Home » » ဆန္ဒတွေကို အားနာခဲ့ရတဲ့ တစ်မနက်တာ

ဆန္ဒတွေကို အားနာခဲ့ရတဲ့ တစ်မနက်တာ

Written By မောင်စေတနာ on Sunday, March 11, 2012 | 2:20:00 PM

အဲဒီနေ့က နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေး ပရိုဂရမ်တခုအတွက် ကိုယ်တို့ကျောင်းရဲ့ တွဲဖက် အထက်တန်းကျောင်းလေး တစ်ခုဆီကို သွားခဲ့ကြတယ်။

အဲဒီပရိုဂရမ်ကို စီစဉ်တဲ့ အဖွဲ့မန်ဘာဝင်တွေဖြစ်တဲ့ ဂျပန် သူငယ်ချင်းက ၇ ယောက်၊ ကိုယ်တို့တွေရဲ့ ပရိုဂရမ်ကို လေ့လာချင်တယ်ဆိုပြီး လိုက်လာခဲ့တဲ့ ကိုယ်တို့ကျောင်းက ဆရာမ က ၁ယောက်၊ ကိုယ်အပါဝင် တခြားနိုင်ငံက နိုင်ငံခြားသား ကျောင်းသူကျောင်းသားတွေက ၇ယောက် (မြန်မာ၊ တရုတ်၊ ဘိုလီးဗီးယား ၁ယောက်စီနဲ့၊ လာအို ၂ယောက်၊ ကိုရီးယား ၂ယောက်)။ အုပ်စုလိုက်ကြီး စကားတွေ တပြောပြော၊ ရယ်ရယ်မောမော၊ ပျော်ပျော်ပါးပါးကြီး ကျောင်းကလေးဆီကို ချီတတ်သွားကြတာပေါ့။

ဒီတခါက ခါတိုင်း ပရိုဂရမ်တွေနဲ့တော့ သိပ်မတူဘူးရယ်။ တတန်းမှာ အယောက် ၃၀ ကျော်ရှိတဲ့ အထက်တန်း ဒုတိယနှစ် ကျောင်းသားလေးတွေကို ကိုယ်တို့က ကိုယ်တို့ကို ထူးဆန်းအံ့သြစေတဲ့ ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးစံတွေ၊ လူနေမှုပုံစံတွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်၊ အဲဒါကို သူတို့လေးတွေက ဖြေရှင်းချက်ပေး၊ အဲ့လိုပုံစံမျိုး စီစဉ်ထားတာ။

တန်းခွဲ ၃တန်းက တတန်းကို တချိန်စီလုပ်ကြမှာဆိုတော့ ကိုယ်တို့တွေ တယောက်စီတိုင်းမှာလည်း မေးခွန်းလေး ၆ ခု ကိုယ်စီနဲ့ပေါ့။ တယောက်ကို မေးခွန်း ၂ခုစီ မေးခွင့်ရှိတာကိုးလေ။ အံ့သြစရာကောင်းတာက ကိုယ်တို့တွေအားလုံး တယောက်နဲ့တယောက် မေးခွန်းတွေ တူကုန်ကြမှာကို နည်းနည်းလေးမှ မစိုးရိမ်နေသလို အပြန်အလှန်လဲ ဘယ်သူမှ မတိုင်ပင်ကြဘူး။ ကြီးပြင်း ကျင်လည်ရာ ပတ်ဝန်းကျင်က မတူဘူးဆိုတော့ ထင်မြင်ယူဆချက်နဲ့ ခံစားချက်တွေလည်း မတူနိုင်ဘူးရယ်လို့ အားလုံးက ယုံကြည်စိတ်ချထားပုံပါပဲ။ ကိုယ့်ရဲ့သူငယ်ချင်းတွေက ဘာတွေ မေးခွန်းထုတ်လို့ ကျောင်းသူ၊ သားလေးတွေက ဘယ်လိုတွေအဖြေပေးကြမလဲ ဆိုတာ စိတ်ဝင်စားစရာ။

နောက်ပြီး ဒီတခေါက်က ထူးထူးဆန်းဆန်း ကိုယ်တို့ ပရိုဂရမ်ကို မော်ဒရိတ်လုပ်ပေးမဲ့ တခြားတက္ကသိုလ်တခုက ဆရာတယောက်လည်း ပါနေပါသေးတယ်။ များသောအားဖြင့် ခုလိုပရိုဂရမ်တွေဟာ သူ့ကျောင်းက သူ့ဆရာကပဲ စီစဉ်လေ့ရှိတာမျိုးလေ ။ ဒီကျောင်းကတော့ ဒီလို နိုင်ငံတကာ ယှဉ်ကျေးမှုဖလှယ်ရေး အတွက် အတန်းချိန်သီးသန့်တစ်ခု ပေးထားပြီး ပြင်ပက ဆရာကို ခေါ်ယူကြီးကြပ် စီစဉ်စေတာမျိုးထိ လုပ်ထားတယ်။

ဒီက အခြေခံကျောင်းတွေမှာ ဒီဆယ်စုနှစ်အတွင်း ကျောင်းသားတွေအတွက် နိုင်ငံတကာ ယဉ်ကျေးမှု နဲ့ မိတ်ဆက်တဲ့ ပရိုဂရမ်တွေကို ပိုပြီး အလေးပေးဆောင်ရွက်လာကြတယ်လို့ ကိုယ့်အသိ အလယ်တန်းကျောင်းဆရာမလေးက ပြောဖူးတယ်။

