လွမ်းလို့ ကျန်ရစ်ခဲ့ရပြီ အမေ၂ဝ၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို မြို့တော် စံတော်ချိန် နံနက် (၈းဝဝ) နာရီ အချိန်တွင် ကျွန်တော်တို့ အားလုံး ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့သို့ ည (၉း၃ဝ) နာရီ အချိန်ခန့်တွင် အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိ ခဲ့ပြီဖြစ်သည်။
မြန်မာ ပြည်သူ လူထု တို့၏ ဝမ်းပန်းတသာနဲ့ တခဲနက် ကြိုဆိုမှု မြင်ကွင်းအစုံတို့ကို ကျွန်တော်တို့ Online ပေါ်မှ တဆင့် မြင်တွေ့ရမှုသည် ကျွန်တော်တို့နှင့်အတူ ပြည်ပတွင်ရောက် ရှိနေ ကြသော မြန်မာပြည်သူ လူထုတို့ အတွက် ကြက်သည်းမွေးညင်းများ ထလောက်အောင်ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ရသည်။
ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ဝမ်းနည်း လွမ်းဆွတ်မှုသည်လည်း ထပ်ချပ်မကွာ ခံစားခဲ့ရသည်။ ပြည်တွင်းရှိ မြန်မာလူထူ တို့ အတွက် အားကိုးအားထားရာ ငြိမ်းချမ်းရေး မိခင်တစ်ဦးရဲ့ နွေးထွေးမှု ရင်ခွင်ထဲသို့ လုံခြုံ စိတ်ချစွာ ပြန်လည် ရောက်ရှိသကဲ့သို့ ခံစားခဲ့ကြသလို ပြည်ပရှိ မြန်မာလူထု အတွက်မူ နာရီပိုင်းကလေး အတွင်းသာ အိပ်မက် မက်သကဲ့သို့ နွေးထွေးမှု၊ ကြည်နှုးမှု တို့ကို ခံစား ထိတွေ့ခဲ့ရသည်။
သို့သော် အမေစု၏ သြဝါဒ စကားများ ကား အဖိုးမဖြတ်နိုင်၊ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထု အားလုံး လက်တွေ့ ကျင့်ကြံကြဖို့သာ အရေးကြီးလှသည် မဟုတ်ပါလား။ ဘုရားသခင်တိုင်းသည်လည်း လူသားအားလုံး အတွက် ငြိမ်းချမ်းရေး တရားတော် မြတ်တို့ကို ဟောကြားခဲ့ကြသည်။ သို့သော်ငြား လည်း လူသား တို့သည် ဘုရားသခင်တို့၏ ဆိုဆုံးမ စကား များအား မလိုက်နာ၊ မကျင့်ကြံခြင်းကြောင့် စစ်ပွဲပေါင်းမျိုးစုံ တို့ကို ရင်ဆိုင်ကြုံတွေ့ နေရခြင်းပင် မဟုတ် ပါ လား။
ဤနေရာတွင် အမေစုအား ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကား မဟုတ်။ အသိပညာ၊ အတတ်ပညာ များစွာတို့နှင့် ပြည့်စုံသော ပညာရှိ တစ်ဦးအဖြစ် တင်စားပြော ဆိုခြင်း သက်သက်သာဖြစ်သည်။ ထို့ကြောင့် ပြည်ပတွင် ရှိကြကုန်သော မြန်မာပြည်သူ လူထုတို့သည်လည်း အမေပြောကြားခဲ့သော၊ ဆုံးမခဲ့သော သြဝါဒ စကားများကို လိုက်နာကျင့်ကြံ ကြပြီး မြန်မာ့ အရေးကို စွမ်းဆောင်ကြဖို့ ပြင်ဆင် နေကြပြီဟု ယုံကြည် မိပါတော့သည်။
အတ္တနဲ့ပရကို ဒွန်တွဲ လက်ကိုင်ပြုကြကာ အများအကျိုး တိုင်းပြည် အကျိုး၊ နိုင်ငံအကျိုး ကို ပေးဆပ်ကြ ရမည်ဖြစ်သည်။ ထို့မှသာ မြန်မာပြည် တွင်းရှိ အခြေခံ လူတန်းစားများ ဖြစ်သည့် ဆင်းရဲချို့တဲ့သော ဒုက္ခသည် များအတွက် ဘဝ လမ်းခရီးသည် သာယာဖြောင့်ဖြူးတော့မည်။
သို့မှသာ တိုင်းပြည် သာယာ ဝပြောကာ ငြိမ်းချမ်းမှု ပန်းတိုင်ကို ဆုပ်ကိုင်နိုင်မည် ဖြစ်တော့သည်။
