Home » , » ဆန္ဒပြ နည်းဥပဒေနဲ့ ပထမဆုံး ဆန္ဒပြပွဲ

ဆန္ဒပြ နည်းဥပဒေနဲ့ ပထမဆုံး ဆန္ဒပြပွဲ

Written By မောင်စေတနာ on Wednesday, July 18, 2012 | 9:25:00 PM



(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ဆန္ဒပြခြင်းဆိုင်ရာ နည်းဥပဒေကို အကြိမ်ကြိမ် တည်းဖြတ်နေတာကြောင့် ထုတ်ပြန်ဖို့ ကြန့်ကြာခဲ့ရပါတယ် လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အမျိုးသားလွှတ်တော်မှာ ပြောပြကြောင်း ဒီကနေ့ အစိုးရသတင်းစာမှာ ရေးထားပါတယ်။

နည်းဥပဒေတွေကို "မကြာခဏပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ရခြင်းများ မဖြစ်စေရန် ဥပဒေပညာရှင်များဖြင့် အကြိမ်ကြိမ် တည်းဖြတ်ရေးဆွဲပြီး ဆောင်ရွက်ခဲ့ပါကြောင်း" လို့ ဒုဝန်ကြီးက ရှင်းပြသွားပါတယ်။

ကြန့်ကြာတယ်လို့ ဒုဝန်ကြီးက ပြောပေမယ့် လပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက် အင်မတန် မြန်ဆန်တယ်လို့ ပြောနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ဆွဲတာတောင် ၁၅ နှစ် ကြာခဲ့တယ် မဟုတ်လား။


ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ရဲတပ်ဖွဲ့က မင်္ဂလာဒုံမြို့နယ်မှာ ဆန္ဒပြခွင့် ပြုခဲ့ပါတယ် လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။ တခြားနေရာတွေမှာ ဆန္ဒပြခွင့်ပြုဖို့ လျှောက်ထားတာတွေကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ခွင့်ပြုပေးနေပါတယ် တဲ့။

ဒုဝန်ကြီးပြောသလိုပါပဲ -

တနင်္ဂနွေနေ့မနက်က မင်္ဂလာဒုံမှာ လယ်သမားတွေ ချီတက် ဆန္ဒပြကြပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ဥပဒေနဲ့အညီ လုပ်မှာလား၊ ညှိနှိုင်းဖြေရှင်းပေးမှာလားဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ထားကြပါတယ်။



မြန်မာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အာဏာပိုင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲ ဖြစ်ပါတယ်။

ဆန္ဒပြမယ့် လယ်သမား ၁,၀၀၀ ရှိပေမယ့် အယောက်၂၀၀ ပဲ ဆန္ဒပြဖို့ ရဲက ကန့်သတ်ခဲ့တာပါ။ ဆန္ဒပြချိန် ၂ နာရီ ခွင့်ပြုခဲ့ပါတယ်။ လုံခြုံရေးကိုတော့ ပုံမှာ တွေ့ရတဲ့အတိုင်း ဖောဖောသီသီပေးထားပါတယ်။ ဆန္ဒပြမှုဟာ မင်္ဂလာဒုံမြို့နယ် လမ်းသစ်လမ်းကနေ ထောက်ကြန့်မှာရှိတဲ့ မြနန္ဒာပန်းခြံမှာ အဆုံးသတ်ရခဲ့ပါတယ်။

ခွင့်ပြုချက် ပေးထားတဲ့ ပိုစတာ စာသားတွေ ကိုပဲ ကိုင်ဆောင်ရပါတယ်။

“ တို့ပိုင်တဲ့ မြေ “
“ မွန်ပြည်နယ်မှာနေတုန်းက ရွှေ ၊ ငွေ ၊ ကြက် ၊ ၀က် တွေပဲ ဓားပြတိုက်တယ်၊
ရန်ကုန်ကိုပြောင်းလာပြီး အနှစ် ၂၀ ကြာမှ မြေတွေကို ဓါးမြတိုက်ခံရတယ်၊ ကုန်ရော “

စတဲ့ ပိုစတာတွေကို ရဲက ဆင်ဆာဖြတ်တယ်လို့ ဆိုပါတယ်။

ဒီစာသားတွေ ကဗျာဆန်လို့ ပယ်ချတာလား၊ စကားပြေဆန်နေလို့ ပယ်ချတာလား၊ ဘာကြောင့် ပယ်ချသလဲ ဆိုတာကိုတော့ မသိရသေးပါ။

လယ်သမားဆန္ဒပွဲကို MRTV-4 က ထူးထူးခြားခြား လာရောက် သတင်းယူ ရိုက်ကူးခဲ့ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြခွင့်ရခဲ့ပုံအကြောင်း ဧရာဝတီ မူရင်းစာမျက်နှာမှာလည်း သတင်းတပုဒ် ဖော်ပြခဲ့ပြီးပါပြီ။

သွားရောက် ဖတ်ရှုနိုင်တဲ့ လိပ်စာက burma.irrawaddy.org/archives/15014 ဖြစ်ပါတယ်။


http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။