Home » » သီရိဆွေနှင့် တွေ့ဆုံခြင်း၊'အနုပညာအလုပ်တွေကို ခြေလှမ်းမှန်မှန်နဲ့ ဆက်လုပ်သွားဖို့ရှိပါတယ်'

သီရိဆွေနှင့် တွေ့ဆုံခြင်း၊'အနုပညာအလုပ်တွေကို ခြေလှမ်းမှန်မှန်နဲ့ ဆက်လုပ်သွားဖို့ရှိပါတယ်'

Written By မောင်စေတနာ on Saturday, September 25, 2010 | 4:47:00 AM



ဂီတလောကထဲကို စ၀င်ကတည်းက သူမရဲ့သီချင်းတွေနဲ့အတူ ပရိသတ်က သတိထားမိခဲ့သူ။ သူသီဆိုခဲ့တဲ့ သီချင်းတိုင်းကလည်း ပရိသတ်ရင်ထဲရောက်ခဲ့လို့ ဂီတနယ်ပယ်မှာ အောင်မြင်မှု အတိုင်းအတာတစ်ခုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ ဂီတလောကမှာ အောင်မြင်မှုဆီကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေသလို ပညာရေးဖက်မှာလည်း ထူးချွန်သူတစ်ဦးဖြစ်တဲ့ သီရိဆွေနဲ့တွေ့ဆုံခိုက် သူမယုံကြည်ရာ ဂီတအကြောင်း မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ရပါတယ် . . . .

မေး- လတ်တလောမှာ အနုပညာလှုပ်ရှားမှု ဘာတွေရှိမလဲ။

ဖြေ- MBA မဟာတန်းအတွက် စာတွေလုပ်နေတာကြောင့် ပွဲတွေသိပ်မဆိုဖြစ်တော့ဘူး။ အကူအညီတောင်းထားတဲ့ ရှိုးပွဲတွေလောက်ပဲ ဆိုဖြစ်နေပါတယ်။

မေး- အခုနောက်ပိုင်းရှိုးပွဲတွေမှာ Perfomance ကို ဦးစားပေးလာကြတော့ သီရိအနေနဲ့ အဲဒီ အတွက် ကြိုတင်ပြင်ဆင် ဖြစ်တာမျိုးရော ရှိပါသလား။

ဖြေ- သီရိကတော့ Perfomance အတွက် အရမ်းကြီး ပြင်ဆင်တာမျိုး မရှိပါဘူး။ နောက်ပြီး ကိုယ့်ရဲ့ခံစားသီဆိုမှုကလည်း Perfomance ဖြစ်တာပဲလို့ ထင်တယ်။ သီချင်းဆိုတဲ့အခါတိုင်း Perfomance အတွက် သီးသန့်လုပ်တာမျိုး မဟုတ်ပေမယ့် တကယ်ဖြစ်လာတဲ့ ခံစားမှုအတိုင်းတော့ ဆိုဖြစ်တယ်။




မေး- ဖက်ရှင်နဲ့ပတ်သတ်လို့ရော ဘာတွေပြင်ဆင်ဖြစ်လဲ။

ဖြေ- ရှိုးတစ်ခုဆိုတိုင်း ဖက်ရှင်အတွက် သီရိကြိုပြီး ပြင်ဆင်ဖြစ်ပါတယ်။ ခင်မင်နေကြတဲ့ ဒီဇိုင်နာတွေကလည်း ကူညီ လုပ်ကိုင်ပေးကြတယ်။ ဒါပေမယ့် ပွဲအတွက်ဆိုပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်း ၀တ်ဖြစ်သွားတာက တော့ နည်းပါတယ်။

မေး - ပညာရေး တစ်ဖက်နဲ့ဆိုတော့ အနုပညာဘက်မှာ အားနည်းတာမျိုးရှိမလား။

ဖြေ- သီရိကအရင်ကတည်းက ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုမှာပဲ အနုပညာအလုပ်တွေလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဂီတမှာ အရမ်းခြေလှမ်း သွက်တာမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူး။ ပုံမှန်ခြေလှမ်း တွေနဲ့ပဲ တဖြည်းဖြည်းချင်း ဆက်သွားဖို့ရှိ ပါတယ်။

မေး- ပညာရေးနဲ့ဂီတမှာ ဘယ်ဘက်ကိုပိုပြီး အားသန်လဲ။ မိဘကရော ဘယ်ဟာကိုပိုပြီး အားပေးလဲ။

ဖြေ- သီရိကိုယ်တိုင်ကလည်း ပညာရေးဘက် ပိုပြီးအားသန်ပါတယ်။ မိဘကလည်း ပညာရေးကိုပဲ ပိုပြီးအားပေးတယ်။

မေး- ဒါဆိုဂီတအပေါ်မှာ မိဘတွေရဲ့အားပေးမှုက . . .

