Home » , » ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) နှင့် အင်တာဗျူး အစီအစဉ်

ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) နှင့် အင်တာဗျူး အစီအစဉ်

Written By မောင်စေတနာ on Sunday, June 23, 2013 | 9:35:00 PM

 

မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ ပရိတ်သတ်များ အားလုံး မင်္ဂလာပါ ခင်ဗျာ။ ဒီပတ်တင်ဆက်ပေးမယ့် အင်တာဗျူး အစီအစဉ်လေးမှာ သုတ ရသ စာပေရေးသားနေတဲ့ ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) နဲ့ အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 

ဝါသနာ အရ အွန်လိုင်း စာပေ ရေးသားနေသူ ဘလော့ဂါ အများစု အနေနဲ့ ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) ကိုသိကြမယ်လို့ ထင်ပါတယ်။ ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) ဟာ သုတ ရသ စာပေများ ဥပဒေဆိုင်ရာ စာပေများ ဘာသာရေးစာပေတွေကို ၂ဝဝ၇ ကတည်းက ဘလော့တစ်ခု တည်ထောင်ပြီး ဝါသနာအရ စာပေများကို ရေးသားနေပြီး ယခုလက်ရှိ မြန်မာနိုင်ငံတွင် ပုံနှိပ်ထုပ်ဝေနေသော ဂျာနယ်မဂ္ဂဇင်းများတွင်လည်း သူရဲ့စာမူတစ်ချို့ ဖော်ပြခံရပြီးလည်း ဖြစ်ပါတယ်။ 

စာပေ ဝါသနာရှင် ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) နှင့် တွေ့ဆုံပြီး သူရဲ့ဖြတ်သန်းမှု တစ်ချို့ကို အခုလို မေးမြန်းခဲ့ဖြစ်ခဲ့ပါတယ်။ 

မေး = ညီလေး ဘလော့လေးကို ဘယ်တုန်းက စတင်ရေးသား ဖြစ်လဲဆိုတာ ပထမဆုံး မေးခွန်းလေးကို ဖြေကြားပါဦး။ 

ဖြေ = ကျွန်တော် ဘလော့စရေးဖြစ်တာက ၂ဝဝ၇ လောက်ကပါ။ အဲဒီတုန်းက Page.tl ဆိုတဲ့ ဆိုဒ်လေးမှာ မန်ဘာဝင်ပြီး ရေးတာပေါ့။ အဲဒီနောက်ပိုင်း ၂ဝဝ၉ မှာကျတော့မှ ကိုသက်တန့်ချိုရဲ့ တိုက်တွန်းမှုနဲ့ blogspot.com မှာ www.kokoeaimmdy.blogspot.com ဆိုတဲ့ လိပ်စာလေးမှာ ရေးဖြစ်ခဲ့တာ ခုချိန်ထိပါပဲ ခင်ဗျ .... 

မေး = ဘလော့ရေးတဲ့ သူတွေ အများစုက ကိုယ်ဝါသနာ ပါတဲ့ အရာတွေကို ရေးသားကြပါတယ်။ ဆိုတော့ ညီလေးရဲ့ဘလော့လေးကိုရော ဘယ်လိုအကြောင်း အရာလေးတွေကို ရေးသားမယ်လို့ စိတ်ကူးပြီး အကောင် အထည်ဖော်ဖြစ်လဲ ? 

ဖြေ = အဲဒီ အချိန်တုန်းက ခေတ်စားတာတော့ နိုင်ငံရေးနဲ့ ပတ်သတ်တာ တွေပေါ့နော်.... နောက်ပြီး အချစ်၊ အလွမ်းချိုချိုလေးတွေလည်း ခေတ်စားတော့ Story အချိုလေးတွေနဲ့ စရေးခဲ့တာပါ။ တကယ်က ကျွန်တော်နဲ့ နီးစပ်ခဲ့တာတွေက ဘာသာရေး ဆောင်းပါးတွေပါ။ ဒါပေမယ့် ဟာသလေးတွေနဲ့ အချစ်၊ အလွမ်းလေးတွေကို ဘလော့လေးမှာ စရေးဖြစ်တယ်  ပေါ့နော်..။ အဲဒီကမှ ကိုယ့်ရဲ့နေ့စဉ်ဘဝလေးတွေကို ရေးတင်ဖြစ်တယ်။ တစ်ခါတစ်လေ အတွေ့အကြုံလေးတွေကို ဆောင်းပါး ပုံစံမျိုးလေးတွေလည်း ရေးဖြစ်ပါတယ်။ စာဖတ်တဲ့ လူများလာလေလေ ပိုပြီးအား တက်လာတော့ စာတွေ ပိုပိုရေးဖြစ်လာတာပေါ့... :) 

မေး = ကိုကိုးအိမ် ဘလော့နာမည်လေးကို ဘယ်လို ရွေးချယ်ပေးဖြစ် သွားတာလဲ ? 

ဖြေ = အစောပိုင်းကတော့ မိုးကုတ်သား ဆိုတဲ့ နာမည်လေးနဲ့ပဲရေးဖြစ်တာပါ။ ဒါပေမယ့် နောက်ပိုင်း သိလာရတာက နာမည်တူတွေလည်း ရှိနေတာ ကြောင့်ရယ်... အဲဒီနာမည်က Common Word ဖြစ်နေတာ တွေရယ်ကြောင့် ကလောင်နာမည်လေး သတ်သတ်မှတ်မှတ် ပေးဖို့ဖြစ်လာတာပါ။ ၂ဝဝ၈ လောက်ကဆိုပါတော့။ ကျနော်က ၉ ဂဏန်းလေးကို သဘောကျတာရယ် ... 