ကလေးတွေကို စာအုပ်ထဲက အသိကို ပေးတာထက် အဲ့ဒီနိုင်ငံကလူနဲ့ ထိတွေ့ဆက်ဆံစေပြီး သူတို့တွေနဲ့ မတူတဲ့ အတွေးအခေါ်တွေ ယဉ်ကျေးမှုတွေကို တိုက်ရိုက် ထိတွေ့ခံစားစေတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့ ကမ္ဘာပြုမှုကြီးထဲမှာ အထစ်အငေါ့မရှိ စီးမျောပျော်ဝင်နိုင်အောင် ငယ်စဉ်ကလေးဘဝကတည်းက မျက်စိတွေ၊ နားတွေ ဖွင့်ပေးပြီး ပြုစုပျိုးထောင်နည်း တမျိုးပေါ့။

တကယ်တော့ ဂျပန်ဟာ တခြားနိုင်ငံတွေနဲ့ ကုန်းမြေထိစပ်မှု နည်းတဲ့ ကျွန်းနိုင်ငံ ဖြစ်တဲ့အပြင် များသောအားဖြင့် သူတို့က သူတို့လူမျိုးလောက်ကိုသာ စိတ်ဝင်စားတယ်၊ နေရာပေးတယ်။ လူမျိုးကြီးဝါဒ ဆန်တယ်လို့ ပြောရင် ရနိုင်မယ်လို့ ကိုယ်ထင်တယ်။

ဒါပေမဲ့ အဲလို ရပ်တည်မှုမျိုးနဲ့ဆို ခုခေတ်ကြီးမှာ တိုးဝှေ့ရှင်သန်နိုင်ဖို့ ခက်ခဲနိုင်မယ်ဆိုတာ ဒီက ပညာရှင်တွေနဲ့ အစိုးရက သဘောပေါက်ကြပုံပေါ်ပါတယ်။ အဲ့ဒါကြောင့် “ အင်တာနေရှင်နယ်လိုက်ဇေးရှင်း ” ဆိုတာကို တကယ့် သူတို့ပြည်သူတွေကြားမှာ ထဲထဲဝင်ဝင် ဖြစ်နေစေဖို့ ကျောင်းတွေမှာ ကလေးဘဝကနေစပြီး ဒီလို ပရိုဂရမ်တွေကတဆင့် ရင်းနှီးစေတာလို့ဆိုရင် မှားမယ်မထင်ဘူး။

အဲဒီနေ့က ကိုယ်တို့ ပရိုဂရမ်ရဲ့ အစီအစဉ်လေးအကြောင်းလည်း ဆက်ပြောရပါစေအုန်း ။ အစီအစဉ်လေးက ဒီလို...။

တတန်းကို မိနစ် ၅၀နဲ့ အတန်း ၃တန်း ဆက်တိုက် ပုံစံတူ ပရိုဂရမ်ကို လုပ်မယ်။ ကြားထဲမှာ ၁၀ မိနစ် နားချိန်ရှိတယ်။ အဲဒီနားချိန်မှာ ဆိုင်ရာ အတန်းက ကျောင်းသားလေးတွေ အဝင်အထွက် လဲလှယ်ကြမယ်ပေါ့ ။ ဆရာ့ရဲ့ အိုက်ဒီယာဟာ သိပ်ကောင်းတာပဲ။ ကလေးတွေကို ကိုယ်တို့နဲ့ ဒီတိုင်း မိတ်ဆက်ပေးတာမျိုး မလုပ်ဘဲ သူတို့လေးတွေရဲ့ ဦးနှောက်ကို သွေးပူလေ့ကျင့်ခန်းပေးရာကနေ စတယ်။

ဘယ်နိုင်ငံက ကျောင်းသားတွေ လာမယ်ဆိုတာတောင် ကလေးတွေကို ကြိုတင်အသိပေးမထားဘဲ အဖွဲ့ ၇ ခု အတွက် စားပွဲ ၇ လုံးမှာ နိုင်ငံတွေကိုယ်စီရဲ့ အလံလေးတွေသာ ချထားပေးတယ်။ အတန်းရှေ့မှာ ဘယ်အုပ်စုမှာ ဘယ်သူပါပြီး ဘယ်စားပွဲမှာ ထိုင်ရမယ်ဆိုတဲ့ နေရာချဇယားလေး ကပ်ထားပေးတယ်။ ကျောင်းသားလေးတွေက အဲဒီဇယားလေးအတိုင်း ကျရာနေရာမှာ ထိုင်ကြရတယ်။

ကိုယ်တို့တွေကတော့ အတန်းရှေ့က ထိုင်ခုံကိုယ်စီမှာ နေရာယူထားပြီး အသင့်အနေအထားပေါ့။ အားလုံးနေရာတကျဖြစ်လို့ အတန်းစတဲ့ အချက်ပေး ခေါင်းလောင်းသံမြည်တယ် ဆိုရင်ပဲ အတန်းခေါင်းဆောင်လေးက စပြီး မတ်တပ်ထရပ်လို့ အားလုံးကို နှုတ်ဆက်စေတယ် ။ ဆင်တူကျောင်းဝတ်စုံလေးတွေနဲ့ ကလေးတွေရဲ့ နှုတ်ဆက်သံကို ကြားတဲ့ အဲဒီ တခဏ ကိုယ့်စိတ်တွေဟာ ငယ်ငယ်က အတိတ်ဆီကို တရိပ်ရိပ်ပြေးလို့လွင့်လို့ပေါ့..။

