စက်ရုံအလုပ်သမား အားလုံး အလုပ်မဆင်းဘဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့ဖူးသည်။

ထိုစဉ်က စက်ရုံတာဝန်ရှိသူများမှ အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောမည်ဟု ကတိပေးခဲ့သဖြင့် အလုပ်သမားများက ဆန္ဒပြခြင်းကို ရပ်တန့်ခဲ့သည်။

သို့သော် စက်ရုံတာဝန်ရှိသူများက ပေးထားသည့် ကတိအတိုင်း လုပ်ဆောင်ပေးခြင်းမရှိဘဲ အဖမ်းအဆီးများ ဖြစ်လာကြောင်း စက်ရုံဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ကျနော်တို့ရဲ့ လုပ်အားခတွေ မှန်မှန်ကန်ကန် မရတာတွေရယ်၊ အလုပ်သမား ထောင်ချီရှိတဲ့ ဒီတန်းလျားမှာ အိမ်သာတွေ လုံလောက်လောက် မရှိတာရယ်နဲ့ လူ ၃ ယောက်လောက်တောင် မနည်း ကျပ်ကျပ်တည်းတည်းနေရတဲ့ အခန်းမှာ ၆ ယောက်၊ ၇ ယောက် နေရတာမျိုးတွေ ရှိနေလို့ အဲဒါတွေကို သူဌေးသိအောင်၊ လုပ်ခတွေ မှန်မှန်ပေးလာအောင် အရင်လက ကျနော်တို့ စက်ရုံတရုံလုံး ဆန္ဒပြခဲ့ကြတယ်။ သူဌေး သားမက်က အားလုံးလိုက်လျောပေးမယ် ပြောပေမယ့် တကယ့်လက်တွေ့မှာတော့ ပုလိပ် ၀င်ဖမ်းတာနဲ့  တောမော လာဖမ်းတာပဲ အဖတ်တင်တယ်” ဟု ဆိုသည်။

MAP ဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူ ကိုနစ်က “ဒီနေရာမှာ ပြောစရာတခုရှိတာက တောမောက လက်မှတ်မရှိတဲ့ အလုပ်သမားကိုကျတော့ ဥပဒေအရ အရေးယူတယ်။ ဒါပေမယ့် အဲဒီအလုပ်သမားတွေကို အသုံးပြုနေတဲ့ သူဌေးတွေ၊ အလုပ်ရှင်တွေကိုတော့ အရေးယူတာကို သိပ်မတွေ့ရဘူး။ ဒါကတော့ တရားမျှတမှု မရှိဘူး။ ဥပဒေအရ အလုပ်လုပ်မယ်ဆိုရင် အခု နာနတ်သီးစက်ရုံက အလုပ်သမားတွေလို ကိစ္စမျိုးမှာ အလုပ်ရှင်ကိုလည်း အရေးယူသင့်တာပေါ့။ သူ့တန်းလျားထဲမှာ ဖမ်းတာပဲဟာ” ဟု ပြောသည်။

ယခင်က စက်ရုံအခြေအနေနှင့် ပတ်သက်၍ အလုပ်သမတဦးက “ဟိုတုန်းက ကျမတို့ စက်ရုံမှာ လူ ၉၀၀ ကျော်တယ်။ မြန်မာပြည်ကချည်းပဲ။ ဒီလ ၁၅ ရက်နေ့ကလည်း ကျမတို့ စက်ရုံက အလုပ်သမား ၂၁၆ ယောက် ပုလိပ် အဖမ်းခံထိသေးတယ်။ ဒါကြောင့် ၇၀၀ လောက်ပဲ ကျန်တော့တာ။ မနက်က ၀င်ဖမ်းတဲ့အချိန်မှာ နီးစပ်ရာ တောထဲကို ၀င်ပြေးဖို့ အချိန်ရလိုက်တဲ့သူ လေး၊ ငါး ခြောက်ဆယ်လောက်နဲ့  ညဂျူတီ ဆင်းနေသူ ၁၀၀ ကျော်လောက်ပဲ လွတ်တယ်။ ဒါကြောင့် အခုဆိုရင် ကျမတို့ တန်းလျားတွေမှာ လူ ၂၀၀ လောက်ပဲ ကျန်တော့မယ် ထင်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးက ထိုင်း-မြန်မာ နယ်စပ် မြ၀တီ၊ ရနောင်းမြို့များသို့ သွားရောက် ပို့ဆောင်လေ့ရှိရာ ယခုဖမ်းဆီးခံရသူများကိုလည်း ယင်းသို့ပင် ပို့ဆောင်မည်ထင်ကြောင်း ကျန်ရစ်သည့် စက်ရုံအလုပ်သမားများက ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံးသိန်းခန့်ရှိကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ သို့သော် မြန်မာ့အရေး ဆောင်ရွက်သူ အလုပ်သမားအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူရော တရားမ၀င် အလုပ်လုပ်ကိုင်နေသူပါ ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်သည်ဟု သိရသည်။

Source by : http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။