Home » , » ဒီမိုကရေစီစနစ် အောင်နိုင်ရန် တပ်မတော်ပါဝင်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒီမိုကရေစီစနစ် အောင်နိုင်ရန် တပ်မတော်ပါဝင်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By မောင်စေတနာ on Sunday, March 11, 2012 | 4:24:00 PM

72310

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မိတ္ထီလာမြို့သို့ မတ်လ ၅ ရက်နေ့ က မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ရာ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရှမ်းမငယ်၊ ပုဂံ၊ ညောင်ဦး၊ ၀မ်းတွင်း၊ သာစည်၊ မလှိုင် စသော မြို့ရွာများမှပင် လာရောက်ကြိုဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီဝန်းကျင်တွင် မိတ္ထီလာမြို့သို့ေ ရာက်ရှိလာပြီး အောင်မင်္ဂလာဇာတ်ရုံရှေ့ကွင်းတွင် လာရောက် ကြိုဆိုသူများအား အမှာစကားပြောကြားကာ မဲဆွယ်စည်းရုံးခဲ့ရာတွင် ဒီမိုကရေစီစနစ် အောင်နိုင်ရန် ဒီမိုကရေစီစနစ် တည်ဆောက်သည့် အနောက်မှာ တပ်မတော်က မားမားမတ်မတ်နှင့် ပါဝင်ရန် လိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့နိုင်ငံဟာ အများကြီး ဖွံ့ဖြိုးဖို့ လိုပါသေးတယ်။ အခုဖွံ့ဖြိုး နိုင်မယ့်နည်းလမ်းတွေ၊ အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဖွံ့ဖြိုးနိုင်မယ့် အခွင့်အလမ်းတွေက ဘာလဲဆိုတော့ တစ်ကမ္ဘာလုံးက တောင်းဆိုနေတဲ့ အများပါဝင်တဲ့ နိုင်ငံရေးစနစ်၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ရောက်ရှိမယ်ဆိုရင် ကူညီချင်တဲ့နိုင်ငံတွေ အဖွဲ့အစည်းတွေ အများကြီးပါ။ ဒါကြောင့်မို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေးအလုပ်စဉ်မှာ ပါဝင်ပြီးတော့ ဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကျွန်မတို့အဖွဲ့ချုပ် က တစိုက်မတ်မတ် အကြမ်းမဖက်လမ်းစဉ်ကို သုံးခဲ့ပါတယ်။ အကြမ်းမဖက်တဲ့ လမ်းစဉ်လိုက်ရတာဟာ အကြမ်းဖက်တဲ့ လမ်းစဉ် လိုက်ရတာထက် အများကြီး ပိုပြီးသတ္တိရှိဖို့လိုတယ်ဆိုတာ ဂန္ဓီကြီးက ပြောသွားပါတယ်။ အကြမ်းမဖက် လမ်းစဉ်လိုက်တယ်ဆို တော့ ကျွန်မတို့က ကာယအင်အား ပြိုင်နေတာ မဟုတ်ဘူး။ ဥာဏစိတ်ဓာတ် အင်အားတွေ ပြိုင်နေတယ်ဆိုတာ အများက နားလည်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့အဖွဲ့ချုပ်က စိတ်ဓာတ်နဲ့ပညာကို အင်မတန်မှ အလေးထားပါတယ်။ အဲဒီလို အလေးထားတယ် ဆိုတာကလည်း ရှေးကတည်းက ကျွန်မတို့ရဲ့ယုံကြည်ချက်အရ အောင်မြင်ခြင်းတရား လေးပါးနဲ့ ကိုက်ညီပါတယ်။ အောင်မြင်ခြင်းတရား ဆိုတာ ရိုးရိုးလေးပါပဲ။ ဆန္ဒ၊ ၀ီရိယ၊ စိတ်ဓာတ်၊ ပညာပါ။ ဒါက ရှင်းရှင်းလင်းလင်း နားလည်နိုင်တဲ့ ကိစ္စပါပဲ။ ကိစ္စ တစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့ ဆိုတာ ပထမဦးဆုံး လုပ်ချင်တဲ့ဆန္ဒရှိရမယ်။

နိုင်ငံကိုပြန်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သေသေချာချာ ရောက်ဖို့ဆိုရင် ပြည်သူလူထုတွေနဲ့ တပ်မတော်ကြားမှာ အဆင်ပြေဖို့ လိုတယ်ဆိုတာ အများ နားလည်ပြီးသား ဖြစ်မှာပါ။ ဒီမိုကရေစီစနစ် အောင်နိုင်ဖို့ဆိုတာဟာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့ အနောက်မှာ တပ်မတော်က မားမားမတ်မတ်နဲ့ ပါဝင်ဖို့ လိုပါတယ်။ ဒါကြောင့်ကျွန်မ တို့က တပ်မတော်နဲ့ ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း နီးနီးကပ်ကပ်လုပ်ဖို့ လိုမယ်လို့လည်း ကျွန်မတို့ထင်ပါတယ်။

ဦးဝင်းထိန်ဟာ တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ခဲ့တယ်ဆိုတာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း တစ်တပ်တစ်အားပဲလို့ ကျွန်မ ပြောချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“တစ်ခုတော့သတိပေးချင်ပါ တယ်။ ရွေးကောက်ပွဲမတိုင်မီ ဟိုဟာလေးလုပ်ပေး၊ ဒီဟာလေး လုပ်ပေးဆို တဲ့ သူတွေကိုတော့ သိပ်မယုံနဲ့နော်။ လူတိုင်းလူတိုင်းဟာ ကိုယ်နိုင်ဖို့တော့ ကြိုးစားတာပဲ။ အဲဒီလို ကြိုးစားရာမှာ မှန်မှန်ကန်ကန်နဲ့ ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားတယ်ဆိုရင် ကျွန်မတို့ ဘယ်လိုမှ အပြစ်မဆိုပါဘူး။ ဒါဟာ လူတိုင်းရဲ့လုပ်ပိုင်ခွင့်ပါ။ ပြည်သူကသာ သုံးသပ်ပါ။

ပြည်သူတစ်ဦးရဲ့ ထောက်ခံမှုကို ရဖို့အတွက် ကြိုးစားတဲ့နေရာမှာ ဘယ်လောက် ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားတယ်ဆိုတာ ကို ကြည့်ပြီးတော့ ပြည်သူကသာ ဆုံးဖြတ်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ချင်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“တချို့ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေး ရမှာ နည်းနည်းတော့ ကြောက် နေကြတယ်လို့ ထင်တယ်။ ကျွန်မပြောချင်တာက ကြောက်လို့များ မဲမှားပြီးပေးရင် ထပ်ပြီးကြောက်နေရမယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ကို ခြိမ်းခြောက်တဲ့လူကို ထပ်ပြီးတော့ ထောက်ခံရင် ဆက်ပြီးတော့ ခြိမ်းခြောက်ခံရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်။


Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။