ကိုကိုး ဆိုတဲ့ စကားလုံး လေးနှစ်ခု ပေါင်းထားတာမျိုးကျတော့ အဓိပ္ပါယ်က ချောကလက်လေးတွေမှာ ပါတဲ့ ကိုကိုးပင်က အသီးလေးတွေပေါ့နော်..... အဲဒါလေးတွေကို ချစ်လို့ရယ်... ကိုကိုးလို့ ပေးဖြစ်တာပါ။အိမ်ထည့်ရတဲ့ အကြောင်းအရင်းက နာမည်တူတွေရှိလာမှာ စိုးတာလည်းတကြောင်း၊ အိမ် ဆိုတဲ့ နွေးထွေးတဲ့ မိသားစု အဓိပ္ပါယ်လေးကိုလည်း သဘောကျတာကြောင့် ထည့်ဖြစ်ခဲ့တာပါ။ ကိုကိုးအိမ် မှာမှ နောက်က (မန္တလေး) ဆိုပြီး အခုချိန်ထိ သုံးဖြစ်ခဲ့ပါတယ်။ 

မေး = လက်ရှိ အလုပ်အကိုင်လေးကို စာဖတ်ပရိသတ်များ အတွက် ပြောပြပေးလို့ ရမလား ? 

ဖြေ = လက်ရှိ အလုပ်အကိုင်ကတော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီဥပဒေ အကြံပေးရှေ့နေပါခင်ဗျ .... 

မေး = ညီလေး ဘလော့လေးမှာ စာပေနဲ့ ပက်သက်ပြီး ဘယ်လိုအကြောင်း အရာလေးတွေကို အဓိကရေးသား မျှဝေဖြစ်လဲ ? 

ဖြေ = အရင်တုန်းကတော့ ဆောင်းပါးတွေ ရေးဖြစ်တာများတယ်ဗျ.... အခုနှစ်ပိုင်းတော့ ကဗျာလေးတွေနဲ့ ဝတ္တုတိုလေးတွေကို ရေးသားမျှဝေဖြစ်ပါတယ်။ 

မေး = ပထမဆုံး ရေးသားဖြစ်တဲ့ စာပေ အကြောင်း အရာလေးကို သိချင်ပါတယ်။ 

ဖြေ = ပထမဆုံးရေးဖြစ်တာကတော့ ၂ဝဝ၅ လောက်က ဆယ်တန်းဖြေပြီးခါစပေါ့ .... အင်တာနက်ဆိုတာလည်း မသုံးတတ်သေးပါဘူး... ကွန်ပျူတာ ဆိုတာလည်း မကိုင်တတ်သေးပါဘူး ... ရေးဖြစ်တာတွေက ဖတ်ဖူးတဲ့ထဲက စိတ်ကူး တည့်ရာ ဘာသာရေး ဆောင်းပါးလေးတွေနဲ့ ကဗျာလေးတစ်ပုဒ် မှတ်မှတ်ရရ ရေးဖြစ်ပါတယ်။ ဘာသာရေး စာအုပ်တွေဖတ်တာ များနေတဲ့ အချိန်ဆိုတော့ အားသန် သွားတာဖြစ်ပါလိမ့်မယ်။ တက္ကသိုလ် တက်တဲ့အချိန်ကျတော့မှ တက္ကသိုလ်နှစ်လည် ဝတ္တုတိုလေးတွေ စရေးခဲ့တာပါ။ 

မေး = ကိုကိုးအိမ်(မန္တလေး) ဆိုတဲ့ ဘလော့လေးကို စာဖတ်သူများ သိစေခဲ့တဲ့ စာပေပိုစ့်လေးနဲ့ ပက်သက်ပြီး ပြောပြပေးနိုင်မလား ? အမှတ်တရ တစ်ခုခုပေါ့။ 

ဖြေ = ဘလော့စရေးခါစကတော့ စာဖတ်သူတွေ သတိထားမိအောင် ကိုယ်သွားဖတ်တဲ့ လူစည်တဲ့ ဘလော့ဂါ ကြီးတွေဆီမှာ စာတွေဖတ်ပြီး လူမြင်သာအောင် ကွန်မန့်လေးတွေပေး၊ စီဘောက်မှာအော်ပေါ့.... အဲဒီကနေမှ ဘလော့ဂါချင်းလာလည်၊ စာဖတ်ပေး၊ လင့်ချိတ်ပေးနဲ့ အရှိန်စယူရတာပေါ့။ လူသိတာဘယ်စာလို့တော့ သတိမထားမိဘူးဗျ... ဒါပေမယ့် ထင်တာတော့ ထက်ထက်မိုးဦးနဲ့ ပတ်သတ်တဲ့ ဆောင်းပါးလေး တစ်ပုဒ် ရေးလိုက်တာရယ် ... ဦးမြတ်ခိုင်အကြောင်း ရေးလိုက်မိတာရယ်မှာ လူတွေလာလာဆဲကြတာမှာ လူပိုသိတယ်ထင်တာပဲ။ ထင်ရတာကိုပြောတာပါ (အဆဲခံရလို့ လူပိုသိလေ လားတောင် ထင်မှားမိတယ် :D ) 

  

မေး = ညီလေးရေးသားတဲ့ သုတ ရသစာပေနဲ့ ပက်သက်ပြီး ဘယ်လို အကြောင်း အရာတွေကို လေ့လာ ခံစားပြီး ရေးသားဖြစ်လဲ ? 

