Home » » ဘန်ကောက်တွင် ည မထွက်ရ အမိန့်ထုတ်

ဘန်ကောက်တွင် ည မထွက်ရ အမိန့်ထုတ်

Written By နေဇော်လင်း1 on Thursday, May 20, 2010 | 3:13:00 AM


ယနေ့ ရှပ်နီ ဆန္ဒပြပွဲများ အဆုံးသတ်ပြီးနောက် ဘန်ကောက်မြို့လယ်ရှိ Central World
ကုန်တိုက်ကြီး မီးရှို့ခံရ၍ မီးခိုးများ ထွက်နေသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Reuters)

ဘန်ကောက် မြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်း များကြောင့် အစိုးရက ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ထိုင်းစစ်တပ်က ဆန္ဒပြသူများ၏ ခံတပ်နီကို ၀င်ရောက် ရှင်းလင်းပြီးနောက် ဘန်ကောက် မြို့တော်တွင် အပြန်အလှန်ပစ်ခတ်မှုများ၊ မီးရှို့မှု၊ လုယက်မှုများ ဖြစ်ပေါ်နေကြောင်း ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား ကိုအောင်ဆန်းကပြောသည်။
ဧရာဝတီ သတင်းအယ်ဒီတာ ရဲနည်က ဘန်ကောက်တွင် သတင်းယူနေသော စောရန်နိုင်ကို ဖုန်းဖြင့်တိုက်ရိုက် မေးမြန်းခဲ့သည့် အသံဖိုင်ကို နားထောင် နိုင်ပါသည်။
Thai-Soldiers

“ပသူးနမ်းဈေးနားက ရှပ်နီခေါင်းဆောင်တွေ တရားဟောတဲ့နေရာမှာ ဘယ်သူမှ မရှိတော့ဘူး၊ ဒါပေမယ့် Big C ကပစ္စည်းတွေကို လူတွေက လုနေပြီ၊ ဆဲဗင်းအီလဲဗင်းတွေကတော့ ကုန်ပြီ”ဟု ၎င်းကဆိုသည်။

ဘန်ကောက်မြို့၏ နေရာ ၂၀ ခန့်တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေပြီး စီးပွားရေး အချက်အချာကျပြီး နိုင်ငံခြားခရီးသည် အများဆုံး လာရောက်သည့် ပသူးနမ်းဈေး၊ Central World၊ Carre four ၊ Big C ၊ Siam square ၊ Central Would၊ Zen ကုန်တိုက်ကြီးများ နှင့် ရွှေဆိုင်များ လုယက်ခံရသည်ဟု ကိုအောင်ဆန်းက ပြောသည်။


ဆန္ဒပြပွဲများ ကြာမြင့်စွာဖြစ်ပွားနေသည့် အတွက် ထိုင်းနိုင်ငံစီးပွားရေးကို ထိခိုက်နေပြီး အဆိုပါ ရပ်ကွက်ကြီးများရှိ အထည်ဆိုင် များ၊ စားသောက်ဆိုင်များကို မှီခို၍ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား အများအပြား ၀င်ငွေထိခိုက်မှုများ ဖြစ်ပေါ်နေသည်ဟု ကိုအောင်ဆန်းကဆိုသည်။

“ကျနော့် အလုပ်က မြန်မာပြည်လာလည်တဲ့သူ ဈေးဝယ်တဲ့သူတွေကို ကူညီပြီးလိုက်ပို့ရတာ၊ တလကို ဘတ်၂၀၀၀၀ လောက်ဝင် တယ်၊ အခုတော့ ဘတ် ၅၀၀ ပဲရှိတော့တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အလုပ်မှ ဧည့်သည်နည်းပါးချိန်တွင် ပသူးနမ်းလှေဆိပ်ရှိ စားသောက်ဆိုင်တွင် အကြော်ဆရာအဖြစ် အသက်မွေးကြောင်း၊ ယခုလောလောဆယ်တွင် ၀င်ငွေမရှိသည်မှာ၂လခန့်ရှိပြီ ဖြစ်ကြောင်း၊ ဈေးဆိုင်များလည်း ပိတ်ထားသည့်အတွက် ၀ယ်ယူစား သောက်ရန်လည်း ခက်ခဲသည်ဟုလည်း ကိုအောင်ဆန်းက ပြောသည်။

ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ ၁၄နှစ်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပစ်ခတ်မှုမျိုး မကြုံဘူးကြောင်း အသက် ၃၂အရွယ် မော်လမြိုင်ဇာတိ ကိုအောင်ဆန်း က ဆိုသည်။