ကိုယ်တို့ ငယ်ငယ်တုန်းကတော့ မနက်ကျောင်းတတ်၊ ညနေ ကျောင်းပြန်။ ကျောင်းကပြန်ရောက်ရင် ကျူရှင်ပြေး၊ ပြန်လာတော့ အိမ်စာလုပ်၊ ပြီးတော့ အိပ်ယာဝင်။ နောက်နေ့ မနက် ကျောင်းပြန်တတ် ၊ ကျောင်းကပြန် ကျူရှင်သွား....ဆိုတဲ့ ကိုယ်တို့ရဲ့ အချိန်လွန်းပျံယာဉ်ဟာ ကျူရှင် နဲ့ ကျောင်းကြားမှာပဲ ပြေးလွားရင်း နေ့ရက်တွေကို တိုက်စား ကုန်ဆုံးစေခဲ့ရတာ။

ကိုယ်မှတ်မိသလောက် ကျောင်းစာအပြင် လုပ်ခဲ့ရဖူးတာဆိုလို့ အားကစားပြိုင်ပွဲတချို့ကို လိုက်အားပေးရတာမျိုး၊ ဝါဆိုသင်္ကန်းကပ်ပွဲ သွားရတာမျိုးလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အဲ့လိုရှားရှားပါးပါးပွဲလေးတွေတောင် အထက်တန်းကို ရောက်တဲ့ အခါမှာကျ ဘာမှမရှိတော့သလိုပဲ။ ဒီလို ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဆိုတာမျိုးဆိုတာကိုတော့ အိပ်မက်ထဲမှာတောင် ထည့်မက်မိဖို့ ကိုယ်တို့တွေ ဥာဏ်မမှီခဲ့ဘူး ထင်ပါရဲ့...။

တကယ်တမ်းတော့ ကျောင်းစာတခုတည်းကသာ ပညာရေး မဟုတ်ဘူး ဆိုတာ ဆိုင်သူတွေကော၊ မဆိုင်သူတွေကော မေ့များနေကြလေသလား မသိ။ ကိုယ်တို့ရဲ့ အချိန်တွေဟာ အချည်းအနှီးမဲ့ ကုန်ဆုံးခဲ့ရတာ မဟုတ်ဘူးဆိုတာ မှန်ပေမဲ့ အကျိုးတွေ များသင့်သလောက် မများခဲ့ရတာတော့ သေချာပါတယ်။ အဲဒီအတွက် မချင့်မရဲနဲ့ စိတ်မကောင်းဖြစ်နေတာလား၊ အားကျမိနေတာလား၊ ကိုယ့်အဖြေက အတိတ်ပုံရိပ်တွေလို မရေမရာ ဝိုးဝိုးဝါးဝါး။

ဒါပေမဲ့ အတိတ်က ကိုယ်တို့ ပိုင်ဆိုင်ခွင့်မရတဲ့ အဲဒီအခွင့်အရေးတွေကို လက်ရှိပစ္စုပ္ပန်က ကိုယ်တို့ မျိုးဆက်သစ် မြန်မာနိုင်ငံသားလေးတွေကို ပိုင်ဆိုင်စေချင်တဲ့ ခံစားချက်ကတော့ ပြတ်ပြတ်သားသားရယ်ပါ။

(((( ကွန်နိချိဝ ))))

အဲဒီ အချိန်မှာပဲ ဆရာရဲ့ “မင်္ဂလာပါ” လို့ ဂျပန်လို နှတ်ဆက်လိုက်တဲ့ အသံက ကိုယ့်ကို အတိတ်ရဲ့ အရိပ်တွေဆီကနေ အလန့်တကြား ပြေးထွက်လာစေခဲ့တယ်။ အဲ့ဒီနောက်တော့ ကိုယ်တို့တွေဟာ ဆရာ ကြိုတင် အသိပေးထားတဲ့ အစီအစဉ်အတိုင်း တယောက်ချင်းစီထပြီး ကိုယ့်နာမည်ကို ပြောတယ်။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ ဘာသာစကားနဲ့ ကလေးတွေကိုပြန်ပြီး နှတ်ဆက်ပေးရတယ်။ ပါးစပ်ကလည်း နှတ်ဆက်ရင်း ခန္ဓာကိုယ်ကလဲ ဟန်အမူအရာပါ လုပ်ရင်းပေါ့။ ကိုယ်ကတော့ လက်အုပ်ကလေးချီလို့၊ ခေါင်းကလေး ငုံ့ပြီး “ မင်္ဂလာပါ ” လို့ ပြုံးပြုံးကလေးပဲ နှတ်ခွန်းဆက်လိုက်ပါတယ်။ ကိုယ် တကယ်ပဲ ကြည်နူးမိတယ်။ အမျိုးမျိုးသော ခံစားချက်တွေရောပြွန်းနေရင်းပေါ့။

ကလေးတွေက သူတို့ကိုပေးထားတဲ့ သင်ခန်းစာ စာရွက်ထဲမှာ ကိုယ်တို့ ပြောတဲ့ နာမည်နဲ့ ကိုယ်တို့ရဲ့ နှုတ်ဆက်တဲ့ ဘာသာစကားကို သူတို့ကြားသလို အသံဖလှယ်ပြီး လိုက်မှတ်ကြတယ်။ ဒါဟာ သူတို့လေးတွေကို ကိုယ်တို့တွေဟာ ဘယ်နိုင်ငံက ဖြစ်မလဲဆိုတဲ့ ဆရာပေးတဲ့ ပထမဦးဆုံး အရိပ်အမြွက် ဆိုပါတော့ ။