ဖြေ- မိဘတွေက အားပေးတယ်လို့လည်း မဟုတ်ဘူး။ ဒါပေမယ့် ကန့်ကွက်တာမျိုးတော့လည်း မရှိဘူး။ သီရိ ၀ါသနာပါတာကို လုပ်ခွင့်ပေးထားတဲ့ သဘောပါပဲ။

မေး- သီရိရဲ့ တစ်ကိုယ်တော်ခွေ အခြေအနေကရော။

ဖြေ- သီချင်းတစ်ပုဒ်ဆိုပြီးရင် တော်တော်နဲ့ စိတ်တိုင်းမကျတတ်တဲ့ အကျင့်ကြောင့်မို့ ကိုယ်သီချင်းစဆိုတဲ့ အချိန်ကတည်းက လုပ်ခဲ့တဲ့ ဒီတစ်ကိုယ်တော်ခွေက ခုချိန်ထိမပြီးပြတ်သေးဘဲ ကြာနေရတာပါ။ အခုအချိန်မှာတော့ အမြန်ဆုံးပြီးနိုင်အောင် ကြိုးစားနေပါတယ်။

မေး- တစ်ကိုယ်တော်ခွေမှာရော ဘယ်လို သီချင်းပုံစံတွေပါဖြစ်မလဲ။

ဖြေ- တစ်ကိုယ်တော်ခွေမှာ Pop မှ၊ R&B မှဆိုတာမျိုး ခေါင်းစဉ်တပ်ပြီးလုပ်တာမျိုး မဟုတ်ပါဘူး။ အခွေထွက်ရင်တော့ သိရမှာပေါ့နော်။ သီချင်းအားလုံးက ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်းပါပဲ။ ဟစ်ဟော့ပုံစံမျိုး ဆိုထားတာတွေတော့ မပါဘူး။ စုံတွဲသီချင်းလေးတော့ ပါမယ်။ ကိုယ်ကိုယ်တိုင် ရေးဖြစ်ခဲ့တဲ့သီချင်းတွေကို သူများကိုပေးဆိုတာမျိုး မရှိတော့ အခုသီရိရဲ့တစ်ကိုယ်တော်ခွေမှာ ကိုယ်တိုင်ရေးဖြစ်တဲ့ သီချင်းခုနစ်ပုဒ်လောက်တော့ ပါဖြစ်မယ်။

မေး- အရင်တုန်းက ကိုယ်ဆိုခဲ့တဲ့သီချင်းတွေ ကအောင်မြင်ခဲ့တယ်ဆိုတော့ အခုထုတ်မယ့် တစ်ကိုယ်တော်ခွေအတွက် ဖိအားတစ်ခုဖြစ်စေလား။

ဖြေ- အဲဒီလိုတော့မရှိပါဘူး။ အရင်တုန်းက နေ အခုအချိန်အထိ သီရိဆိုခဲ့တဲ့ သီချင်း တိုင်းကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားဆိုခဲ့ပါတယ်။ ဒါကြောင့် တစ်ကိုယ်တော်ခွေ လုပ်တဲ့အခါမှာလည်း သီချင်းတိုင်းကို အကောင်း ဆုံးဖြစ်အောင် ကြိုးစားပြီး သီဆိုသွားဖို့ပဲရှိပါတယ်။

မေး- သီရိအနေနဲ့ရော အနုပညာကို ဘယ်အတိုင်းအတာထိ ဆက်လုပ်သွားမလဲ။

ဖြေ- သီရိက ၀ါသနာကြောင့် ဒီအနုပညာ လောကထဲကို ၀င်ခဲ့တဲ့သူဆိုတော့ အခွင့်အရေးပေးသလောက် ဒီအလုပ်ကို ဆက်လုပ်သွားမှာပါ။ ပရိသတ်တွေ လက်ခံအားပေးမှု ရှိသလောက်ပေါ့။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။