Home » » တေးသံရှင် ပူစူးနှင့် တွေ့ဆုံခြင်း ...

တေးသံရှင် ပူစူးနှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Friday, February 25, 2011 | 1:55:00 AM

' e3454ကျွန်တော်တို့ တောင်ကြီးမှာက သီချင်းကို ကိုယ်တိုင်ရေး၊ စတူဒီယိုမှာ ရက်ချိန်းယူပြီး အသံသွင်းတာမျိုးတွေလုပ်ကြပါတယ်။ ဒါကလည်း တစ်ခုခုကို မျှော်မှန်းပြီး လုပ်တာရယ်မဟုတ်ဘဲ ကိုယ်သီချင်းကိုယ် ကိုယ်ပုံဖော်ပြီးခံစားချင်တဲ့ စိတ်နဲ့လုပ်ကြတာပါ။

အဲဒီသီချင်းတွေကနေသိပြီး ကျွန်တော်တို့လို ဂီတလောကထဲ ရောက်လာတာရှိသလို သူတို့ဖာသာ သူတို့မလုပ်ဘဲ ပျော်နေကြတဲ့လူတွေလည်း ရှိပါတယ်'လို့ ပြောလာသူကတော့ မျက်နှာသီချင်းနဲ့ အောင်မြင်ခဲ့တဲ့ ပူစူးပဲဖြစ်ပါတယ်။

IMP အဖွဲ့ အနေနဲ့ဂီတရင်ခွင်ကို တိုးဝှေ့ခဲ့ဝင်ရောက်ခဲ့ပြီး အခုအခါမှာ တစ်ကိုယ်တော်စီးရီး ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ လှပြီးသား၊ နေချင်တယ် မင်းအနား၊ နင်စေရင် စတဲ့ သူရဲ့တေးသီချင်းတွေကလည်း ဒီနေ့လူငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လျက်ရှိပြီး လူငယ်ပရိသတ် အသိအမှတ်ပြု အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။



မကြာမီမှာထွက်ရှိလာမယ့် သူရဲ့တစ်မိုးအောက် ဗီစီဒီနဲ့ ပတ်သက်တာတွေကို မေးမြန်းရင်း လူငယ်ဂီတသမား တစ်ယောက်ရဲ့ ဂီတနဲ့ ဘ၀ရပ်တည်မှု အကြောင်းတွေကို ဆွေးနွေးမိခဲ့တာမို့ အခုလိုပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး - ပူစူးရဲ့ တစ်မိုးအောက် ဗီစီဒီကို ဘယ်လိုပုံစံမျိုးနဲ့ စီစဉ်ထားလဲ။

ဖြေ - ကျွန်တော်က Title သီချင်းတစ်ပုဒ်ပဲ သရုပ်ဆောင်ထားတယ်။ သရုပ်လည်းမဆောင်တတ်တော့ ကျန်တဲ့သီချင်းတွေကို သီချင်းဆိုတဲ့အခန်းတွေ အနေနဲ့ပဲ ပါတယ်။ ဘယ်လိုပုံစံမျိုး လုပ်ထားတယ်ဆိုတာကိုတော့ ပြောမပြတတ်ပါဘူး။ ရိုက်တာကလည်း မိတ်ဆွေတွေနဲ့ ရိုက်ထားတာပါ။ ဖေဖော်ဝါရီလ ၅ ရက်ဆို ထွက်မယ်။ ပရိုမိုးရှင်းအနေနဲ့ ဘာမှမစီစဉ်ထားပါဘူး။

မေး - ပူစူး ဂီတလောကကို ခြေချဖြစ်တာက ရည်ရွယ်ချက်ရှိခဲ့လို့ စနစ်တကျလုပ်ကိုင်ဖြစ်ခဲ့တဲ့ ရလဒ်တစ်ခုလား။ ဒါမှမဟုတ် အမှတ်မထင် တိုးဝင်မိခဲ့ရာက ရောက်ရှိခဲ့တာလား။

ဖြေ - ကျွန်တော်ငယ်ငယ်က တေးရေးဆရာတော့ ဖြစ်ချင်ခဲ့တယ်ဗျ။ ဒါကိုတော့ ကျွန်တော်မှတ်မိတယ်။ ငါးတန်းလောက်ကတည်းက ဂစ်တာ စတီးတတ်တယ်။ ၀ါသနာ အလျောက် ကိုယ့်ဖာသာကိုယ် သီချင်းတွေရေးတာပဲ။သူငယ်ချင်းတွေပြ ကြည့် အဲလိုနဲ့ရေးဖြစ်တယ်။ ၀င်ဆိုဖြစ်တော့ ဆိုချင်လာတာ။ သီချင်းဆိုတဲ့ဘက်ကို လုပ်ဖြစ်တော့ တေးရေးဘက်ကို ပြန်အားနည်းသွားတယ်။

မေး - တေးရေးတွေထဲမှာ ဘယ်တေးရေး ဆရာတွေကို သဘောကျခဲ့လဲ။ တကယ်တမ်း တေးရေးဆရာ ဖြစ်လာတဲ့အခါမှာ ကိုယ့်စိတ်ထဲ ရှိပေမယ့် တကယ့်လက်တွေ့ချပြီး မရေးဖြစ်ခဲ့တဲ့ သီချင်းတွေရှိလား။