အားလုံး နှုတ်ဆက်အပြီးမှာတော့ သူတို့တွေအတွက် သိပ်လေးလေးနက်နက် တွေးစရာမလိုဘဲ အဖြေရသွားတဲ့ နိုင်ငံက ၂ နိုင်ငံပဲ ရှိတယ်။ “ နီဟောင် ” လို့ နှုတ်ဆက်တဲ့ နိုင်ငံနဲ့ “ အညှောင်းဟာစယို ” လို့ နှုတ်ဆက်တဲ့ နိုင်ငံပေါ့။ ကိုရီးယားဟာ ဂျပန်နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်လို့ “ အညှောင်းဟာစယို ” ကိုရင်းနှီးတာဟာ မဆန်းဘူးလို့ ဆိုနိုင်ပေမဲ့ ကျန်တဲ့ နိုင်ငံရဲ့ ကမ္ဘာကြီး အပေါ် စိမ့်ဝင်နိုင်မှုကတော့ ကလေးလေးတွေကတောင် သက်သေပြနေတယ်လို့ ကိုယ်ခံစားလိုက်မိတယ်။

အဲဒီနိုင်ငံက ကိုယ့်သူငယ်ချင်းတွေ နှတ်ဆက်အပြီးမှာ ကလေးလေးတွေရဲ့ မျက်နှာဟာ သူတို့မသိတဲ့ ကိုယ့်ရဲ့ “ မင်္ဂလာပါ ” ဆိုတဲ့၊ သူတို့ကို လငပုတ်ဖမ်းစေတဲ့ အတွေးမည်းမည်းကြီးကို အဆုံးသတ်သွားစေသလို ကြည်လင်ဝင်းပသွားတာ မြင်ရတော့ ကိုယ့်မှာ စောစောက ကြည်နူးနေတာလေးတောင် ကြက်ပျောက်ငှက်ပျောက်နဲ့မို့ ကြေကြေကွဲကွဲ ။

အဲဒါကြောင့်မို့လည်း ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဒီလို ပရိုဂရမ်လေးတွေတိုင်းကို အတတ်နိုင်ဆုံး ကိုယ် ပါဝင်ကူညီဖြစ်ခဲ့တာ။ ခုလို ပရိုဂရမ်လေးတွေ ရှိသလို၊ ကိုယ့်နိုင်ငံ အကြောင်း မိတ်ဆက်ပြောပြပေးရတာတွေ၊ မြန်မာအစားအစာတွေကို ချက်ပြုတ်ပြရတာတွေ ၊ မြန့်မာ့ကစားနည်းတွေက မိတ်ဆက်ရင်း ကလေးတွေနဲ့ အတူတူ ကစားရတာတွေ အစုံအစုံပါပဲ ။

ကိုယ့်မှာ ခုလိုတွေလိုက်ပြီး ပါဝင်ကူညီရခြင်းရဲ့ ရည်ရွယ်ချက်က ၂ ခု ရှိတယ် ။ အဓိက ရည်ရွယ်ချက်ကတော့ “ မြန်မာ” လို့ ပြောလိုက်တာနဲ့ ပါးစပ်ကလေး အဟောင်းသားပွင့်ပြီး ဘယ်မှာရှိတာလဲ၊ ဘယ်လိုနိုင်ငံလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးလေးတွေအတွက် အဖြေတစ်ခု ရသွားစေချင်တာ။ အဲဒီမျက်လုံးလေးတွေရဲ့ အကြည့်တွေကို ကိုယ် မခံစားနိုင်လဲ ပါကောင်းပါနိုင်ပါရဲ့။

များသောအားဖြင့် အဲလို ပရိုဂရမ်လေးတွေက စေတနာလုပ်အားပေး ပွဲလေးတွေပါ။ သူတို့ဘက်က စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ နေ့လည်စာ ထမင်းဘူးလေးတွေဝေပေးတတ်ပေမဲ့၊ အခကြေးငွေပေးတယ်ဆိုတာမျိုးက ရှိတဲ့အခါရှိပေမဲ့ ရှားပါတယ်။ အလုပ်တဖက် ကျောင်းတဖက်နဲ့ ကိုယ်တို့လို ကျောင်းသူတွေမှာ အချိန်ကိုဖဲ့ပြီး အဲလိုတွေ လိုက်လုပ်ရတာဟာ သိပ်တော့မလွယ်လှတာ အမှန်ပါပဲ။ ဒါပေမဲ့ ကိုယ်တို့တွေမှ မလုပ်ကြရင် မေးခွန်းတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးအစုံတွေ ထပ်တိုးလာမှာပေါ့လေ။ အဲ့ဒီအတွေးက ကိုယ့်ကို ဒီလိုလှုပ်ရှားမှုတွေမှာ လုပ်ဆောင်ပါဝင်စေတဲ့ ကြီးမားတဲ့တွန်းအားတစ်ခု ။

အစကတော့ အရှေ့တောင် အာရှမှာ အကြီးဆုံး ကုန်းမြေနိုင်ငံဖြစ်တဲ့ နိုင်ငံကို မသိရလောက်အောင်ပဲ နင်တို့တွေ သမိုင်းညံ့လှချည်လားလို့ ကိုယ့်နိုင်ငံကို မသိတဲ့ သူတွေကို ကိုယ် လိပ်ပြာမလုံစွာလည်း အပြစ်တင်ခဲ့ဖူးပါတယ်။

ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ အနည်းဆုံး “ မြန်မာ” ဆိုတာ ဘယ်လိုနိုင်ငံ၊ ဘယ်မှာရှိပြီး မြန်မာပြည်ကလာတဲ့ သူတွေဟာ ဘယ်လို ဆိုတာလောက်တော့ သိပ်ကိုသိစေချင်တယ်။ သိစေအောင်လုပ်ဖို့လည်း ကိုယ်တို့မှာ တာဝန်တွေ ရှိနေသလားလို့လေ။ ကိုယ်လေ... သူတို့ သိတဲ့ အချက်တွေထဲမှာ မပါတဲ့ ကိုယ့်တို့နိုင်ငံရဲ့ ရှုမငြီးတဲ့ သဘာဝအလှတွေအကြောင်း၊ ဖော်ရွေပျူငှာမှုတွေအကြောင်း ၊ ယဉ်ကျေးမှုတွေအကြောင်းကို ကိုယ်သိသလောက် ကြုံရင်ကြုံသလို အမြဲလိုလို မျှဝေဖြစ်ပါတယ်။

“ နီဟောင် ” လို့ ပြောလိုက်တာနဲ့ အဖြေရှာစရာမလိုအောင် သူတို့သိသလို “ မင်္ဂလာပါ ” လို့ လက်အုပ်ကလေးချီပြီး အပြုံးလေးနဲ့ ခေါင်းငြိမ့် နှုတ်ဆက်လိုက်ရုံနဲ့ ဒါဟာ “မြန်မာ” လို့ သူတို့ကို ကိုယ်သိစေချင်တာဆိုရင် ကိုယ် လောဘတွေ သိပ်ကြီးရာများကျနေလေမလား... ။

ဒုတိယ ရည်ရွယ်ချက်ကတော့ ဒီက ကျောင်းတွေရဲ့ စနစ်နဲ့ ကလေးတွေရဲ့ အနေအထားကို သိချင်လေ့လာချင်လို့ပါ။ ကိုယ်သိသလောက် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြန်ဖြန့်ဝေဖို့၊ ကောင်းတာရှိရင် ကိုယ်ကိုယ်တိုင်လဲ အတုယူနိုင်အောင် လို့ပေါ့ ။

ခုပဲကြည့်လေ ... ဆရာက ကိုယ်တို့ နှုတ်ဆက်စကားပြောပြီးတာနဲ့ “ ကဲ .. ဘယ်နိုင်ငံက ဖြစ်နိုင်မလဲ စဉ်းစားပါလို့ ” ဆိုပြီး ကလေးတွေရဲ့ ဦးနှောက်ကို အလုပ်လုပ်စေတယ်။ ဒါဟာ ဒါပဲ ဒါလို့ မှတ်လို့ မပြောဘူး ။ Participatory Learning လို့ ခေါ်တဲ့ နည်းတွေထဲက တစ်နည်းဖြစ်တဲ့ ဆရာတစ်ယောက်တည်းကပဲ သင်ကြားပြသတာမျိုး မဟုတ်ဘဲ ကလေးတွေကိုပါ ကိုယ်တိုင်ပါဝင်စေတဲ့ သင်ကြားမှုမျိုးကို သုံးတယ်။

ဒါသင်ဒါကျက် ဒါမေးဒါဖြေ လုပ်ရုံနဲ့ ကလေးတွေရဲ့ ဦးနှောက်ဥာဏ်ဟာ ဘယ်မှာလာ ဖွံ့ဖြိုးမှာလဲလေ။ ပြောပြတာကိုပဲ မှတ်တတ်ပြီး ကိုယ်တိုင် မစဉ်းစားတတ်တော့ရင် အဲဒီကလေးတွေရဲ့ အနာဂတ် တနည်းအားဖြင့် အနာဂတ်တိုင်းပြည်ကို ခေါင်းဆောင်ကျမယ့် ခေါင်းဆောင်လောင်းလေးတွေရဲ့ အနာဂတ်ဟာ ဘယ်လိုတွေ ဖြစ်ကုန်မလဲ။

ဟင်း... တွေးရင်းနဲ့မော ဆိုသလိုပါပဲ ။ နောက်ပြီး Participatory ဆိုတဲ့ ကိုယ်တိုင် ပါဝင်မှုဟာ ကလေးဘဝမှာကတည်းက ရှိစေသင့်တဲ့ အရာတခုပါလားလို့လည်း ကိုယ်သင်ခန်းစာယူမိပါတယ် ။

အဲဒီနောက်တော့ ဆရာက သူရဲ့ နောက်ဆုံး အရိပ်အမြွက်ကို ပြောပါတော့တယ်။ အဲဒါကတော့ သူတို့လေးတွေရဲ့ စားပွဲရှေ့မှာ ရှိနေတဲ့ နိုင်ငံကိုယ်စီရဲ့ အလံလေးတွေကနေတဆင့် မှန်းဆကြည့်ဖို့ပေါ့။ အဖြေရတဲ့ ကလေးတချို့ ရှိသလို ဝေခွဲရခက်နေသေးတဲ့ ကလေးတချို့ရဲ့ မျက်နှာဟာ သနားလည်း သနားစရာ၊ ချစ်လည်းချစ်စရာ။

နောက်ဆုံးတော့ ဆရာက ကိုယ့်အုပ်စုထဲမှာ အဖွဲ့ခေါင်းဆောင်တယောက်ထားစေပြီး ဆုံးဖြတ်ချက်တစ်ခု ချစေတယ်။ အဲ့ဒါကတော့ အဲဒီခေါင်းဆောင်ကို ကိုယ့်စားပွဲပေါ်မှာ ရှိတဲ့ အလံကို ကိုင်ထွက်လာစေပြီး စောစောက နှုတ်ဆက်စကားနဲ့ အဲဒီအလံနဲ့ ကိုက်ညီမယ့် လူကိုရွေးပြီး ကိုယ်တို့ရဲ့ ထိုင်ခုံနေရာ နောက်မှာ အသီးအသီး မတ်ရပ်စေတာပါပဲ။ ကလေးတွေ တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ဟိုလူ့နောက် ရပ်ရင်ကောင်းနိုး ဒီလူ့နောက် ရပ်ရင်ကောင်းနိုးပေါ့။ အားလုံးလည်း ပွက်ပွက်ညံ တိုင်ပင်ကုန်ကြတယ်။