ဖြေ = တကယ်တမ်း ပြောရရင် ကျနော်က သုတပိုင်းထက် ရသပိုင်းရေးရတာကို ပိုပြီးအားသန်ပါတယ်။ လေ့လာဖြစ်တာကတော့ သီးသန့်မရှိပါဘူး... ဝတ္တုစာအုပ်တွေ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေနဲ့ ဝတ္တုတိုပေါင်းချုပ်တွေ တွေ့သမျှ ဖတ်တာပါပဲ... အဲဒီအချိန်က စာဖတ် အားလည်း ကောင်းနေတဲ့ အချိန်ဆိုတော့ ဝတ္တုတွေချည်းကို တစ်ရက်သုံးအုပ် လောက်ဖတ်ဖြစ်တယ်... အချစ်၊ အိမ်ထောင်ရေး၊ ဘဝသရုပ်ဖော် အစုံပေါ့နော်... လွန်းထားထား၊ ပုညခင် ၊ လမင်းမိုမိုကနေ ဂျူးတို့ ခင်ခင်ထူးတို့၊ နေဝင်းမြင့်တို့၊ ချစ်ဦးညို တို့အထိ အစုံဖတ်ဖြစ်ပါတယ်။ ကျနော် ရေးဖြစ်တော့လည်း အဲဒီအပေါ်မှာပဲ ခံစားမှုအရှိန်လေးတွေနဲ့ ရေးဖြစ်လာတာလို့ ထင်မိပါတယ်။ 

မေး = အခုလက်ရှိ ညီလေး ကိုယ်တိုင်ရေး ပိုစ့်တွေ ဘယ်လောက် ရှိနေပြီလဲ ? 

ဖြေ = ၂၇ဝ ကျော်လောက်တော့ ရှိပါပြီဗျ ... ကဗျာ ၊ အက်ဆေး ၊ ဆောင်းပါး ၊ ဝတ္တုတို အစုံပေါ့။ 

မေး = ပြီးခဲ့တဲ့ ဇန်နဝါရီလက ညီလေးတို့ ဘလောဂါတွေ စုပေါင်းပြီးထုပ်တဲ့ ကြယ်စင်ဆယ့်တစ် စာအုပ်နဲ့ မိုင်တိုင် ၂၀ စာအုပ်တွေမှာ ညီလေးရေးသားတဲ့ စာတွေပါတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး တစ်ခုခုပြောပေးပါဦး ... 

ဆရာမ အိန်ဂျယ်လှိုင် ဦးဆောင်ထုတ်ဝေ ခဲ့တာပါ။ ကျနော်တို့ အနေနဲ့ ပထမဆုံးအတွေ့အကြုံအဖြစ် စာအုပ်ကလေးကို လုပ်ခဲ့ကြတာဆိုတော့ အမှားအယွင်းလေးတွေလည်း အနည်းအကျဉ်း ပါခဲ့တာမျိုးရှိပါတယ်။ စာအုပ်လေးထွက်လာဖို့ စီစဉ်မှု အပိုင်းမှာ အနည်းငယ်လိုသွားတယ်လို့ ပြောလို့ရတဲ့ ကြယ်စင်ဆယ့်တစ်ကိုလည်း သည်းခံ အားပေးကြတဲ့ စာဖတ်ပရိတ်သတ်ကိုလည်း တကယ်ကျေးဇူးတင်မိပါတယ်။ ဆရာမအိန်ဂျယ်လှိုင်ရဲ့ မိုင်တိုင်နှစ်ဆယ်စာအုပ်လေးကိုတော့ စီစဉ်မှု အပိုင်းမှာ အမှားအယွင်း မရှိသလောက်နီးပါး နည်းခဲ့လို့ အားရကျေနပ်မိပါတယ်။ 

မေး = ကြယ်စင်ဆယ့်တစ် စာအုပ်နဲ့ မိုင်တိုင်နှစ်ဆယ် စာအုပ်လေးမှာ ညီလေး ရေးသားတဲ့ စာတွေ ပါတယ်လို့ သိရပါတယ်။ ပါဝင်တဲ့ စာ၃ဗုဒ်ပေါ့နော် .... ဒီအကြောင်းကိုလည်း မျှဝေပေးပါဦး .... 

ဖြေ = ကြယ်စင်ဆယ့်တစ်မှာက ရွက်ကြွေတို့ရဲ့ ဒိုင်ယာရီ နဲ့ စိမ့်စမ်းရေ ဆိုတဲ့ခေါင်းစဉ်နဲ့ နှစ်ပုဒ်ပေါ့... ရွက်ကြွေတို့ရဲ့ ဒိုင်ယာရီကတော့ စိတ်ကူးယဉ်ဆန်ဆန် အချစ်နဲ့အလွမ်း ဝတ္တုလေးဖြစ်ပြီး စိမ့်စမ်းရေ ကတော့ အမေ့ကို သတိတရနဲ့ အမေပြောပြဖူးတဲ့ အကြောင်းလေးတွေပါ ထည့်ပြီးရေးထား ဖြစ်တဲ့ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်းလေးပါ။ မိုင်တိုင်နှစ်ဆယ်မှာက လမ်းမမည်ခဲ့သော ဆိုတဲ့ဝတ္တုလေးပါ။ မျက်မမြင်အမေနဲ့ သားငယ်လေးရဲ့ အပြန်အလှန်ထားတဲ့ မေတ္တာတွေနဲ့ သားငယ်လေးရဲ့ အမေ့အတွက် ဖောက်ခဲ့တဲ့လမ်းက ခရီးရယ်လို့ မတွင်ခဲ့ပေမယ့် လမ်းတော့မည်ခဲ့ပါတယ်ဆိုတဲ့ အကြောင်းအရာလေး ပါဝင်ပါတယ်။ ဒါလေးလည်း မေတ္တာဖွဲ့လေးပါပဲ။ 

