Home » » ကလေးတွေညံ့တာ အပြစ်မြင်သင့်သလား

ကလေးတွေညံ့တာ အပြစ်မြင်သင့်သလား

Written By မောင်စေတနာ on Tuesday, March 13, 2012 | 9:50:00 PM


Kathleen Fitzpartrick

ဒီနေ့ခေတ် လူငယ်တွေ တစ်ယောက်နဲ့ တစ်ယောက် message တွေ ပို့နေတာတွေ ဖတ်ရတာ အင်္ဂလိပ်စာသင်နေတဲ့ ဆရာတွေ မျက်ရည်ကျစရာဖြစ်လောက်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို စတိုင်ကျကျ ရေးတတ်အောင် သင်နေတဲ့ဆရာတွေ၊ ဥပဒေအတိုင်း လိုက်နာပြီးရေးတတ်အောင် သင်ချင်သူတွေ စိတ်ပျက်လောက်ပါတယ်။

သူတို့ ရေးထားတာတွေ ဖတ်လိုက်ရင် ဒီခေတ်လူငယ်တွေ စာမရေးတတ်တော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ ဒါ ဘာကြောင့်လဲ။ နည်းပညာကြောင့်လား၊ တိုးတက်လာတဲ့ခေတ်ကြောင့်လာဆိုတာ ဝေဖန်သုံးသပ် စရာဖြစ်လာပါ တယ်။

ကျွန်မအနေနဲ့ နှစ်ပေါင်း ၂၀ လောက် စာသင်ခန်းအတွေ့အကြုံရှိခဲ့ပါတယ်။ ခု ဆိုရင် MLA (Modern Language Association) မှာ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်နေတယ်။ ဒီနေ့ခေတ်ပေါ် အတွေးအမြင်တွေကို ကျွန်မ မကြိုက်ရတဲ့ အချက်နှစ်ချက်ရှိတယ်။

ပထမအချက်ကတော့ အင်္ဂလိပ်စာဟာ ဘယ်တော့မှ မတည်ငြိမ်ဘူး၊ ဒါကြောင့် တည်ငြိမ်အောင်လုပ်ရမယ် ဆိုတဲ့အချက်ပါ။ အင်္ဂလိပ်စာမှာ ပြောင်းလဲမှုတွေ ဘယ်လို လုပ်တယ်ပြောပြော တည်ငြိမ်တဲ့ဘာသာရပ်တစ်ခုဆိုတာ သေချာတယ်။ သူတည်ငြိမ်လို့လည်း နှစ်ရာစုပေါင်းများစွာ သုံးစွဲလာကြတာပေါ့။ နည်းပညာဆိုတာက သုံးတဲ့သူတွေရဲ့ အလိုဆန္ဒအပေါ် မူတည်ပြီး အမြဲတီထွင်၊ အမြဲပြောင်းလဲမှုတွေ လုပ်နေကြရပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ မီဒီယာအသစ်ပေါ်လာလို့ မီဒီယာအဟောင်းကို လွှမ်းမိုးသွားဖို့ဆိုတာ မလွယ်သေး ပါဘူး။ ဘီစီ ၃၆၀ လောက်မှာ ပလေတိုက ပြောဖူးတယ်။ ဆိုကရေးတီးဟာ “မေ့လျော့ခြင်း” နဲ့ပတ်သက်ပြီး စူးစမ်း လေ့လာဖူးတယ်။ နည်းပညာတွေဘယ်လောက်ပဲ တိုးတက်လာပါစေ၊ ရေးနိုင်အောင်တော့ တွေးရမှာပဲ။ လေ့လာ သင်ယူရမှာပဲ။ ၁၅ နဲ့ ၁၆ ရာစုတွေက ပညာရှင်တွေဟာ စာတွေကို စက္ကူတွေ ပေါ်မှာရေးသားနေရာကနေ ပုံနှိပ်အတတ်နဲ့ ထုတ်ဝေမှာကိုလည်း စိုးရိမ်သောက ရောက်ခဲ့ကြဖူးတယ်။

စာရေးတယ်ဆိုတာ အသိပညာကို ထားခဲ့ချင်လို့၊ ကိုယ်သိထားတာကို မျှဝေချင် လို့ဖြစ်ပါတယ်။ ပုံနှိပ်တယ်ဆိုတာက ပိုပြီးတော့ ကျယ်ပြန့်စွာ မျှဝေချင်လို့ပါ။ ဒီနေ့ခေတ်မှာ စာရေးတဲ့အလုပ်၊ ပုံနှိပ်တဲ့အလုပ်တွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးကို ထိခိုက်စေတယ်လို့ ဘယ်သူမှပြောဝံ့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ text messaging လုပ်ရတာ၊ Facebook ပေါ်မှာ တက်ရေးရတာ ခေတ်စားပြီး လူတိုင်းလုပ်နေကျအလုပ်တစ်ခုလို ဖြစ်လာတာကြောင့်ပါ။

တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးစနစ်တွေကပိုကောင်းပြီး၊ ပိုလွယ်လာသလောက် ဖြစ်သလိုတွေး၊ ဖြစ်သလိုရေး လာတာတွေက ပိုဆိုးလာပါတယ်။ အထူးသဖြင့် ကျောင်းသားလူငယ်တွေကြားမှာ ဆိုးရွားစွာ ရေးသားမှုတွေ ပြုလုပ်လာတာ တွေ့ရတယ်။

စာရေးခြင်းနဲ့ ပုံနှိပ်ခြင်းက အနောက်တိုင်းယဉ်ကျေးမှုကို ပြောင်းလဲစေခဲ့ပါတယ်။ ခေတ်သစ်ဒစ်ဂျစ်တယ် နည်းပညာ ကလည်း ဆက်သွယ်ရေးစနစ်ကို တစ်ခေတ်ပြောင်းစေခဲ့ပါတယ်။ နည်းပညာကြောင့် စာပို့ဆက်သွယ်နိုင်တယ် ဆိုပေမယ့် စာစီစာရေးစနစ်တွေကို ဂရုမပြုလာကြတော့တာ၊ စာရေးနည်းစနစ်တွေ ပျက်စီးလာတာကိုလည်း စဉ်းစား ကြရလိမ့်မယ်။ အထူးသဖြင့် အင်္ဂလိပ်စကားပြောတဲ့ အမေရိကန်လိုနိုင်ငံကြီးမှာ အင်္ဂလိပ်လိုရေးတာတွေ ပျက်စီးနေ ပြီဆိုရင် ရယ်ချင်မလားမသိဘူး။

“စာရေးခြင်း” ဆိုတာ စိတ်ကူးထဲက အကြောင်းအရာတွေကို စာရွက်ပေါ်မှာ ဖော်ထုတ်ရတာ။ “စာဖတ်ခြင်း” ဆိုတာက “စာအုပ်” ဆိုတာနဲ့ ဆက်စပ်နေတာ။ အဲဒီတော့ ကျွန်မတို့ အစဉ်အလာအတိုင်း လက်ခံကျင့်သုံးခဲ့ကြတာတွေကို လွယ်လွယ်နဲ့ ဖျောက်ပြီး စနစ်ကိုဖျက်ဆီးကြတော့မှာလားလို့ မေးစရာဖြစ်လာတယ်။

ဒီနေ့ခေတ်လူငယ်တွေ ပုံနှိပ်စာပေ “စာအုပ်” တွေကို အဖတ်နည်းလာပါတယ်။ “ဖတ်စရာမှမလိုတာ” ဆိုတဲ့ အကြောင်းပြချက်ကို လက်ခံကောင်း လက်ခံနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လေ့လာနိုင်စရာ ပစ္စည်းတွေ၊ မီဒီယာတွေ၊ ပလက်ဖောင်းတွေ ပေါများနေလို့ပါပဲ။

စာဆိုတာရေးမှ ခံစားပြီး သိနိုင် မှတ်မိ နိုင်ပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ဘော့ပင် သို့မဟုတ် ခဲတံကိုင်ပြီး စာရွက် ပေါ်မှာ ရေးစရာမလိုလောက်အောင်ဖြစ်လာတယ်။ စာကို လက်နဲ့ စာရွက်ပေါ်မှာ ချရေးစရာ မလိုဘဲ ကွန်ပျူတာ ကီးဘုတ်တွေနဲ့ ရေးပြီး ဆက်သွယ်လို့ရလာတော့ စာလုံးတွေကို ကိုယ်တိုင်သီကုံးရေးသားတဲ့ ဓလေ့တွေကွယ် ပျောက်သွားတယ်။

ဒီနေ့ခေတ်လူငယ်တွေ Blog တွေရေးကြတယ်။ ဖြန့်ဝေကြတယ်။ စိတ်ကူးတွေ ဖလှယ်ကြတယ်။ ဆိုရှယ်ကွန်ရက် တွေကလည်း လူငယ်တွေစာရေးဖို့ အထောက်အကူ အများကြီးပြုလာတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေနဲ့ပါ ဆက်သွယ်နိုင်တော့ရေး အားတွေ ပိုလျှော့သွားတယ်။

ခေတ်သစ်မှာ ဒီလိုစာတွေရေးပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေးလုပ် နေကြကြောင်းကို မိဘနဲ့ ကျွန်မတို့ ဆရာတွေ မျက်ခြေမပြတ်ဖို့လိုပါတယ်။ ဒါတွေဟာ အလကားအလုပ်တွေ၊ အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေလို့ သဘောထားပြီး သူတို့ကို လွှတ်ပေးလိုက်ရင် ကျွန်မတို့နဲ့ ပိုဝေးသွားလိမ့်မယ်။

သူတို့ရေးနေတာတွေဟာ မရေးဘဲထိုင် နေကြတာထက် ပိုမကောင်းဘူးလားလို့ တွေးရမယ်။ အတွေးကို ထုတ်ဖော်ပြ တာက အစပဲ။ ပြောချင်တာလေးကို တစ်ကြောင်း နှစ်ကြောင်းပြောမယ်။ နောက်ပိုင်း တစ်ပိုဒ် နှစ်ပိုဒ်၊ တစ်ပုဒ် နှစ်ပုဒ်၊ တစ်အုပ် နှစ်အုပ် ဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် တက်လာနိုင်တာ ဒီနည်းလမ်းပဲရှိပါတယ်။

