Home » » စင်ကာပူသို့ အလုပ်လုပ်ရန် သွားမည့်သူများ နေထိုင်ခွင့်ပါမစ် အမျိုးအစားစိစစ်ပြီးမှ သွားသင့်

စင်ကာပူသို့ အလုပ်လုပ်ရန် သွားမည့်သူများ နေထိုင်ခွင့်ပါမစ် အမျိုးအစားစိစစ်ပြီးမှ သွားသင့်

Written By မောင်စေတနာ on Wednesday, December 15, 2010 | 9:42:00 AM


စင်ကာပူသို့ အလုပ်လုပ်ရန် သွားမည့်မြန်မာလူငယ်များ အနေဖြင့် မိမိတို့ရရှိထားပြီးသော နေထိုင်ခွင့် ပါမစ်အမျိုးအစားကို သေချာစိစစ်ပြီးမှ သွားလာသင့်ပြီဖြစ်ကြောင်း စင်ကာပူ အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူအချို့က သတိပေးပြောကြားခဲ့ပါသည်။

စင်ကာပူသို့ အလုပ်အကိုင်ဖြင့် သွားရောက်သူများ၌ နေထိုင်ခွင့်ပါမစ် ယေဘုယျအားဖြင့် သုံးမျိုးရှိကြရာ ယင်းတို့ထဲ၌ မြန်မာလူငယ်အများစု သွားရောက်သော ပါမစ်အမျိုးအစားမှာ Special Pass (S pass ) ဖြစ်ကြသည်ဟု သိရသည်။

ယခုအခါ S pass ဖြင့် စင်ကာပူသွားမည့်သူများအား အေးဂျင့်မှယင်းပါမစ်ဖြင့် သွားရမည်ဆိုသော်လည်း သေချာစိစစ်သည့်အခါ ပါမစ်လွဲချော်နေသည့် ကိစ္စများရှိနေခဲ့ကြောင်း မကြာသေးမီက စင်ကာပူ၌ဖြစ်ပျက် ခဲ့သည့်ဖြစ်စဉ်နှင့် နီးစပ်သူက ပြန်လည် ပြောပြခဲ့သည်။

"စင်ကာပူလာမယ့်သူကို မြန်မာဘက်က အေးဂျင့်က S pass ပါမစ်နဲ့ သွားရမယ်ဆိုပြီး လိမ်ပြီးပို့လိုက်တယ်။ ဒီရောက်တော့ ပါမစ်က S pass မဟုတ်တဲ့အပြင် Maid Permit နဲ့ အိမ်အကူလုပ်ဖို့ ဖြစ်နေတာ တွေ့ရတယ်။ စင်ကာပူဘက်က မြန်မာအေးဂျင့်ကပြောမှ အိမ်အကူပါမစ်နဲ့ ရောက်လာခဲ့ရမှန်း သိခဲ့ရတယ်။ မလုပ်ချင်ရင် အေးဂျင့်ခ စင်ကာပူ ဒေါ်လာ ၁၅၀၀ လျော်ရမယ်ဆိုပြီး ပြောခဲ့တယ်။ ဒါမှမဟုတ်ရင် အိမ်အကူပဲ ၀င်လုပ်ခိုင်းခဲ့တယ်" ဟု စင်ကာပူ၌ ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်အား စင်ကာပူရောက် မြန်မာအမျိုးသမီး တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။








စင်စစ်အားဖြင့် မြန်မာအများစုသည် စင်ကာပူ၌ S pass ဖြင့်နေထိုင်ခွင့်ရပြီး အလုပ်ရရှိမည်ဆိုပါက စင်ကာပူဒေါ်လာတစ်လလျှင် ၁၈၀၀ အနည်းဆုံး ရရှိနိုင်ခြင်းကြောင့် အေးဂျင့်အများစုမှ S pass ဖြင့်အလုပ်ရမည်ဟု မက်လုံးပေး ဆွဲဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု စင်ကာပူအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူက ပြောကြားပါသည်။