ဖတ်ရှူ့ပေးကြတဲ့ စာဖတ်သူတွေဆီက ပြန်ကြားရတာတော့ တစ်ချို့ကလည်း မိုင်တိုင်နှစ်ဆယ်က အပုဒ်လေးကို ပိုသဘောကျတယ်ပြောတယ်.... တစ်ချိုကတော့ ကြယ်စင်ဆယ့်တစ်က အပုဒ်လေးကို ပိုသဘောကျတယ် ပြောကြတယ်.... ဒါကတော့ စာဖတ်သူရဲ့ ခံစားချက်နဲ့ ထပ်တူညီတဲ့ စာလေးတွေကို သူတို့ကြိုက်ကြတာပဲလို့ ခံစားရပါတယ်.... တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တော့ မတူကြဘူးလေ... တစ်ချို့က အချိုကြိုက်ပေမယ့် တစ်ချို့ကလည်း အချဉ်လေးတွေ ကြိုက်တတ်ကြတာမျိုးလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေရဲ့ ခံစားချက်တစ်ချို့က အမှတ်တရ အားပေးခဲ့ကြတဲ့ စာဖတ်သူ ပရိတ်သတ်တွေ အားလုံးကို တကယ်ကျေးဇူး တင်မိတာပါ။ 

မေး = အရင်ကတည်းက စာပေဝါသနာ ပါတယ်ဆိုတော့ အခုလို ကိုယ်ပိုင်စာတွေကို ပုံနှိပ်ထုပ်ဝေဖြစ်တော့ ညီလေးရင်ထဲက ဘယ်လိုခံစား ပျော်ရွှင်ဖြစ်လဲ ? 

ဖြေ = အတိုင်းမသိ ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ လက်ရည်တွေကို အွန်လိုင်းမှာ သွေးခွင့်ရတယ်။ လွတ်လပ်စွာ ဝေဖန်အကြံပြု ပေးကြတဲ့ တိုက်ရိုက် ပရိတ်သတ်တွေရတယ်။ အဲဒါလေးတွေကိုမှ စုစုစည်းစည်းနဲ့ စာမျက်နှာတွေ ထက်မှာ ပြန်လည်မြင်တွေ့ခွင့်ရတော့ တကယ့်ကို အတိုင်းမသိ ကြည်နူးရတာပေါ့ဗျာ.. :) 

မေး = ကိုယ်တိုင်ရေး သုတ ရသ စာပေတွေကို ညီလေး ဘလော့လေးမှာပဲ တင်ပေးဖြစ်လား ? တစ်ခြားအွန်လိုင်း စာမျက်နှာတွေမှာရော မျှဝေဖြစ်လား ? 

ဖြေ = တစ်ခါတစ်လေ Ning ဆိုဒ်တို့လို ဆိုရှယ်ဆိုဒ်တွေက တင်ချင်တယ်ဆိုရင်တော့ တင်ခွင့်ပေးထားပါတယ်။ ကျနော်ကိုယ်တိုင်တော့ တခြားပေ့ခ်ျတွေမှာ သိပ်မတင်ဖြစ်ပါဘူး... အခုနောက်ပိုင်း ပိုသတိထားဖြစ်ပါတယ်။ အပြင်မှာ စာမူပို့ထားတဲ့ စာလေးတွေကို အွန်လိုင်းမှာတင်မိရင် တခြားယူသုံးသူတွေရဲ့ အန္တရာယ်များတာကြောင့် ဝတ္တုလို ကဗျာလိုမျိုးဆိုရင် စာမူပါပြီးမှပဲ အွန်လိုင်းပေါ် တင်ဖြစ်ပါတယ်။ ကျနော်တင်တာကလည်း Public တင်တာဆိုတော့ ကြိုက်တဲ့လူယူသုံး Crecit လေးထည့်ပေးရင်ကို ဘာမှမပြောတော့ပါဘူး ... တခြားသူတွေ ယူတင်ထားတာတွေလည်း ရှိပါတယ်။ 

မေး = လူတိုင်းမှာ ရည်ရွယ် ချက်တွေ ရှိကြပါတယ်။ ညီလေးရဲ့ မျော်လင့် ဖြစ်ချင်တဲ့ အနာဂတ် ရည်ရွယ်ချက် လေးကို ပြောပြပေးပါဦး။ 

ဖြေ = ကျွန်တော့် စိတ်ကူးတွေဟာ ဒီအချိန်မှာ ကြီးကျယ်တယ် ထင်ချင်ထင်ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် တကယ်ကို အိပ်မက်တွေမက် ထားခဲ့ပါတယ်။ ကျနော်ဖြစ်ချင်တဲ့ အနာဂတ်က အများအကျိုးရှိမယ့် စာပေတွေနဲ့အတူ ဖန်တီးမှုအသစ် အသစ်တွေကိုလည်း ရဲရဲဝံ့ဝံ့ချပြချင်မိပါတယ်။ ချပြနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ မကြာသော အချိန်အတွင်းမှာ ဖြစ်လာနိုင်ဖို့လည်း အားထုတ်နေပါတယ် ခင်ဗျ။ 