ကိုယ့်တို့မှာလည်း ကိုယ့်တို့နောက်မှာ ဘယ်နိုင်ငံက အလံကို ကိုင်ပြီး လာရပ်ကြမလဲလို့ ရင်တခုန်ခုန်နဲ့ပေါ့။ အဲ့လိုရွေးချယ်ဖို့ အတွက်လည်း ကလေးတွေကို ဆရာက ၁ မိနစ်ပဲ အချိန်ပေးတာရယ်။ သတ်မှတ်ထားတဲ့ အချိန်တိုအတွင်းမှာ ဆုံးဖြတ်ရတာ ဆိုတော့ မှန်တဲ့သူကမှန် မှားတဲ့သူကလည်း မှားပေါ့။ အားလုံးနေရာယူပြီးကြပြီ ဆိုတော့မှ ကိုယ်တို့တွေက ကိုယ်တို့တွေရဲ့ နိုင်ငံအမှန်နဲ့ တည်နေရာကို ကိုယ်တို့ နောက်မှာ ချိတ်ဆွဲထားပေးတဲ့ ကမ္ဘာ့မြေပုံကြီးကို ထောက်ပြရင်း အဖြေမှန် ပေးရတော့တယ် ။ မှန်တဲ့သူကပြုံးလို့ ပျော်လို့၊ မှားတဲ့ သူကတော့ မျက်နှာလေးမဲ့တဲ့တဲ့နဲ့ နေရာလေးတွေရွေ့ကြပေါ့ ။

အစောကတည်းက ဘယ်နိုင်ငံက ဘယ်သူပါလို့ တန်းမိတ်ဆက်လိုက်ရင် ၅ မိနစ်တောင်မကြာပဲပြီးနိုင်ပေမဲ့ ဆရာကတော့ အလွယ်လမ်းကို မလိုက်ခဲ့ဘူး။ မိတ်ဆက်ပေးရုံလေးအတွက်တင် ၁၀မိနစ်သုံးလိုက်တယ်။ ကိုယ်ထင်ပါတယ်.. ဘာမှမစဉ်းစားစေပဲ တန်းပြီးသာ မိတ်ဆက်ပေးခဲ့ရင် ကလေးတွေရဲ့ ဦးနှောက်ထဲမှာ အမှတ်မထင်တိုးဝင်းသွားတဲ့ ကိုယ်တို့တွေရဲ့ နိုင်ငံနာမည်နဲ့ တည်နေရာဟာ မကြာခင်ကာလတခုမှာပဲ အမေ့ခံလေးတွေ ဖြစ်သွားကြလိမ့်မယ်လို့လေ ။

ခုတော့ သူတို့ ဦးနှောက်ကို အလုပ်ပေးပြီးမှ ရလာတဲ့ အဖြေဖြစ်လေတော့ တော်ရုံနဲ့ မေ့ကြလိမ့်မယ် မဟုတ်ဘူးပေါ့။ လူဆိုတာ အဲလိုပဲ ကိုယ်တိုင်ကြိုးစားအားထုတ်ထားတဲ့ အရာမျိုးဆို အမြဲမှတ်မှတ်ရရ ရှိနေတတ်တာမျိုးကိုး။ လွယ်လွယ်သိ လွယ်လွယ်ရတဲ့ အရာမျိုးကတော့ လွယ်လွယ်လေးနဲ့ပဲ မေ့ပျောက်ခံရတာ ဓမ္မတာပဲလေ ။

ပြီတော့ ဆရာဟာ အဲ့ဒီ ၁၀မိနစ်ကလေး အတွင်းမှာ ကလေးတွေကို တွေးတောစေတာ၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဆုံးဖြတ်ချက်တခုကို ပြတ်ပြတ်သားသားချတတ်စေတာ၊ တစ်ဦးတစ်ယောက် အနေနဲ့ မဟုတ်ဘဲ အဖွဲ့လိုက် လုပ်ကိုင်ဆောင်ရွက်တတ်စေတာတွေကိုပါ တခါတည်းမသိမသာ သင်ကြားပေးလိုက်တယ်။

ဆရာ့ရဲ့ အိုက်ဒီယာက ခဲတလုံးနဲ့ နှစ်ကောင်ထက် ပိုတဲ့ငှက်ကလေးတွေကို ပစ်နိုင်ခဲ့တဲ့အတွက် ကိုယ်မချီးကျူးပဲ မနေနိုင်ခဲ့ဘူး။ အဲဒီအတွက် အလံတွေ ၊ မြေပုံတွေ၊ အုပ်စုဖွဲ့ပြီး ထိုင်စေတဲ့ ကြိုတင်ပြင်ဆင်ချက်တွေကို ဆရာ လုပ်ခဲ့တာပါလားလို့လည်း ကိုယ် အဲတော့မှ သတိထားလိုက်မိတယ်။ ဆရာ စနစ်တကျ ပြင်ဆင်ရကျိုးနပ်တဲ့ ထိုက်တန်တဲ့ ၁၀မိနစ်ပါပဲ။ ဒီလို အတန်းစတိုင်မျိုးဟာ ဒီမှာ မကြာခဏတွေ့ရတတ်တယ်။ တွေ့ရတိုင်းလည်း ကိုယ်တို့ဆီမှာ ဒီလို စနစ်မျိုး တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်ပြောင်းလဲလာပါစေလို့ ဆန္ဒတွေ တသီကြီး ခဏတိုင်းပြုမိပါတယ်။ မဝေးတဲ့ အနာဂတ်မှာ အဲလိုမြင်ကွင်းမျိုးလေးတွေ တွေ့ရမြင်ရကောင်းပါရဲ့လို့လည်း မျှော်လင့်တချို့ ရင်ဝယ်ပိုက်ရင်းပေါ့။