ထို့ပြင် Work Permit မှာ အခြေခံအလုပ်သမား အများစုသွားရောက်သည့် ပါမစ်အမျိုးအစားဖြစ်သည့် အပြင် Employment Pass မှာမူ စင်ကာပူ၌ အရည်အချင်းရှိ အဆင့်မြင့် ရာထူးအဆင့်များဖြစ်ကြကာ ယင်းပါမစ်ဖြင့် နေထိုင်ခွင့်ရရှိပြီးသူ မြန်မာများမှာမူ တစ်လလျှင် စင်ကာပူဒေါ်လာ ၃၀၀၀နှင့် အထက် အနည်းဆုံးရရှိကြကြောင်းလည်း သိရှိရပါသည်။

"စင်ကာပူမှာ အလုပ်ရပြီး နေထိုင်ခွင့်ကျတဲ့သူတိုင်းမှာ ကိုယ်က ဟိုမှာ ဘယ်လိုပါမစ်နဲ့နေရမလဲ ဆိုတာပါပြီးသားပါ။ သေချာစိစစ်ပြီးမှ သွားလာသင့်တယ်။ အခုလောလောဆယ်မှာ ဟိုဘက်ကအလုပ်ရှင်က အလုပ်ခန့်ချင်တာတောင် S pass ကျဖို့မလွယ်တဲ့ ဖြစ်ရပ်တွေရှိနေပါ တယ်"ဟု Gallant ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ မအိမျိုးဆွေက ပြောကြားခဲ့ပါသည်။

ယခုအခါ S pass ပါမစ်ကျရန် အခက်အခဲအချို့ ရှိနေခြင်းကြောင့် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် သွားမည့် အရည်အချင်းရှိသူများအား S pass အစား Employment Pass ဖြင့် အစားထိုးလျှောက်ထားမှုများ ပြု လုပ်ပေးနေရသည်ဟုလည်း Gallant ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ သိရှိရပါသည်။

ထို့ပြင် စင်ကာပူရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာ တို့မှ မြန်မာအပါအ၀င် ၎င်းတို့နိုင်ငံ၏နေထိုင်ခွင့်ပါမစ် လျှောက်ထားခဲ့ ကြသောသူများအား၂၀၁၀ပြည့်နှစ်ပိုင်းမှ စတင်ကာနေထိုင်ခွင့် ပါမစ်များ ကန့်သတ်ခဲ့ခြင်းများကြောင့် ယခုအခါ S pass ရရှိရာတွင် နှောင့်နှေးခြင်းများ၊ ပယ်ချခံရသည့် ဖြစ်စဉ်များရှိလာခဲ့သည်ကိုလည်း သိရသည်။

"စင်ကာပူမှာနေထိုင်ခွင့် ပါမစ်ကျဖို့ အခုနောက်ပိုင်းမလွယ်ဘူး။ လာမယ့်သူကို သေချာစိစစ်မှုတွေလုပ်တာ။ အဲဒီလူဟာ အရင်ကစင်ကာပူ မှာ နေထိုင်ခွင့်လျှောက်ခဲ့ဖူးသလား စိစစ်တယ်။ အလုပ်သမားရေးရာဌာန MOM မှာရှိတဲ့ကိုယ်ရေးမှတ်တမ်း အချက်အလက်တွေဟာ အမှန်တွေနဲ့ တိကျဖို့လိုပါတယ်" ဟု Gallant ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ မအိမျိုးဆွေက ပြောပြခဲ့ပါသည်။

Share this article :

1 comments:

ငွေလမင်း said...

အမြဲ လာဖတ်ပါတယ် စီဘောက်မတွေလို့ဘာမှ မေ၇းသွားတာ မန့်တာကျ မေးလ်ဝင်၇သေးလို့ မမန့်နိုင်ဘူး
အားပေးလျက်ပါ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။