မေး = ဘလော့ရေးနေတဲ့ Blogger တိုင်း ခံယူချက်တွေ အမျိုးမျိုးနဲ့ ရေးသားကြပါတယ်။ Blogger ဆိုတဲ့ နာမည်လေးနဲ့ Blogger ဆိုတဲ့ အကြောင်းအရာလေးတွေကို သုတ ရသ စာပေရေးသားနေသူ တစ်ယောက် အနေနဲ့ ဘယ်လိုခံယူ နားလည်ထားလဲ ဆိုတာ ဗဟုသုတ အနေနဲ့ ဖြေကြား ပေးစေလိုပါတယ်။ 

ဖြေ = တခြားသူတွေတော့ ဘယ်လိုခံယူတယ် မသိဘူးပေါ့နော်... ဘလော့ဂါဆိုတာလည်း စာရေးဆရာပါပဲ။ တကယ်တမ်းမှာ စာရေးကြသူချင်း အတူတူ ဘလော့ဂါဟာ စာရေးဆရာမဟုတ်ဘူး... အပြင်မှာရေးမှ စာရေးဆရာဆိုတာ တော်တော်ကျဉ်းမြောင်းတဲ့ အမြင်လို့ ကျွန်တော်ယူဆပါတယ်.. တကယ်တမ်းမှာ စာပေအပေါ်မှာ ချစ်မြတ်နိုးပြီး စေတနာစစ်စစ်နဲ့ ရေးသားနေတဲ့ လူတစ်ယောက် ဆိုရင် အွန်လိုင်းမှာရေးရေး ပရင့်မှာ ရေးရေး စာရေးဆရာပါပဲ။ 

နာမည်မှာကိုက ဆရာဆိုတာ ပါနေတဲ့အတွက် ဆရာဂုဏ်၊ သမားဂုဏ်နဲ့လည်း အတန်အသင့်ပြည့်စုံသင့်တယ်လို့ ထင်ပါတယ်။ ပုထုဇဉ်လူသားတွေမို့ စိတ်ခံစားချက် တစ်စုံတစ်ရာ ပါဝင်သွားနိုင်သော်ငြား အခြားသူအတွက် ယုံမှားသံသယဖြစ်စေနိုင်မယ့် အရာ ၊ အဆိပ်အတောက် ဖြစ်စေနိုင်မယ့် အရာတွေကိုတော့ စာရေးဆရာတိုင်း ရှောင်ရှားသင့်ပါတယ်။ အဆိပ်အတောက်ဆိုတဲ့ စကားရပ်က သိပ်ကိုကျယ်ပြန့်တဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်ပါရစေ... စေတနာမပါဘဲ နာမည်ရယူလိုစိတ် နာမည်ကြီးချင်စိတ် တစ်ခုတည်းနဲ့ လုပ်နေတဲ့ လူုတွေကိုတော့ သာမာန်စာရေးသူ တစ်ယောက်လို့ပဲ သတ်မှတ်သင့်တယ်လို့ယူဆပါတယ်။ (ဒါကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂလခံယူချက် သက်သက်ပါ။) 

မေး = ဝါသနာအရ စာပေ စာရေးသူ တစ်ယောက်အနေနဲ့ ညီလေးရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လို အသုံးချဖြစ်လဲ ? 

ဖြေ = ကျွန်တော်က စာရေးရင် တိတ်ဆိတ်နေတဲ့ အချိန်ကို ပိုသဘောကျတဲ့ အတွက် ညပိုင်းတွေမှာ ရေးဖြစ်ပါတယ်။ ဆောင်းပါး လိုမျိုး ဆိုရင်တော့ နေ့ခင်းဘက် တွေလည်း ရေးပါတယ်။  နေ့လည်ခင်း အလုပ် အားချိန်တွေဆို စာအုပ်ဖတ်တယ်။ သီချင်းနား ထောင်တယ် ... အွန်လိုင်းတက် သတင်းဖတ် ... စာလေးနည်းနည်းရေး ၊ အွန်လိုင်းကလူတွေနဲ့ အမြင်ချင်း ဖလှယ်ကြ လုပ်ဖြစ်ပါတယ်။ ညပိုင်းကတော့ တခြားဘာလုပ်နေနေ နည်းနည်းပဲဖြစ်စေ စာရေးဖြစ် အောင်တော့ ရေးပါတယ်။ 

မေး = ဘလော့လေးမှာ ဝါသနာအရ စာတွေရေးဖြစ်တယ် ပိုစ့်တွေတင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ Blogger တိုင်း ဝါသနာ အရရေးနေကြတယ် ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ ညီလေး ကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်း ခဲ့ရသလဲ ? 

ဖြေ = ဘလော့ပါး မဝခင် ကတော့ ခံစားခဲ့ရတာပေါ့ဗျာ.... ကိုယ်က စေတနာနဲ့တင်ပေးတာ ဒီလိုပြောလေခြင်းဆိုပြီး တော့ပေါ့.... နောက်ပိုင်းတော့ ကိုယ့်အယူအဆ ရေးလိုက်တယ်... ကိုယ်တိုင် စေတနာ သန့်ရင်ပြီးတာပဲ ဆိုတဲ့ အယူအဆနဲ့ပါ။ လာပြောလည်း ပြန်ပြောသင့်တာ ပြောတယ်။ မပြောသင့် တာဆို ပြောကို မပြောတော့ဘူး .... အခု နောက်ပိုင်း ဖေ့စ်ဘုတ် ပေါ်လာတော့ မြင်နေကြုံနေရတာနဲ့ စာလိုက်ရင် ဘလော့ ယဉ်ကျေးမှုက သိပ်ချစ်ဖို့ ကောင်းပါလား ဆိုတာ ပိုပြီး ခံစားမိလာတယ်ဗျာ.... :) 

မေး = ညီလေး Facebook စာမျက်နှာမှာ ညီလေး လုပ်ဆောင်ချက် တစ်ချို့နဲ့ အပျော်တမ်း သီဆိုထားတဲ့ သီချင်းနဲ့ ဓာတ်ပုံတွေ တော်တော်များများကို စတိုင်အမျိုးနဲ့ တင်ထားတာကို တွေ့ရပါတယ် သီချင်းဆိုတာ ဓာတ်ပုံရိုက်တာ သရုပ်ဆောင်လုပ်ရတာကိုရော ဝါသနာပါလား ? 