အဲလိုနဲ့ မိတ်ဆက်အစီအစဉ် ပြီးတဲ့နောက်တော့ ကိုယ်တို့တွေလဲ ကိုယ်တို့တွေကျရာ စားပွဲဆီကို လာခေါ်တဲ့ ကျောင်းသားလေးနဲ့ အတူ လိုက်ပါသွားရတယ်။ အဲလို မလိုက်ပါခင်မှာ ကိုယ်တို့တွေက ကိုယ်တို့တွေ မေးချင်၊ သိချင်တဲ့ မေးခွန်း၂ ခုကို အတန်းရှေ့မှာပဲ ကျောင်းသားလေးတွေ အားလုံးကို ပြောပြကြရတယ်။ ပြီးတော့မှ သူအုပ်စုနဲ့သူ ခွဲတမ်းကျတဲ့ မေးခွန်း၂ခုကို ဖြေစေပြီး နောက်ဆုံးမှာမှ အဖွဲ့ခေါင်းဆောင်က အားလုံးသိအောင် ပြန်ပြီး ကြေငြာပေးရတယ်။

အဲလို အတန်းတူ ၃တန်းအတွက် တယောက်မေးခွန်း ၆မျိုး နဲ့ ကိုယ်တို့တွေရဲ့ မေးခွန်းပေါင်း ၄၂ခုဟာ တကယ်ကို တခုလေးမှ မတူခဲ့ကြပါဘူး။ အံ့သြစရာပါပဲ။ မေးခွန်းတွေကိုလည်း ကြည့်ပါဦး။ ဂျပန်တွေဟာ ခေါက်ဆွဲပြုတ်ချိုလို ဟာမျိုးကို စားရင် တရွတ်ရွတ်နဲ့ ဘာလို့ အသံမြည်အောင်တမင်လုပ်ပြီးမှ စားကြတာလဲ၊ အသံထွက်ပြီး အစာစားတာ မယဉ်ကျေးတဲ့ အပြုအမူလို့ မထင်ဘူးလား ဆိုတာမျိုး၊ ဂျပန်မှာ အနောက်နိုင်ငံတွေမှာလို အမျိုးသမီးကို ဦးစားပေးတဲ့ Lady First ဆိုတာမျိုး သိပ်မမြင်တွေ့ရတာ ဘာ့ကြောင့်လဲ ဆိုတာမျိုး။

ဂျပန်ကျောင်းသားတွေဟာ ဆရာတွေကို ဆက်ဆံတဲ့ အခါ အနည်းငယ် အရိုအသေတန်သလို ဖြစ်နေရတာဟာ ဘာကြောင့်လဲ ဆိုတာမျိုး၊ ဂျပန်မှာ ရထားလို ဘတ်စ်ကားလို အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်တွေပေါ်မှာ ဖုန်းပြောတာကို ဘာကြောင့်တားမြစ်တာလဲ ဆိုတာမျိုး၊ ဗယ်လင်တိုင်းဒေးမှာ မိန်းကလေးတွေဟာ သူတို့ ချစ်ကြိုက်နေသူကို လမ်းကြောင်းပေးတဲ့ အနေနဲ့ ချောကလက်ပေးတာ၊ မတ်လ ၁၄ရက်နေ့မှာ ဗယ်လင်တိုင်းရဲ့ အဖြေပေးပွဲလို သဘောသက်ရောက်တဲ့ ဝှိုက်ဒေး(White Day) ဆိုပြီး ရှိနေတာဟာ ဘာကြောင့်လဲ စသဖြင့် စုံလို့ပါပဲ။

လူတယောက်နဲ့ တယောက် ကြီးပြင်းတဲ့ ပတ်ဝန်းကျင်မတူရင်၊ ကြည့်တဲ့ရှုထောင့်ချင်း မတူရင်၊ အသက်အရွယ်ချင်း ကွာခြားရင် တွေးခေါ်ယူဆပုံ နဲ့ အမြင်ချင်းလည်း တကယ်ကို ကွဲပြားခြားနားတာပါလားလို့ ကိုယ်တိတိကျကျကြီးကို ထပ်သိလိုက်ရတယ်။

စာရေးဆရာ ကိုတာကတော့ မေးခွန်းတချို့တွင် အဖြေတို့ ရှိကြသည်တဲ့။ ဒါပေမဲ့ ဒီကလေးလေးတွေကျတော့ မေးခွန်းတိုင်းအတွက် အဖြေတို့ ရှိကြသည်လို့ ပြောရမလိုဖြစ်နေတယ် ။ ပြီးတော့ ကလေးတွေဟာ သူတို့တာဝန်ယူဖြေရတဲ့ မေးခွန်းတွေကို သေချာ အကျိုးနဲ့အကြောင်းနဲ့ ယုတ္တိရှိရှိ အဖြေပေးကြတယ်။ ဥပမာ .. ဗယ်လင်တိုင်းဒေးကိစ္စဆိုပါတော့။

