Home » » "အနုပညာဆိုတာ ရှာဖွေလေတွေ့ရှိလေ၊ ပိုကြိုးစားရလေပါပဲ" မြင့်မြတ်နှင့် တွေ့ဆုံခြင်း

"အနုပညာဆိုတာ ရှာဖွေလေတွေ့ရှိလေ၊ ပိုကြိုးစားရလေပါပဲ" မြင့်မြတ်နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Sunday, July 25, 2010 | 5:41:00 PM



မဟော်ဂနီ ထုတ်လုပ်ရေး၏ စင်တင်မင်းသားတစ်ဦး အဖြစ် အနုပညာလောက အတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး ဒရာမာဇာတ်ရုပ်များနှင့် ပရိသတ်မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့သူ။ ဒရာမာပိုင်သော မင်းသားတစ်ယောက်ဟု ပရိသတ် လက်ခံလာချိန်တွင် ဖန်စီ၊ ဟာသ၊ အချစ်ဇာတ်ရုပ် အစုံတို့ဖြင့်လည်း ပရိသတ်အား ဖမ်းစားလာခဲ့ပြန်သူ သရုပ်ဆောင်မြင့်မြတ်။ ရရှိထားသည့် နေရာတစ်နေရာတွင် ခိုင်ခိုင်မာမာရပ်တည်ရင်း ဇာတ်လမ်းဇာတ်အိမ် မျိုးစုံဖြင့် မတူသော တင်ဆက်မှုရသစုံအောင် ပရိသတ်အားပေးဆပ်နိုင်ရန် ကြိုးစားလာသည့်အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီး ဇာတ်ကားအချို့ကိုလည်း ပြန်လည်ရိုက်ကူး သရုပ်ဆောင်လာပြန်သည်။ မဟော်ဂနီ၏ တိုက်ပိုင်မင်းသားတစ်ဦး အဖြစ် ကြိုးစားမှုနှင့် မလျှော့သော ဇွဲလုံ့လအခြေခံကာ ယုံကြည်ရာလမ်းဆီ အရောက်လှမ်းနေသည့် မြင့်မြတ်၏ အနုပညာနှင့်ပတ်သက်သမျှ ရင်တွင်းစကားအချို့မှာ . .


မေး - နှစ်ယောက် တစ်အိပ်မက် ဆိုတဲ့ကားက ပရိသတ်ကြားမှာ အောင်မြင်ခဲ့တဲ့ကားလေး ဆိုတော့ အခုလိုပြန်ပြီး သရုပ်ဆောင်ရတာ ပိုပြီး တာဝန်ကြီးလား။


ဖြေ - ဟုတ်ပါတယ်။ အဲဒီကားက ကိုသားကြီး ပရိသတ်တွေအတွက် အမှတ်တရဖြစ်ခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အောင်မြင်မှုလည်း အရမ်းရခဲ့တာကြောင့် ပြန်ရိုက်တဲ့အခါ ပထမကားထက် မသာရင်တောင် ညံ့မသွားအောင် ဂရုစိုက်ရပါတယ်။ ဒါပေမယ့် ဒီကားမှာကဇာတ်လမ်း ဇာတ်ကွက်တွေ အများကြီး ပြန်ပြင်ထားတာကြောင့် အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်။





မေး - အောင်မြင်ပြီးသားကားတွေကို ပြန်ရိုက်တာ ပိုများလာတယ်နော်။

ဖြေ - အောင်မြင်ပြီးသားကားတွေ ပြန်ရိုက်လာကြတယ် ဆိုတာက ပရိသတ်လက်ခံပြီးသား ဇာတ်လမ်းမျိုးတွေကို ပြန်လည်ဆန်းသစ် ဖန်တီးပြကြတဲ့သဘောပါ။ ပရိသတ်ကလည်း သူတို့နှစ်သက်ခဲ့ရတဲ့ ကားတွေကို ပုံစံအသစ်တွေနဲ့ ပြန်ပြီးကြည့်ချင် ကြမှာပဲလေ။ ဒါကြောင့်လည်း အောင်မြင်ပြီးသား ဇာတ်ကားတွေကို ပြန်ပြီးရိုက်လာကြတာလို့ ထင်တယ်။

မေး- ဆွဲစားမယ်လိုကားမျိုးကို ပရိသတ်အကြိုက်ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်နော်။ ဒရာမာပိုင်တဲ့ မင်းသားတစ်ယောက်ဆိုတဲ့အမြင်က နေခွဲထွက်နိုင်အောင် ပြောင်းယူခဲ့တာလား။

ဖြေ - ကျွန်တော်တကယ်တမ်း ဖြစ်ချင်တာကသရုပ်ဆောင်ပါ။ မင်းသား မဟုတ်ဘူးလေ။ ဒါကြောင့် အခုရိုက်တဲ့ကားတွေမှာ ဟာသရော၊ ဒရာမာ ရော၊ဖန်စီရော၊ အချစ်ရော ဇာတ်ရုပ်မျှပြီးရိုက်ဖြစ်တယ်။ ဆွဲစားမယ်ဆို တဲ့ကားလေးကလည်း ကျွန်တော့်အတွက် ထူးခြားတဲ့ဇာတ်ကားလေးပါ။ အခုလိုပရိသတ်က ကြိုက်တယ်ဆိုတဲ့ အသံလေးကြားတော့ ကျွန်တော့်အတွက် အားဖြစ်ရပါတယ်။