ဆရာမပါ သူတို့ဘာသာ သူတို့လေ့လာရေးသားနေတယ်၊ ရေးသားချင်စိတ်လေးတွေရှိကြတယ်ဆိုတာ ပိုမကောင်းဘူးလား။ တစ်ယောက်ရေးတာ အများဝိုင်းဖတ်၊ အများဝေဖန်၊ အကြံဉာဏ်ပေး၊ ကူဆွေးနွေးနိုင်တာ အခွင့်အရေးတစ်ခုလို့ မှတ်ယူလိုက်ရင် နည်းနည်း နောနောဝန်ဆောင်မှုမှ မဟုတ်တာ။

စာရေးလို့ ပရိသတ်ရှိရင် ပိုပြီးအားတက်တယ်။ အွန်လိုင်းမှာ စာရေးတယ်၊ Blog မှာစာရေးတယ်ဆိုတာ လူထုနဲ့ အကောင်းဆုံးဆက်သွယ်နိုင်ပြီး အားစမ်းတဲ့ပွဲလို့လည်းဆိုနိုင်တယ်။ ရေးရင်းနဲ့ စာရေးတတ်သွားနိုင်တယ်။ သူတို့ စကားအရတော့ “လက်တက်” သွားတယ်ပေါ့။ ရေးရင်းနဲ့ ပြင်သွားလိမ့်မယ်။ ဒါကြောင့် ပျက်စီးပြီဆိုတာကို လူကြီး အတွေး လူကြီးအမြင်နဲ့ မဆုံးဖြတ်ဘဲ လူငယ်အမြင်နဲ့ စိတ်ရှည်စွာ ကြည့်မြင်နိုင်အောင် ကြိုးစားဖို့လိုတယ်။

ကျွန်မတို့ လူငယ်တွေနဲ့ ဆက်သွယ်ချင်ရင်၊ နီးစပ်ချင်ရင် သူတို့ရေးတဲ့စာတွေဖတ်ဖို့ တိုက်တွန်းချင်တယ်။ သူတို့ ပြောလေ့ရှိတဲ့ စကားတွေ၊ ဝေါဟာရတွေနဲ့ ပွင့်လင်းစွာရေးသားထားတာမျိုးတွေပေါ့။ သဒ္ဒါနည်းကျ မကျတွေကို ပေတံနဲ့လိုက်တိုင်းရင် သူတို့လောကမှာ အလုပ်ဖြစ်မယ် မထင်ဘူး။ သူတို့ တွေးမိသလိုရေးမယ်။ လွတ်လပ်စွာ ရေးရင်းနဲ့ စာရေးဆရာကြီးတွေ ဖြစ်သွားတာ အများကြီးရှိတယ်။

အင်္ဂလိပ်စာ တည်ငြိမ်မှုရှိတယ်ဆိုတာ တကယ်ကြည့်ရင် မဟုတ်ပါဘူး။ တစ်သမတ်တည်း မှတ်ထားလို့လည်း မရပါဘူး။ အင်္ဂလိပ်ကို အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျတွေမှာ သူတို့နည်း သူတို့ဟန်၊ သူတို့လေသံတွေအတိုင်း ပြောကြပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာပါပဲ။

ဒီလိုပဲ ကျွန်မတို့ကလေးတွေ သူတို့ပြောချင်သလိုပြောနေတာကို ကျွန်မတို့ အခွင့်အရေး ဦးစွာပေးရမယ်။ နောက်ပိုင်းကျမှ လိုသလောက်ပဲထိန်းမယ်။ ဒါဆိုရင် တစ်ခုခု ဖြစ်သွားပါလိမ့်မယ်။ မလုပ်ရဘူးဆိုပြီး ပိတ်ထားတာထက်၊ လုပ်ခွင့်ပေးလိုက်တာက အခွင့်အရေးတစ်ခုကို ဖန်တီး ပေးလိုက်တာလို့ သဘောထားကြီးပေးမယ်ဆိုရင် ကျွန်မတို့ အပြစ်မြင်တော့မှာမဟုတ်ဘူး။

မှတ်ချက် -

ဒီဆောင်းပါးရဲ့ မူရင်းစာရေးဆရာဟာ Kathleen Fitzpartrick ဖြစ်ပါတယ်။ Modern Language Association က ပညာရေးဆိုင်ရာ ဆက်သွယ်ရေး ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ “Planned Obsolescence: Publishing, Technology, and the Future of the Academy” ဆိုတဲ့စာအုပ်ကို လည်းရေးခဲ့ပြီး Planned Obsolescence ဆိုတာကိုလည်း Blog မှာရေးခဲ့ပါတယ်။

တင်ညွန့်


Source by :http://www.maukkha.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။