Home » , » မြန်မာပြည်ရဲ့ အချိုးအကွေ့

မြန်မာပြည်ရဲ့ အချိုးအကွေ့

Written By မောင်စေတနာ on Monday, March 12, 2012 | 1:35:00 AM

(ယခုဖော်ပြမည့်စာစုမှာ ဖေဖော်ဝါရီလအတွင်းက မြန်မာပြည်ကို စီးပွားရေးအကြံပေးရန် သွားရောက်ခဲ့သည့် နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ဂျိုးဇက်စတစ်ဂလစ်၏ မြန်မာပြည်က အပြောင်းအလဲများ အပေါ်အမြင် သဘောထား ဖြစ်ပါသည် )

ရာစုနှစ်ဝက်လောက် နိုင်ငံရေးအပြောင်းအလဲတွေ မရှိဘဲ ရပ်တည့်နေတဲ့ မြန်မာပြည်မှာ အစိုးရက အသွင်ကူးပြောင်းရေးကာလတခုကို သူတို့အတွင်းထဲကနေ လက်ခံယုံကြည်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေကြပါတယ်။ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီး ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ (နောက်ထပ်ကျင်းပဖို့လည်း ရှိနေပါတယ်)။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်လာပြီး၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလုံးအရင်းနဲ့ရဖို့ ကြိုးစားနေပါတယ်။

ကာလအတန်ကြာအောင် မြန်မာပြည်က အာဏာပြအုပ်ချုပ်တဲ့ အစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒီအပေါ်မှာ သတိရှိတုန်းဆိုတာကတော့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေကတော့ မြန်လွန်းအားကြီးလို့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေလို့ လူရိုသေ ရှင်ရိုသေပုဂ္ဂိုလ်တွေတောင် ဒီအပြောင်းအလဲတွေကို ဘယ်လိုလုပ်ရပါ့လို့ ဇဝေဇ၀ါဖြစ်နေကြပါတယ်။

ကျနော့်အတွက်ကတော့ မြန်မာပြည်က အခုလက်ရှိ သမိုင်းဝင်အချိန်ကာလတခုဟာ ခိုင်မာတဲ့ အပြောင်းအလဲတခု အတွက် စစ်မှန်တဲ့ အခွင့်အလမ်းတရပ်လို့ပဲ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ဒီအခွင့်အလမ်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်လွှတ်လိုက်ဖို့ဆိုတာ ဖြစ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ ကမ္ဘာကြီးအနေနဲ့ ရှေ့တိုး ဆောင်ရွက်ရမယ့် အချိန်ပါပဲ။ ဒီနေရာမှာ အကူအညီပေးတာလောက်နဲ့ ရပ်မနေဘဲ၊ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကိုလည်း ဖယ်ရှားပေးရပါတော့မယ်။ လောလောဆယ်မှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ တိုင်းပြည်ရဲ့ အကူအပြောင်းကာလမှာ ခလုတ်ကသင်းတွေ ဖြစ်နေပါတယ်။

၂၀၁၀ နိုဝင်ဘာလ ပါလီမန်ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း အခုအချိန်အထိ အပြောင်းအလဲတွေကတော့ အံ့သြစရာပါပဲ။ ၁၉၆၂ ခုနှစ်က တိုင်းပြည်အာဏာတစုံလုံးကို ကိုင်ထားတဲ့ စစ်အစိုးရဟာ အခုအချိန်မှာလည်း ပါလီမန်မှာ ၂၅ ရာခိုင်နှုန်း ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် ရွေးကောက်ပွဲဟာ ဟန်ပြအတုအယောင်ဆိုတဲ့ စိုးရိမ်သောကတွေရှိခဲ့ပါတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရဟာ တိုင်းသူပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို အရေးတယူဆောင်ရွက်လာတာဟာ တွက်ဆထားကြတာထက် အများကြီး ပိုနေပါတယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဟာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပွင့်ပေးဖို့ လိုတယ်ဆိုတဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ဆောင်ရွက်လာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် သူပုန်တပ်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေမှာ တိုးတက်မှုတွေ ရှိလာပါတယ်။

ဒီပြသနာက ကိုလိုနီခေတ်က သွေးခွဲအုပ်ချုပ်ရေးကနေ အမြစ်တွယ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် တက်လာတဲ့ အစိုးရတွေလည်း နှစ်ပေါင်း ၆၀ ကျော်ကြာအောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်ရုံမက၊ အခုဆိုရင် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေကို အကြီးအကျယ် လုပ်ဆောင်နေပါတယ်။

စီးပွားရေးမျက်နှာစာမှာလည်း ဘဏ္ဍာရေးကဏ္ဍမှာ မကြုံစဖူးတဲ့ ပွင့်လင်းမြင်သာမှုတွေကို စတင် လုပ်ဆောင်လာပါတယ်။ အခြေခံအားဖြင့် နည်းသေးတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်တွေကို နှစ်ဆတိုးလိုက်ပါတယ်။ တိုင်းပြည်က ရှုပ်ထွေးပွေလီလှတဲ့ ငွေလဲလှယ်ရေး စနစ်ကိုလည်း တသမတ်တည်း ဖြစ်သွားအောင် လုပ်ဆောင်ဖို့ကိုတောင် အစိုးရက သံဓိဌာန်ချထားလိုက်ပါသေးတယ်။