မေး - အခုရောက်နေတဲ့ အနေအထားကိုရော ကျေနပ်လား။

ဖြေ - ကျွန်တော်အနုပညာဆိုတာကို ငယ်ငယ်ကတည်းက အရမ်းပဲရူးသွပ်ခဲ့ရတာပါ။ အဲဒီအတွက် ကျွန်တော် စွန့်လွှတ်ခဲ့ရတာတွေလည်း အများကြီး ရှိပါတယ်။ အဲဒီလိုအရင်းအနှီးတွေ အများကြီး ပေးဆပ်ပြီးတဲ့အချိန်မှာ ပရိသတ်က ပေးထားတဲ့နေရာလေး တစ်နေရာအတွက်တော့ ကျွန်တော်ကျေနပ်ပါတယ်။

မေး - သရုပ်ဆောင် အငယ်တန်းလေးတွေ အများကြီး ပေါ်ထွက်လာနေတဲ့ အချိန်ဆိုတော့ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုအပိုင်းကို ပိုမြှင့်ဖို့ လိုအပ်တယ်လို့ထင်လား . .


ဖြေ - ကျွန်တော်တို့လို သရုပ်ဆောင် အငယ်တန်းလေးတွေ အများကြီး ပေါ်ထွက်လာတာ အရမ်းကောင်းပါတယ်။ အားလုံးကတော့ တတ်စွမ်းသလောက် ကြိုးစားနေကြတာပဲလေ။ ဒါကပြိုင်ဆိုင်စရာ မဟုတ်သလို အဲဒီအတွက်တော့ ပိုပြီးကြိုးစားရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်နေရမယ်လို့လည်း ယုံကြည်ထားတယ်။ ကျန်တာက ကျွန်တော်တို့အားလုံးက သူငယ်ချင်း ညီအစ်ကိုတွေလိုပဲ ချစ်ချစ်ခင်ခင်ရှိပါတယ်။

မေး -စာချုပ်ချုပ်ထားတာဆိုတော့ စာချုပ်သက်တမ်းပြည့်သွားရင်ရော ဘယ်လိုစဉ်းစားထားလဲ။

ဖြေ - ကျွန်တော် အခုလိုပရိသတ် အားပေးတဲ့နေရာတစ်နေရာ ရလာတယ်ဆိုတာလည်း မဟော်ဂနီထုတ်လုပ်ရေးက ၀ိုင်းဝန်းကြိုးစားပေးတာကြောင့်ပါ။ စာချုပ်ဆိုတာမျိုးထက် နားလည်မှုနဲ့ သဘောတူထားတာပါ။ တစ် ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုနဲ့ပဲ အလုပ်လုပ်ပါတယ်။ ဘယ်အလုပ်မဆို နားလည်မှုနဲ့လက်တွဲကြတာတော့ အကောင်းဆုံးပဲလို့ လက်ခံထားပါတယ်။
မေး - မင်းသားတစ်ယောက်ရဲ့အခန်းကဏ္ဍနဲ့ တာဝန်ယူမှုကို ဘယ်လိုနားလည်လက်ခံထားလဲ။

ဖြေ - မင်းသားတစ်ယောက်ဆိုတာ က အဓိကနေရာမှာ ရှိနေတဲ့သူ တစ်ယောက်ပေါ့နော်။ ဇာတ်ကားတစ်ကားကောင်းဖို့ဆိုတာ မင်းသားမှ တင်မဟုတ်ပါဘူး။ မီးထိုးမှန်ထိုးက အစသူ့အရေးပါမှုနဲ့သူ ရှိပါတယ်။ အားလုံးကောင်းကြမှလည်း ဇာတ်ကားကောင်းမှာပါ။

မေး - အနုပညာဆိုတာကိုရော ဘယ်လိုနားလည် လက်ခံထားလဲ။

ဖြေ - အနုပညာဆိုတာ ကျွန်တော် နားလည်လက်ခံထားတာက အရမ်း နက်နဲကျယ်ပြန့်ပါတယ်။ ရှာဖွေလေ တွေ့ရှိလေ၊ ပိုကြိုးစားရလေပါပဲ။ ဒါ ကြောင့်ကျွန်တော်အနုပညာကိုအရမ်း ပဲ မြတ်နိုးတန်ဖိုးထားပါတယ်။


မေး- အောင်မြင်မှုအတွက် ရင်းနှီးလိုက်ရတာ စွန့်လွှတ်လိုက်ရတာမျိုးတွေရှိလား။

ဖြေ - တစ်ခုလိုချင်ရင် တစ်ခုကိုပေး ရတာကထုံးစံပါပဲ။ ကျွန်တော် သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တဲ့အတွက် ကျွန်တော့်ရဲ့လူငယ်ဘ၀ လွတ်လပ်မှု၊ ပညာရေး၊ အချိန်စတာတွေ အများကြီး ရင်းနှီးပေးဆပ် ထားရပါတယ်။ အဲဒီအတွက် ပြန်ရလာတဲ့ ပရိသတ်ကပေးတဲ့ နေရာလေးကို ကျွန်တော် မြတ်နိုးပါတယ်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။