Home » » ထိုင်းတွင် ဆူနာမီ သတိပေးချက်ကြောင့် မြန်မာအလုပ်သမားများလည်း တိမ်းရှောင်

ထိုင်းတွင် ဆူနာမီ သတိပေးချက်ကြောင့် မြန်မာအလုပ်သမားများလည်း တိမ်းရှောင်

Written By မောင်စေတနာ on Saturday, April 10, 2010 | 3:24:00 PM


စိုးမိုး/ ၇ ဧပြီ ၂ဝ၁ဝ
line

ထိုင်းနိုင်ငံတွင်း ယနေ့ နံနက်ပိုင်းက ထွက်ပေါ်ခဲ့သည် ဆူနာမီ သတိပေးချက်ကြောင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေပိုင်း ဒေသများရှိ ရွှေ့ပြောင်းမြန်မာများလည်း ထိုင်းဒေသခံများနည်းတူ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းတွင် ယနေ့ နံနက် (၅) နာရီ (၁၅) မိနစ်က ရစ်ခ်ျတာ စကေး (၇.၈) ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် တချိန်တည်းမှာပင် ထိုင်းနိုင်ငံအတွင်း ဆူနာမီ သတိပေးချက် ယနေ့ နံနက် (၅) နာရီ (၁၅) မိနစ်တွင် ထွက်ပေါ်ခဲ့ပြီး နံနက် (၈) နာရီခန့်တွင် အန္တရာယ်မရှိကြောင်း ပြန်လည်ကြေညာပေးခဲ့သည်။

“သူတို့က ပြောတယ်၊ (၇) ကျော်တယ်ဆိုတော့ မနက် (၅) နာရီ (၁၅) လောက်မှာ ငလျင်ဖြစ်ရင် ပြေးရမယ့်နေရာကို အားလုံး ပြေးကြတယ်။ ကျနော်တို့ရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို အားလုံးသွားကြတယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေကျေးရွာ ဘမ့်နမ်းခန်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုတာက ပြောကြားသည်။


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါ မြို့နယ်ရှိ ဘမ့်နမ်းခမ်ရွာ လူဦးရေ ထက်ဝက်ခန့်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ရွာလည်းဖြစ်သည်။

“ဒီမှာက ပင်လယ်ကမ်းစပ် ဖြစ်နေတာရော ပြီးတော့ ဆူနာမီပြီးကတည်းက ငလျင်ဆို ဘယ်လို ပြေးရမယ်ဆိုတာ သိနေကြပြီ။ နောက် ကျနော်တို့ရွာမှာ ထိုင်းသဘာဝဘေးဒဏ် ကာကွယ်ရေးအဖွဲ့ရော၊ မြန်မာအဖွဲ့ရော ရှိတယ်။ သူတို့က လိုက်ပြီး ဆိုင်ကယ်တွေနဲ့ သတိလိုက်ပေးတယ်” ဟု ကိုတာက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း တံငါရွာများတွင် မြန်မာရွှေ့ပြောင်း အများစုအတွက် မြန်မာသဘာဝဘေးဒဏ် သတိပေး နှိုးဆော်ရေးအဖွဲ့များလည်း ရှိနေပြီး ထိုင်း၊ မြန်မာ ဘာသာစကားဖြင့် လှည့်လည်သတိပေးကြောင်း သိရသည်။

“မနက် (၅) နာရီ (၁၅) မှာ ကျနော်တို့ အများစုက ပြေးကြတယ်။ လှည့်အော်တာပေါ့။ တချို့က (၆) နာရီလောက်မှ ပြေးလာကြတယ်။ မနက် (၈) နာရီခွဲလောက်ကျတော့ အန္တရာယ် မရှိတော့ဘူးဆို ပြန်လာပြောတယ်။ ကျနော်တို့ အနီးအနား ရွာတွေလည်း ပြေးကြတယ်” ဟု ကိုတာက ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် ဆူနာမီဒဏ် ခံခဲ့ရပြီးနောက် (၆) နှစ်အကြာ ကာလအတွင်း ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေဒေသနေ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် သဘာဝဘေးဒဏ်နှင့်ပတ်သက်ပြီး ဗဟုသုတ ပိုမိုပြည့်ဝလာကြောင်း အလုပ်သမားရေးရာ အဖွဲ့များက ပြောသည်။

“ဆူနာမီ သတိပေး မျှော်စင်တွေ ရှိလာပြီလေ။ ၂၀၀၄ ဖြစ်ပြီးတော့ NGO တွေ အဲဒီဒေသကို အခြေချပြီးတဲ့နောက် သင်တန်းတွေ အများကြီးလုပ်ကြတယ်။ အဲဒီတော့ ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ သိလာရတာပေါ့” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ရွှေ့ပြောင်းအလုပ်သမားတာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

ထိုင်း ပင်လယ်ကမ်းခြေဒေသများတွင် နေထိုင်သော မြန်မာရွှေ့ပြောင်း အလုပ်သမား (၄) သိန်းမှ (၅) သိန်းခန့်ထိ ရှိသည်ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း မြောက်ပိုင်းတွင် ယနေ့ ဒေသစံတော်ချိန် နံနက် (၅) နာရီ (၁၅) မိနစ်၌ ငလျင် စတင်လှုပ်ခတ်ခဲ့ပြီး ယင်းဒေသအတွက် ၂၀၀၈ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ကာ အပျက်အစီးမရှိကြောင်း လတ်တလော သတင်းများက ဆိုသည်။

ယင်းငလျင်ကြောင့် အင်ဒိုနီးရှားအပါအ၀င် ထိုင်းနိုင်ငံတွင်လည်း ဆူနာမီ သတိပေးချက်များ ထွက်ပေါ်ခဲ့ပြီး ထိုင်းအစိုးရက ပင်လယ်ကမ်းခြေ ဒေသများကို ဘေးကင်းရာ ခိုလှုံရန် သတိပေးခဲ့ခြင်းဖြစ်သည်။
photo; g o o g l e
http://www.khitpyaingnews.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။