ပြည်တွင်း မြန်မာပြည်လူထု အတွက် အင်အားများ ရှိသွား သကဲ့သို့ ပြည်ပရှိ မြန်မာလူထုများတွင်လည်း ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝရပ်တည်မှု လမ်းကြောင်းမှန် ကိုလည်း သိရှိ တွေ့မြင်ခဲ့ရပြီဖြစ် သည်။ အမေစုကို မြန်မာလူထု လူကြီး၊ ကလေးမကျန် သိရှိကြသည်မှာ အမေစုသည် နာမည်ကြီး အဆိုတော် မဟုတ်၊ နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက် မဟုတ်၊ အမေစု၏ တိုင်းပြည်အပေါ်၊ လူထု အပေါ် ထားရှိသော မှန်ကန်သည့် စေတနာ၊ မေတ္တာ၊ သစ္စာတရား များကြောင့်ပင် ဖြစ်တော့သည်။
အမေစု ၏ မေတ္တာသည် မည်မျှ ထိရောက်သနည်း ဆိုရသော် ကျွန်တော် ပြောပြပါတော့မည်။ ကျွန်တော်တို့ နေထိုင် ရပ်တည်ရာဖြစ်သော ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံ အသီးသီးတို့တွင် ဆင်းရဲ မွဲပြာကြနေသော နိုင်ငံများ ရှိနေသကဲ့သို့ ချမ်းသာ ကြွယ်ဝနေသော တိုင်းဌာနေ များလည်း များစွာရှိကြသည်။ ယခု အမေစုကို တစ်ကမ္ဘာလုံးသော ကမ္ဘာ ပြည်သူများ အားလုံး လိုလို သိရှိကြသည်မှာ အမေ့ရဲ့ လူသားများ အပေါ်ထား ရှိသောမေတ္တာ၊ စေတနာများကြောင့်ပင် ဖြစ်တော့သည်။
ကမ္ဘာ့ ချမ်းသာကြွယ်ဝသော အင်္ဂလန် ၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံကြီးများ တင်မက ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် အီသီယိုးပီးယားနိုင်ငံမှ ပြည်သူများကပင် အမေစုအား လေးစား ကြည်ညိုမှုကို ကျွန်တော်မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ ရခြင်းကြောင့်ပင် ဖြစ်တော့သည်။
ထိုနေ့သည်ကား ၁၇.၉.၂ဝ၁၂ ရက်နေ့တွင် အမေရိကန်နိုင် ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ Department of States တွင် အမေရိကန် အစိုးရအရာရှိကြီးများနှင့် NED ဆုပေးပွဲ အတွက် တွေ့ဆုံအပြီးတွင် ကျွန်တော်တို့ တည်းခိုရာ ဟိုတယ်သို့ TAXI ကားဌါးပြီး အပြန်လမ်းတွင် Taxi မောင်းသူသည် ကျွန်တော်တို့အား ဘယ်နိုင်ငံမှ လာကြောင်းဟု စကားစမေးတော့သည်။
ကျွန်တော်တို့ မှ မြန်မာ နိုင်ငံမှ လာကြောင်း ပြန်လည်ပြောသောအခါ မည်သည့် နေရာတွင် အဲ့ဒီ မြန်မာနိုင်ငံ ဆိုတာ ရှိသလည်းဟူ၍ စပ်စုပြန်သည်။ ထိုအခါ ကျွန်တော် တို့နှင့် ပါလာသူ NED အဖွဲ့မှ ပုဂ္ဂိုလ်က တရုတ်ပြည်၊ အိန္ဒိယပြည်တို့ အကြား ယိုးဒယားနိုင်ငံရဲ့ နံဘေးမှာ ရှိကြောင်း ပြောပြသော်လည်း ထိုယာဉ်မောင်း လုပ်သူသည် ခေါင်းတ ညိမ့်ညိမ့်နှင့် လုပ်ကာ သိပ်မရှင်းကြောင်း၊ မျက်စိတွင် သိပ်မပေါ်ကြောင်း ပြောနေတော့သည်။
ထိုအခါ ကျွန်တော်သည် “Do you know Aung San Suu Kyi ?” (အောင်ဆန်းစုကြည်ကို…သိလား) ဟုမေးလိုက်သော် ထို Taxi မောင်းသမားသည် ပြာပြာသလဲနှင့် “Ah! I see … I see … I really admire her and I have the greatest respect for her. She is the real leader.” (ဟာ သိတယ် … သိတယ် ငါသူ့ကို သိပ်လေးစားတယ်၊ သိပ်ကြည်ညို ဖို့ကောင်းတယ်၊ တကယ့် ခေါင်းဆောင်ကောင်းဘဲ) ဟုပြောကြားခြင်းကို ကျွန်တော်တို့ အံ့သြဝမ်းသာ ဂုဏ်ယူစွာဖြင့် ကြုံတွေ့ ခဲ့ရသည်။