ဒါဟာ ချောကလက် ကုမ္မဏီတွေရဲ့ အရောင်းမြင့်တင်ရေး မဟာဗျူဟာတခုဖြစ်ကြောင်း၊ နောက်ပြီး အမြဲလိုလို ခံစားချက်တွေကို ထိန်းချူပ်ထားရတဲ့ မိန်းကလေးတွေအတွက် ခံစားချက်တွေကို ဖွင့်ဟခွင့် အခွင့်အရေးကိုပေးချင်တာ ဖြစ်နိုင်ကြောင်းနဲ့ ဝှိုက်ဒေး(White Day) ကတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေ အတွက် အဖြူအမဲ ဆုံးဖြတ်ပေးဖို့ ဖြစ်လာတယ် ထင်ကြောင်း ဒါပေမဲ့လို့လည်း အားလုံးက အလေးအနက်မဟုတ်ဘဲ အပျော်အဖြစ် သူများလုပ်လို့လိုက်လုပ်တဲ့သူတွေလည်း ရှိကြောင်း ပြန်ဖြေရှင်းကြတယ်။

ခေါက်ဆွဲအရည်ကို အသံထွက်ပြီး စားတဲ့ကိစ္စမှာလည်း တခြားအစားစာတွေ စားရင်တော့ အသံမြည်တာဟာ မယဉ်ကျေးတဲ့ အပြုအမူဖြစ်ပေမဲ့ ခေါက်ဆွဲအရည်ကတော့ ချွင်းချက်အနေနဲ့ အသံပြုပြီးစားတဲ့အတွက်ကြောင့် အရာသာရှိရှိ စားသောက်နေကြောင်းကို ပိုပေါ်လွင်စေသတဲ့။

နောက်ပြီး ခေါက်ဆွဲက အမျှင်ရှည်ရှည်ဆိုတော့ လေနဲ့တူ ပါးစပ်ထဲကို သွင်းမှ လျှောလျှောရှုရှု ဝင်လို့ပိုလွယ်စေတာကြောင့် ဖြစ်မယ်ထင်တယ်တဲ့။

ကားတွေ ရထားတွေပေါ်မှာ ဖုန်းပြောတဲ့ ကိစ္စကတော့ အများသူငှာတွေကို အနှောက်အယှက် ဖြစ်စေတာကြောင့်ပေါ့လို့ ရိုးရှင်းစွာ အဖြေပေးပါတယ်။ သူတို့လေးတွေရဲ့ အဖြေတိုင်းဟာ တိကျ မှန်ကန်တဲ့ အဖြေမျိုးပဲ တခါတခါ ဟာသနှောတဲ့ သူတို့ရဲ့ အတွေးနဲ့ထင်မြင်ချက်ပေါ်မူတဲ့ အဖြေလေးတွေ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ သေချာစဉ်းစားပြီး ဖြေထားတဲ့ အဖြေတွေဖြစ်တဲ့ အတွက်ကြောင့် လက်ခံရလို့ရတဲ့ အဖြေမျိုး ဖြစ်နေတာတော့ သေချာတယ်။ ၏

အဲလို အဖြေမျိုးဖြစ်စေတာဟာ သူတို့လေးတွေကိုယ်တိုင်က သူတို့ရဲ့ ယဉ်ကျေးမှု၊ လူနေမှု သဘာဝကို သေချာသိရှိနေတာကြောင့်လည်း ဖြစ်နိုင်သလို အဖြေမပေးခင် ဆရာက “ ဟိုးကတည်းက ရှိခဲ့လို့ ” ၊ “ လူတိုင်းလုပ်နေလို့ ” ဆိုတဲ့ မရေရာတဲ့ အဖြေမျိုးကို လက်ခံဘူးနော်လို့ ကြိုပြောခဲ့တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ အော်...ကိုယ်တိုင်လည်း တတ်သိနားလည်၊ လမ်းပြထိန်းကျောင်းပေးတဲ့သူကလည်း စနစ်ကျဆိုတော့ ရလဒ်က ကောင်းပြီပေါ့လေ။ ကိုယ် ထပ်ပြီး အားကျလိုက်မိပြန်ပါတယ်.... ။

အဲဒီနေ့က တမနက်ခင်းဟာ သူတို့တွေလည်း ကိုယ်တို့ဆီက သူတို့မသိသေးတာတွေ သင်ယူ၊ ကိုယ်တို့လည်း ကိုယ်တို့ မသိသေးတာတွေ သူတို့ဆီက သင်ယူလို့ နှစ်ဦးနှစ်ဖက် အကျိုးများခဲ့တဲ့ မနက်ခင်းလေးပါပဲ။ ဒါပေမဲ့ အပြန်လမ်းမှာတော့ အားလုံးဟာ တိတ်လို့ဆိတ်လို့။ ခြေလှမ်းတွေကလည်း လေးလေးလံလံ။

တမနက်လုံးလည်း စိတ်ရောကိုယ်ပါနှစ်ပြီး လှုပ်ရှားလာကြတာဆိုတော့ ပင်ပန်းကုန်ကြလို့များလားမသိ။ ဒါမှမဟုတ် ကိုယ့်လိုပဲ သူတို့မှာလဲ တွေးတောစရာတွေ၊ ဆန္ဒတွေ ၊ မျှော်လင့်ချက်တွေ တနင့်တပိုးကြီး ထမ်းရင်းပိုးရင်းနဲ့များကြောင့်လား....။

ခိုင်စုလတ်

၂၆.၆.၂၀၁၁


Source by :http://www.maukkha.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။