ဖြေ = သရုပ်ဆောင် လုပ်ရတာဝါသနာပါလို့တော့ မဟုတ်ပါဘူးဗျ။ ဓာတ်ပုံရိုက်ရတာ ကိုတော့ ဝါသနာပါပါတယ်။ လွယ်လဲ လွယ်နေတော့ တွေ့တဲ့နေရာရိုက် သဘောကျတာလေးရှိရင် တင်လိုက်တာ အဲလိုမျိုးပါ။ သရုပ်ဆောင်လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူးဗျ .... သီချင်းလေးတွေ တင်တာကတော့ တကယ်ဝါသနာပါလို့ပါ။ နမူနာဆိုထားတဲ့ အကြမ်းလေးတွေ တင်ဖြစ်တာပါဗျ။ တကိုယ်တော် အယ်လ်ဘမ်လေးလည်း စီစဉ်နေပါတယ်။ စီစဉ်တာမကြာသေးတော့ သိပ်တော့မပြီးသေးပါဘူး ... 

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု အနေနဲ့ ကြုံဖူးလား ? 

ဖြေ = စိတ်ညစ်စရာ တွေတော့ အများကြီးပါပဲ။ နေတတ်အောင်ပဲ နေပါတော့တယ်။ အလကားနေရင်း လာနှောင့်ယှက်တဲ့ လူတွေကိုတော့ ဆက်မပြောတော့ပဲ ပစ်ထားလိုက်တော့တယ်။ သူတို့တွေကို အာရုံလိုက်ထားနေရင် ကိုယ့်အလုပ်ပျက်တာပဲ အဖတ်တင်ပါတယ်။ အရေးကြီးတာတစ်ခုကတော့ စာရေးသူတိုင်း သဘောထားကြီးဖို့နဲ့ ထစ်ခနဲရှိ အရမ်းစိတ်မဆတ်ဖို့ပါ။ ကျနော်လည်း အတတ်နိုင်ဆုံး ကျနော် စိတ်ကို ကြိုးစားထိန်းနေရတုန်း ပါခင်ဗျ။ 

မေး = ဒီလိုကိစ္စမျိုးတွေ ကြုံလာရတော့ ညီလေးကိုယ်တိုင် ဘယ်လို ဖြေရှင်းဖြစ်လဲ ? ပြီးတော့ အခုလို ဘလော့ရေးနေတဲ့ Blogger အများကိုလည်း ဘယ်လို ကာကွယ်သင့်သလဲ ဆိုတာလေး ပြောပြပေးပါ ခင်ဗျာ။ 

ဖြေ = ကျနော်တို့က သူတို့ကို ဂရုစိုက်ပြီး လိုက်ကာကွယ်နေရင် ဘလော့ကြီးတစ်ခုလုံး ဖြုတ်ဖို့ပဲ ရှိတော့မှာပါ။ အခုနောက်ပိုင်းဆို ကျနော် .... သူတို့ကွန်မန့်တွေကို ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ သူတို့ကို ကာကွယ်ချင်တာနဲ့ တခြားသူတွေ အတွက်ပါ အနှောင်အယှက် မဖြစ်စေချင်လို့ပါ။ လူတစ်ယောက် ပြောတဲ့စကား ၊ သုံးတဲ့ အသုံးအနှုန်းကို ကြည့်ယုံနဲ့တင် ဒီလူ ဘယ်လိုလူစားမျိုးလဲဆိုတာကို အားလုံးက ခန့်မှန်းနိုင်ကြပါတယ်။ သူ့တန်ဖိုးကို သူဖြတ်တယ်လို့ပဲ တွေးထား လိုက်ပါတယ်။ စကားလေးတစ်ခွန်း အမြဲမှတ်ထားပါတယ်။ (ကိုယ့်လမ်းကြောင်းကိုယ် စိတ်ကောင်းနှင့်ယှဉ် ရှေးရှူ့နှင်လော့) ဆိုတဲ့ စကားလေးပါ ... 

မေး = အခုလို မြန်မာ ဘလော့တွေ Bloggerတွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို ညီလေးရဲ့ အမြင်လေး ဖြေကြားပေးစေ လိုပါတယ်။ 

ဖြေ = ဘလော့တွေ အများကြီးပေါ်လာတာ တကယ်ဝမ်းသာဖို့ ကောင်းပါတယ် .... ကြိုဆိုပါတယ် .... ကောင်းတဲ့ စာပေရေးသလား၊ လူတွေကိုမှိုင်းသွင်းနေသလား ဆိုတာ အားလုံးနီးပါး သိလာကြတာမို့ အားရစရာပါ။ တကယ်ကောင်းတဲ့ ဘလော့တွေ ဘလော့ဂါတွေ ပေါလာတာဟာ ဖတ်စရာများလာတာလည်း တကြောင်း ၊ စာပေကို စိတ်ဝင်တစား ရေးသူတွေများလာလည်း တကြောင်းမို့ ကြိုဆိုပါတယ်ဗျာ။ 

မေး = ညီလေး သိထားတဲ့ ၅၂၈ မိသားစုလေးရဲ့ နွေးထွေးတဲ့ အဖြူရောင် သံယောဇဉ်လေး အကြောင်း လေးတွေကို စာရေးသူ တစ်ယောက် အနေနဲ့ ဘယ်လို နားလည်ထားလဲ ? ညီလေးရဲ့ အမြင်လေးပေါ့ ... 