ထို Taxi မောင်းသမား သည် ဤသည်နှင့် မကျေနပ်သေး “Do you have the photo of Aung San Suu Kyi. I want it!.”(မင်းတို့ဆီမှာ အဲဒီ အောင်ဆန်းစုကြည် ရဲ့ပုံရှိလား … ငါလိုချင်လို့ပါ) ဟု ပြောကြားခဲ့ ပြန်တော့သည်။
ထိုအခါ ကျွန်တော်တို့တွင် မရှိကြောင်း ပြန်လည် ပြောကြားသောအခါ သူသည် အတော့်ကို စိတ်မကျေ မနပ် ဖြစ်သွားကာ၊ “I put my heros, my god and the leaders who saved my country in the front of my car, benefactor, and drive it. Because your leader stands by the side of commoners all the people, I idolize her and want to put it in the front of my car.” (ငါက ငါ့ရဲ့ သူရဲကောင်း တွေ… ငါတို့ဘုရားသခင်… ငါ့တို့ရဲ့တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်တွေကို… ငါ့ရဲ့ကျေးဇူးရှင် ဒီ မော်တော်ကား ခေါင်းခန်းမှာထားပြီး ငါအလုပ်လုပ်တယ်။
ဒါကြောင့် မင်းတို့ရဲ့ ခေါင်းဆောင်ဟာလည်း လူသားအားလုံး… ငါ့တို့လို အခြေခံ လူထုတွေဖက်က ရပ်တည်လို့ ငါလေးစား ချစ်ခင်ပြီး ငါ့မော်တော်ကား ရှေ့မှာထားချင်လို့ပါ) ဟု စိတ်မကောင်းစွာ ပြောကြားတော့သည်။
ကျွန်တော် လည်း မည်သို့ပြန်လည် ပြောရမည် မသိဖြစ်နေကာ ကျွန်တော်၏ လက်သည် ကျွန်တော့်ရဲ့လွယ်အိတ်အား ကိုင်လိုက်စဉ် တစ်စုံ တစ်ရာအား စမ်းမိသွားတော့သည်။
ထိုအရာကား ကျွန်တော် ခရီးသွားတိုင်း ကျွန်တော်လွယ် သွားလေ့ရှိသော ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံ ရင်ထိုးလေး ပင် ဖြစ်တော့သည်။ ထိုအခါ ကျွန်တော်သည် ဝမ်းသာအားရဖြင့် ရင်ထိုးငယ်အား ဖြုတ်ယူကာ “This is our mother, Aung San Suu Kyi who you want.” (မင်းလိုချင်တဲ့ ငါ့တို့အားလုံးရဲ့ အမေစုပုံ) ဟု ပြောကြားကာ သူ၏လက်ထဲသို့ ပေးလိုက်တော့သည်။
သူသည် ချက်ချင်း ဆိုသလို သူ၏ မော်တော်ကား အား လမ်းတစ်နေရာတွင် ထိုးရပ်ပြီး မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ဘုရားသခင် တို့ကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲ ထားသော နေရာတွင် အမေစုအား နေရာ တစ်နေရာပေး ချိတ်ဆွဲထား လိုက်တော့သည်။
ထို့ကြောင့် အမေစုအား ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကမ္ဘာပြည်သူအပေါင်း ဆင်းရဲ ချမ်းသာ မရွေး၊ ကမ္ဘာနိုင်ငံ ခေါင်းဆောင်ဟူသမျှ လေးစား အသိအမှတ် ပြုကြသည်မှာ အမေစုရဲ့ ပြည်သူလူထု အပေါ်ထားရှိသော မှန်ကန်သည့် သစ္စာတရား၊ တိုင်းပြည် နဲ့ လူမျိုးအပေါ်ထားရှိသော မေတ္တာ တရားတို့၏ စွမ်းပကားတို့၏ ထုထည် ကြီးမားလှသော အရှိန်အဝါအား လက်တွေ့ ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်” ဆိုသည့်စကား မှန်ကန်လှ ပေတော့သည် အမေရယ်။
သို့သော် ပြည်ပမှာ ရှိနေကြတဲ့ သားတို့ သမီးတို့ အားလုံး ကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ရပြီပေါ့ အမေ။
(ဤဖြစ်ရပ်မှန် ဆောင်းပါးဖြင့် ပြည်ပရှိ မြန်မာပြည်သူလူထုအားလုံးတို့အား ဂုဏ်ပြုလိုက်ရပါသည်။)
Source by :http://yoyarlay.com/
0 comments:
Post a Comment