ဆန္ဒပြသူများ၏ ခံတပ်နီကို အစိုးရတပ်များက နံနက် ၅ နာရီ ကျော် ကတည်းက ၀င်ရောက်ရှင်းလင်းခဲ့ရာ နေ့လယ် ၁ နာရီ ၄၅ မိနစ် တွင် ဆန္ဒပြခေါင်းဆောင် ကျသူဖွန်ဖုန်ဖန် အပါအ၀င် ၅ ဦး အဖမ်းခံသည်။ ယခုအခါ အဓိကရုဏ်းဖြစ်ပွားနေသည့် ဧရိယာ တ၀ိုက်ကို ရှင်းလင်းပြီးပြီဖြစ်ကြောင်း အရေးပေါ် အခြေအနေ ကိုင်တွယ်ဖြေရှင်းရေး ဌာနချုပ် (CRES)မှ ပြောရေးဆိုခွင့်ရှိသူ က ထိုင်းရုပ်မြင်သံကြားတွင် ပြောသည်။

Big C ကုန်တိုက်နံဘေး လမ်းကြားတွင် ထမင်းဆိုင်ဖွင့်သည့် မော်လမြိုင်သူ မအေးကလည်း“အရေးအခင်းမဖြစ်ခင်က ကလေးတွေ ကို ကျောင်းပိတ်ရက် မြန်မာပြည်ကနေ ခေါ်လာတာ၊ ဒီမှာပွဲကြမ်းနေတော့ ဆိုင်လည်းပိတ် ၀င်ငွေလည်း မရှိ၊ စုဆောင်းထားတာ လေးကိုပဲ ထုတ်စားနေရတယ်”ဟုပြောသည်။

ပသူးနမ်းဈေး တပတ်လည်ရှိ အထည်ဆိုင်များနှင့် စားသောက်ဆိုင်များ၊ စီလုံမ် ရပ်ကွက်ရှိ ညဈေးတို့တွင် မြန်မာအလုပ်သမား အများစု ဈေးရောင်း၍ အသက်မွေးဝမ်းကြောင်း ပြုကြသည်။

ဘန်ကောက်မြို့ရှိ တက္ကသိုလ်ကျောင်းများ၊ ရုံးများကို လာမည့် သောကြာနေ့အထိ ပိတ်ထားကြောင်း၊ အဓိကရုဏ်းဖြစ်ပွားနေသည့် ရပ်ကွက်များနှင့် နီးသည့် ချူလာလောင်ကွန်း တက္ကသိုလ်ရှိ မြန်မာကျောင်းသား အများစုမှာ အန္တရာယ်ကင်းရှင်းသည့် နေရာများ တွင် ပြောင်းရွှေ့နေထိုင်နေကြောင်း Ramkhamhaend တက္ကသိုလ်မှ ကိုကျော်မင်းဦးက ပြောသည်။

“ထိုင်းကျောင်းသားတွေ ကြားထဲမှာလည်း ကွဲပြားမှုတွေရှိတယ်၊ ဒီဆန္ဒပြပွဲတွေဟာ ဆင်းရဲသားတွေရဲ့အရေးကိုလုပ်တာ ဆိုပြီး လက်ဝဲ၀ါဒ ကိုယုံတဲ့ ကျောင်းသားသမဂ္ဂ(SFD)၀င်တွေက ပြောတယ်”ဟု ၎င်းက ဆိုသည်။

ဆန္ဒပြမှုများသည် အဓိကနေရာများတွင် ပြီးဆုံးသွားပြီဖြစ်သော်လည်း တခြားသောနေရာများသို့ ကူးစက်လာနိုင်သည်ဟု ကိုကျော် မင်းဦး ပြောသည်။

ဆန္ဒပြပွဲများ ပြီးဆုံးသွားပြီဟု အစိုးရက ပြောဆိုသော်လည်း မီးရှို့မှုများ၊ အမည်မသိသော သေနတ်သမားများကို အစိုးရက လိုက်ရှင်းနေရကြောင်း၊ ထိုင်းနိုင်ငံရေးမှာ ရှုတ်ထွေး နေဦးမည်ဖြစ်သောကြောင့် စီးပွားရေးမှာ ပုံမှန်အခြေအနေ ပြန်လည်ရောက် ရှိရန် မလွယ်ကူသည့်အတွက် မြန်မာအလုပ်သမားများ အနေဖြင့် လောလောဆယ်တွင် ရပ်တည်ရန် ခက်ခဲလိမ့်မည်ဟု ဘန်ကောက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အရေးကို လုပ်ဆောင်နေသည့် ကိုသက်ခိုင်က သုံးသပ်ပြောဆိုသည်။

မီးရှို့တိုက်ခိုက်မှုများသည့် နိုင်ငံအရှေ့မြောက်ပိုင်းရှိ အူဒွန်ဌာနီပြည်နယ်၊ ခွန်ကန်ပြည်နယ် နှင့် ချင်းမိုင်မြို့သို့ ကူးစက်လာနေပြီဖြစ် ကြောင်း သိရသည်။
ရန်ပိုင် Wednesday, May 19, 2010
E-mail Print
http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။