ဖြေ - ကျွန်တော် ကိုအယ်ဖြူနဲ့ ကိုမောင်မောင်ဇော်လတ်တို့ကို သဘောကျတယ်။ ငယ်ငယ်ကတော့ Punk တို့၊ Alternative တို့ကိုနားထောင် တာများတယ်။ အခုနောက်ပိုင်းမှာ မော်ဒန်ရော့ခ်တွေပိုပြီး နားထောင်ဖြစ်တယ်။ နောက်တစ်ခွေကျရင် အခုပုံစံ နဲ့မတူတဲ့ ဂီတပုံစံလေးတွေလုပ်ဖို့ စိတ်ကူးထားတယ်။ လွယ်တော့ သိပ်မလွယ်ပေမယ့် လုပ်ကြည့်ရမယ်။

မေး - နောက်ခွေအတွက် စလုပ်နေပြီလား။

ဖြေ - မလုပ်ဖြစ်သေးဘူး။ ဗီစီဒီ ကာရာအိုကေရဲ့ အခြေအနေစောင့် ကြည့်နေတာ။

မေး - အောင်မြင်မှုနဲ့ ကျော်ကြားမှုဟာ တစ်ပြိုင်နက်ဒွန်တွဲလာတာကို တစ်ခါတစ်ရံမှာ မတွေ့ ရတတ်ဘူးလို့ ဆိုကြပါတယ်။ အဲဒီအပေါ်မှာ ပူစူးရဲ့ဆန္ဒက . . .

ဖြေ - ဟုတ်တယ်။ အဲလိုမျိုးတွေတွေ့ ရပါတယ်။ တချို့ဆိုအရမ်းကျော် ကြားတယ်။ ဒါပေမယ့် သူလုပ်တဲ့ဂီတ ကချပြလိုက်တာနဲ့ ဟာခနဲ၊ ဟင်ခနဲ မဖြစ်ပေမယ့် အရမ်းကိုပေါ်ပြူလာ ဖြစ်တယ်။ တချို့ကျ သူတို့အလုပ်မှာ သူတို့အောင်မြင်တယ်။ ကျော်ကြား မှုမရဘူး။ ကျွန်တော်အနေနဲ့ကတော့ အောင်မြင်တဲ့လူပဲ ဖြစ်ချင်ပါတယ်။ဒီထက် အများကြီး လုပ်ရဦးမှာပါ။

မေး- အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှုနဲ့ ကျရှုံးခြင်းတွေက ကံတို့၊ စန်းတို့နဲ့ သက်ဆိုင်မှုရှိတယ်လို့ ယုံကြည်လား။

ဖြေ - ကံကိုတော့မယုံဘူး။ ကံကို ယုံပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်နေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း ရပ်နေတာမဟုတ်ပါဘူး။ ဆက်လုပ်နေတာပဲ။ ထပ်လုပ်စရာတွေ အများကြီးရှိတယ်။ သူရဲ့အကျိုးပေး ရောက်လာရင် ဖြစ်လာမှာပဲ။ အနုပညာမှာ စန်းဆိုတာတော့ ရှိပါတယ်။

မေး - အခုချိန်မှာ ပူစူးရဲ့ ဖန်တီးနေတဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး ခံစားမှုကိုလည်း ပြောပါဦး။

ဖြေ - အခုအရွယ်မှာက သီချင်းရေးရတာက Note တွေလိုက်ကြည့်ဖြစ်တော့ တစ်ခါတလေ သင်္ချာတွက်သလိုဖြစ်နေတယ်။ ငယ်ငယ်ကဆို ရေးချင်တာပဲရှိတာ။ ကောင်းကောင်း၊ မကောင်းကောင်း စိတ်ထဲရေးချင်တာကို ချရေးလိုက်တာပဲ။ အခုတော့မကောင်းကောင်းအောင် ရေးရမယ်ဆိုတဲ့ စိတ်က၀င်လာတယ်။ အဲဒီစိတ်ကရေးရခက်စေတယ်။ အဲဒီအတွက် သီချင်းအရေအတွက်တော့ နည်းလာပေမယ့် အားရတာမျိုးတော့ ရှိလာပါတယ်။

မေး - ပူစူးလို ပရိသတ်လက်ခံမှု အတိုင်းအတာတစ်ခုအထိ ရရှိထားတဲ့ ဂီတသမား အတွက် ဘ၀နေထိုင်ရေးနဲ့ ရှေ့ဆက်မယ့် အနုပညာလုပ်ငန်းတွေအတွက် ဘယ်လိုလှုပ်ရှား လုပ်ကိုင်ပါသလဲ။

ဖြေ - မင်္ဂလာဆောင်တို့၊ ညစာစားပွဲတို့ကလည်း ဆိုဖြစ်ပါတယ်။ နယ်ရှိုးပွဲတွေကရတာကိုတော့ စုပြီး ခွေလုပ်တာပေါ့။ တစ်ခုတော့ရှိပါတယ်။ ခွေတကယ်ရုပ်လုံးပေါ်တယ်ဆိုရင်တော့ ထုတ်လုပ်သူတွေ ရှိပါတယ်။ အရမ်းကြီးတော့ မခက်ခဲပါဘူး။

Profile

အမည်ရင်း - ၀င်းမင်းဦး

မွေးနေ့ - ဒီဇင်ဘာ ၇ ရက်

ပညာအရည်အချင်း -GTC (MP) ၊ ဒုတိယနှစ်အင်္ဂလိပ်စာ

ထွက်ရှိခဲ့သည့် စီးရီး -သာမန်နေထိုင်ခြင်း(IMP)၊ တစ်မိုးအောက်(တစ်ကိုယ်တော်)

Source by :http://www.news-eleven.com/

Share this article :

1 comments:

ဇော်ဇော် said...

ပူစူး ရဲ့ပရိတ်သတ်လေးမို့
လာဖတ်သွားပါတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။