ဖြေ = ၅၂၈ မေတ္တာဆိုတာ အရမ်း အေးချမ်းပါတယ်။ ပြန်လည်ရယူလိုစိတ် ကင်းတယ်ရယ်လို့ မဟုတ်ပေမယ့် မပူလောင်စေတာတော့ သေချာပါတယ်။ ငယ်ငယ်တည်းက မိဘနဲ့ အတူတူ မနေရတဲ့ ကျနော့်အဖို့ ၅၂၈ မေတ္တာဆိုတာ သိပ်ကို လိုချင်ခဲ့တဲ့ မေတ္တာတစ်ခုပါ။ မိဘနဲ့ သားသမီးကြားက မေတ္တာ ၊ သူငယ်ချင်းတွေကြားက ၅၂၈ မေတ္တာ မေတ္တာ အဖုံဖုံကို ကြုံခဲ့ဖူးပါပြီ။ ကျွန်တော် ရောင့်ရဲတတ်ပါတယ်။ 

ကျနော့်ကို ချစ်လာသူတိုင်း ကိုလည်း သူတို့ ထက်မလျော့သော ချစ်ခြင်းတွေနဲ့ ပြန်ချစ်တတ်ပါတယ်။ ၁၅ဝဝ ဆိုတဲ့ ဂဏန်းတစ်ခုကို အကြိမ်ကြိမ်ကြုံလာပြီးနောက်ပိုင်း ဗို့အားမတူတဲ့ ချစ်ခြင်း နှစ်ခုရဲ့ကြားက ကွာခြားချက်ကို တော်တော်ကြီးသဘော ပေါက်လာပါတယ်။ ၅၂၈ မှာ နွေးထွေးတယ်၊ ကြင်နာတယ်၊ ယုယမှု ပါချင်မှပါမယ် ၊ ဒါပေမယ့် အချစ်မပြယ်ဘူး ၊ အပြစ်မယူဘူး။ အချစ်မှာ မလျော့မတင်း စောင်းကြိုးညှင်း ဆိုသလိုပဲ ... နည်းလည်းမနည်း ၊ များလည်းမများတဲ့ ၅၂၈ ကို ပိုသဘောကျမိပါတယ်။ 

မေး = ညီလေးက သုတရသ ခံစားချက် စာပေအကြောင်း အရာလေးတွေကို အဓိက ရေးသားတယ် ဆိုတော့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီး ဘယ်လိုနားလည် ခံယူထားတာလဲ ? (ညီလေး ဖေဖေလို လူပျိုကြီးရော လုပ်မှာလား :P) ညီလေးဘဝရဲ့ ချစ်သူကိုရော တွေ့နေပြီလား ? အိမ်ထောင်ဖက်ကို ဆိုတာရော ဘယ်လို ပုံစံမျိုးကို ရည်ရွယ်ထားလဲ ? 

ဖြေ = သေချာသလောက်ကတော့ ၁၅ဝဝ အချစ် ဆိုတာကြီးကို မယုံဘူး .... ကျွန်တော် အချစ်ဝတ္တုနုနု ရွရွလေးတွေ ရေးကြည့်ဖို့ ကြိုးစားတယ်။ ထွက်မလာဘူး ... ကွဲရင်ကွဲ၊ မကွဲရင်သေ၊ မကွဲမသေရင် ဖောက်ပြန်တဲ့ ယောက်ျားမိန်းမ ဇာတ်လမ်းတွေနဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတွေပဲ ထွက်လာတာများတယ်။ Happy Ending လေးနဲ့ သိမ်းချင်ပေမယ့် သိမ်းမရဘဲ ဖြစ်နေတတ်တာ ... ဓာတ်ခံကြောင့်လည်း ပါမယ်ထင်ပါတယ်။  

တွေ့ခဲ့ကြုံခဲ့ ပတ်ဝန်းကျင်မှာ မြင်နေခဲ့ရတာတွေ အပေါ်မှာ မူတည်ပြီး စာရေးသူတွေရဲ့ Trand ကလည်း ပြောင်းသွားတယ်ထင်ပါတယ်။ သေချာတာ ကျွန်တော် မချစ်တတ်ဘူး... လူပျိုကြီးလုပ်မယ်တော့လည်း မပြောပါဘူး ... ဖူးစာဆိုတာ ပြောလို့မှမရတာလေ .... အိမ်ထောင်ဖက် ရွေးဖို့ဆိုတာတော့ တော်တော်ကြီး လိုဦးမှာပါ။ 

