Home » , » အထူးလျှောက်ထားခွင့် လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့်

အထူးလျှောက်ထားခွင့် လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့်

Written By မောင်စေတနာ on Wednesday, July 24, 2013 | 7:59:00 PM

 

မြန်မာ အလုပ်သမားများအတွက် အထူးလျှောက်ထားခွင့် လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့် ရန်ကုန် -မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာအလုပ်သမားများအား အထူး လျှောက်ထားခွင့် (Special Pass) လက်မှတ်ခကို ရင်းဂစ် ၄၀၀ ကောက်ခံရာမှ ရင်းဂစ် ၃၀၀၀ သို့ ရှစ်ဆခန့် တိုးမြှင့် ကောက်ခံလိုက်သည်။ 

ဇူလိုင် ၁၆ ရက်မှစ၍ မလေးရှားနိုင်ငံ ပူထရာဂျာရာ လူဝင်မှုကြီးကြပ်ရေးရုံးမှ မြန်မာနိုင်ငံသို့ တရားဝင်ပြန်မည့် မြန်မာအလုပ်သမားအား အထူးလျှောက်ထားခွင့်လက်မှတ်ကို ပတ်စ်ပို့ရှိသူနှင့် မရှိသူ နှုန်းထားနှစ်မျိုးခွဲလိုက်ပြီး ပတ်စ်ပို့ရှိသူများ ပြန်ရန်အတွက် အထူးလျှောက်ထားခွင့် လက်မှတ် ရင်းဂစ် ၂၂၀၀ ကောက်ယူကာ ပတ်စ်စ်ပို့မရှိသူများကို ရင်းဂစ် ၃၀၀၀ သို့ အသီးသီးပြောင်းလဲ ကောက်ခံလိုက်ပြီး နေ့ချင်းပြီး လက်မှတ် ထုတ်ပေးကြောင်း သိရသည်။ 

ယခင်က နှုန်းထားခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ ရင်းဂစ် ၄၀၀ နှင့်သာ ထုတ်ပေးခဲ့ပြီး ယင်းလက်မှတ်ရရှိပြီးမှသာ မြန်မာနိုင်ငံသို့ပြန်ရန် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းဖြစ်သည်။ 

ယခင်က မြန်မာနိုင်ငံသို့ပြန်ရန် အတွက် ဆောင်ရွက်မှုများမှာ ပတ်စ်ပို့ရှိသူများ၊ ပတ်စ်ပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများမှာ ပူထရာဂျာရာ လူဝင်မှုကြီးကြပ်ရုံးသို့ သွားရောက်ပြီး Special Pass လျှောက်ထားရန် အတွက် တိုကင်ယူကာ ပြန်လည်ချိန်းဆိုသော နေ့တွင် လက်မှတ်ခ ၄၀၀ ရင်းဂစ် ပေးဆောင်ရသည်။ 

ယခုကဲ့သို့ ပြောင်းလဲ ကောက်ခံလိုက်ခြင်းကြောင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်မည့် အလုပ်သမားများမှာ အောက်လမ်းမှပြန်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ “လက်မှတ်ခ ၃၀၀၀ ရင်းဂစ် ဆိုရင် မြန်မာငွေ ကျပ် ကိုးသိန်း ကျော် ဆယ်သိန်းနီးပါးဖြစ်ပြီး ပုံမှန်လစာရှိသူတစ်ယောက်ရဲ့ ၀င်ငွေက စားသောက်စရိတ်နုတ်ပြီး စုနိုင်ရင် တစ်လ ၆၀၀ ရင်းဂစ်ပေါ့။ မြန်မာတွေ ဒုက္ခတော်တော် ရောက်နေတယ်။ ခုပြန်မယ့်သူတွေ အောက်လမ်းက ပြန်ဖို့လုပ်နေတယ်”ဟု မလေးရှားနိုင်ငံ ဧဒင်ဥယျာဉ် သတင်းဌာနမှ ကိုမျိုးကပြောသည်။ 

အဆိုပါပြောင်းလဲ ကောက်ခံမှုသည် အလုပ်သမား အခက်အခဲများကြောင့် မပြန်နိုင်ရန်အတွက် ယခုလိုတိုးမြှင့် ကောက်ခံလိုက်ခြင်းဖြစ်ကြောင်း ကိုမျိုးက ၄င်း၏ အမြင်ကိုပြောသည်။ “ပြန်ချင်တဲ့သူတွေက ဒုက္ခတွေရောက်နေပြီး အရင်က ရင်းဂစ် ၄၀၀ ပဲပေးရတော့ သက်သာတာပေါ့။ ခုတော့ ပြန်ချင်ရင် အောက်လမ်းကနေပဲ ပြန်ရတော့မှာပေါ့။ ဆယ်သိန်းကြီးကျတော့လည်း မတတ်နိုင်ကြဘူး””ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အလုပ်လုပ်ကိုင်သော ကိုစန်းမျိုးကပြောသည်။ 

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ အလုပ်သမားများအား ပြည်တော်ပြန်ရန်အတွက် စင်းလုံးငှား အခမဲ့သယ်ယူပို့ဆောင်ပေးနေသော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) သည် ဇူလိုင် ၁၆ ရက် နောက်ပိုင်းတွင် အခမဲ့နှစ်ကြိမ်သာ ပျံသန်းပေး တော့မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းလိုင်း (MAI) မှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။ 

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက် ရှိသူများမှာ ဇူလိုင် ၂၁ ရက်ထိ ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး မြန်မာနိုင်ငံပြန်ရန် အတွက် မလေးရှားရှိ မြန်မာသံရုံးတွင် လူဦးရေ ၂၅၀၀ ၀န်းကျင် စာရင်းပေးပို့ထားကြောင်း သတင်းရရှိသည်။ မေ ၂၉ ရက်မှစ၍ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုများကြောင့် မြန်မာနိုင်ငံသား အချို့ ပြန်ရောက်ရှိလာသည်။ ထိုအကြမ်းဖက် ခံရမှုများကြောင့် မြန်မာနိုင်ငံသား ခုနစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

Source by : 7Day News Journal
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။