ဘာလို့လဲဆိုတော့ ကျွန်တော်အိမ်ထောင် ပြုရမှာကြောက်တယ် ... ကျွန်တော့်စိတ်ကိုလည်း ကျွန်တော်မယုံဘူး ကျွန်တော့်အိမ်ထောင်ဖက် စိတ်ကိုလည်း ကျွန်တော်ယုံကြည်နိုင်ဖို့ တော်တော် ကြိုးစားရလိမ့်မယ်။ ချစ်ခြင်းနဲ့ ယုံကြည်မှု ဆိုတာ တစ်ထပ်တည်းကျတာ မဟုတ်ဘူးလေ ... ချစ်ပေမယ့် ယုံချင်မှယုံမယ် ... ယုံပေမယ့် ချစ်ချင်မှ ချစ်မယ်လေ.... အဲတော့ ကျွန်တော့် အိမ်ထောင်ဖက်ဖြစ်လာမယ့် သူက ကျွန်တော်ယုံတဲ့ သူလည်းဖြစ်ရမယ်။ ကျွန်တော် ချစ်တဲ့သူလည်း ဖြစ်ရမယ်လို့ စဉ်းစားထား ပါတယ်... :) 

မေး = ညီလေး အိမ်ထောင်ရေး ကရော ဘယ်တော့လောက် ဖြစ်မှာလဲလို့ စာဖတ်သူတွေက သိချင်နေကြပါတယ်။ ဘယ်လို ပြန်ဖြေပေးရမလဲ ? 

ဖြေ = မြှားနတ်မောင် နဲ့ ကျွန်တော်နဲ့ မတည့်ဘူးခင်ဗျ .... အဲဒါကြောင့် သူကျွန်တော့်ကို ဘယ်မြှားနဲ့မှ မပစ်ဘူးလို့ပြောတယ်။ :D)

  

မေး = စာဖတ် ပရိတ်သတ်များထဲမှ ညီလေးရေးတဲ့ စာပေနဲ့ ပက်သက်ပြီး ဝေဖန် အကြံပေးမယ်ဆိုရင် ဆက်သွယ်နိုင်မဲ့ Facebook စာမျက်နှာ ၊ ဘလော့လေးရယ် အီးမေး အကောင့် လိပ်စာလေးရယ် ပြောပြပါဦး။ 

 ဖြေ = အီးမေးလ်ကတော့ 
kokoeaimmdy@gmail.com 
Instagram - @Ko Koe Eain 
We chat ID = kokoeeain 
Contact Number = +959 910 49802 

မေး = ညီလေးကို ချစ်တဲ့ခင်တဲ့ စာဖတ်သူ မိတ်ဆွေများအတွက် အသိပေးချင် တာလေးတွေနဲ့ အမှတ်တရ သတိတရ ဖြစ်စေမဲ့ စကား လက်ဆောင်လေး ပြောပေးပါဦး ... 

ဖြေ = ကျွန်တော် ဝါသနာပါရာ၊ ကျွမ်းကျင်ရာ အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာဖြစ်လို့ အားပေးကြလို့ ပြောချင်ပါတယ်။ နောက်ထပ် ကျွန်တော် အများနဲ့ ရေးတဲ့ စာအုပ်တွေနဲ့ ကျွန်တော်ရဲ့ ကိုကိုးအိမ်(စာပေ) တိုက်က နေထုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ နောက်လထဲ လူ ၃၁ ယောက်နဲ့ ရေးတဲ့ နောက်ထပ် စာအုပ်လေးတွေလည်း စီစဉ်နေပါတယ်။ စီစဉ်နေတုန်းမို့ ပြည့်ပြည့်စုံစုံ ပြောလို့ မရသေးတာကိုလည်း နားလည်ပေးကြပါ။ 

နောက်နှစ်ထဲမှာလည်း တစ်ကိုယ်တော် သီချင်း အယ်လ်ဘမ်လေး တစ်ခု ထွက်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို အားပေးကြမယ့် ကျနော်ချစ်တဲ့ စာဖတ် ပရိတ်သတ်တွေနဲ့ ကျနော့်သီချင်းတွေကို နားထောင်ပေးကြမယ့် နားဆင်သူတွေကိုလည်း ကြိုတင် ကျေးဇူးတင်ပါရစေဗျာ။ ကျွန်တော်တို့ အနုပညာလုပ်ငန်းတွေလုပ်တယ် ဆိုတာ ဝါသနာပါလွန်းလို့၊ ချစ်လွန်းလို့ လုပ်နေကြတာပါ။ 

ကျွန်တော်တို့နဲ့ အတူ စာချစ်သူများ အားလုံးနဲ့ ဖန်တီးသမျှ အနုပညာတွေကို အားပေးကြတဲ့ သူများအားလုံးကို ကျွန်တော် ချစ်ပါတယ်။ စာချစ်သူ ပရိတ်သတ်များ အားလုံး စိတ်နှလုံး အေးချမ်းသာယာကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။ အခုလိုတကူးတက မေးမြန်းပေးတဲ့ (Free Online Radio Media (Malaysia News)မှ တာဝန်ရှိသူ ကိုနေဇော်လင်း ကိုလည်း အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ..... 

အခုလို အင်တာဗျူး မေးသမျှကို အချိန်ပေး ဖြေကြားပေးသော ညီလေး ကိုကိုးအိမ်(မန္တလေး) အောင်မြင်သော Blogger တစ်ယောက်ဖြစ်ပြီး လူအများအတွက် စာပေအပိုင်း တစ်ထောင့် တစ်နေရာကနေ တောက်ပ လင်းလက် အကျိုးပြုပြီး အများအတွက် စာပေ အလင်းရောင် ပေးစွမ်းနိုင်ပါစေလို့ ကျွန်တော်များ Free Online Radio Media (Malaysia News)မှ ဆုတောင်းပေး လိုက်ပါတယ်။ 

နေဇော်လင်း 
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ) 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။