တိုင်းပြည်မှာ မျှော်လင့်ချက်တွေကတော့ ထင်သာမြင်သာရှိပါတယ်၊ ရှေ့မီနောက်မီတွေကတော့ အရင်တုန်းက အခုလိုပဲ အပြင်ပမ်း ဖြေလျှော့မှုတွေကို အာဏာပိုင်အစိုးရက လုပ်ပြီး၊ နောက်တော့ ပြန်ပျောက်သွားတာတွေကို ကြုံခဲ့ဖူးသူတွေဆိုတော့ မယုံတ၀က်ဖြစ်နေကြပါတယ်။

ဒီလိုဖြစ်ခဲ့ဖူးတာကြောင့်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာပြည်ကို အထီးကျန်ထားတာကို လျှော့ပေးဖို့ ကိစ္စမှာ ချီတုံချတုံဖြစ်နေပုံရပါတယ်။ ဒါပေမယ့် မြန်မာပြည်သားအများစုကတော့ ဒီအပြောင်းအလဲတွေကို သေသေချာချာ စီမံခန့်ခွဲတတ်မယ်ဆိုရင် တိုင်းပြည်ဟာ နောက်ပြန်မလှည့်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်သွားမယ်ဆိုတာကို ခြင်ဆင်မိနေကြပါတယ်။

ဖေဖော်ဝါရီလတုန်းက ရန်ကုန်နဲ့ မြို့တော်သစ် နေပြည်တော်မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို ကျနော်လည်း တက်ရောက်ခဲ့ပါတယ်၊ မြန်မာပြည်က ထိပ်တန်းစီးပွားရေးပညာရှင် ဦးမြင့်က စီစဉ်တာပါ။ နှီးနှောဖလှယ်ပွဲတွေဟာ လေးလေးနက်နက်ရှိပါတယ်။ ပရိသတ်များတာ၊ တက်တက်ကြွကြွဆွေးနွေးကြတာတွေကိုရော ဆိုလိုတာပါ။

ရန်ကုန်မှာဆိုရင် လူတထောင်ကျော်တက်ရောက်ပြီး ကမ္ဘာသိ မြန်မာပညာရှင် နှစ်ယောက်ရဲ့ တင်ပြဆွေးနွေးချက်တွေကလည်း အသက်ဝင်ပြီး စဉ်းစားဆင်ခြင်စရာတွေ အပြည့်နဲ့ပါ။ သူတို့ နှစ်ယောက်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းကနေ မြန်မာပြည်ကို စွန့်ခွာခဲ့ရာကနေ နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပထမဆုံးအကြိမ် ပြန်ရောက်လာကြတာပါ။

ကိုလံဘီယာတက္ကသိုလ်က ကျနော့်ရဲ့ လက်ဖော်ကိုင်ဖက်လည်းဖြစ် မြန်မာပညာရှင်နှစ်ဦးထဲက တဦးဖြစ်တဲ့ Ronald Findlay ကဆိုရင် “အသက် ၉၁ နှစ်အရွယ် ဒေါက်တာလှမြင့်ဟာ London School of Economics မှာ ပါမောက္ခလုပ်ခဲ့သလို၊ အောင်မြင်မှုအရဆုံး ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်တဲ့ စီးပွားရေးကို ဖွင့်၊ ပို့ကုန်ကို တိုးမြှင့် ဆိုတဲ့ မဟာဗျူဟာရဲ့ ခေါင်ကိုင်ဖခင်ကြီးဖြစ်တယ်” ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။

အဲဒီ ဒေါက်တာလှမြင့်ရဲ့ မဟာဗျူဟာကို လတ်တလော ဆယ်စုနှစ်တွေမှာ အာရှနိုင်ငံတွေက အသုံးချသလို၊ အထူးသဖြင့် တရုတ်ပြည်ဆိုရင် အတော်အလေးထား ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သား ကမ္ဘာကျော် ပညာရှင်ကြီးရဲ့ အယူအဆက နောက်ဆုံးကျတော့မှပဲ မြန်မာပြည်ရောက်လာတယ်လို့ ပြောရတော့မယ် ထင်ပါရဲ့ဗျာ။

တကယ်တော့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာတုန်းကလည်း မြန်မာပြည်ကို ကျနော် လက်ချာပေးဖို့ သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရအနေအထားက တိုင်းပြည်က ပြသနာတွေကို ပြောဆိုတဲ့ နေရာမှာတောင် သတိထားရပါတယ်။ ဥပမာ ဆင်းရဲမွဲတေမှု၊ ကျေးလက်ကုန်ထုတ်လုပ်မှုမရှိတာ၊ ကျွမ်းကျင်လုပ်သားမရှိတာ ဆိုတဲ့ ကိစ္စတွေကို သတိထားပြီး ပြောရပါတယ်။

ဒီတခေါက်မှာတော့ အရင်က သတိထားစရာ ကိစ္စတွေရော၊ တခြားရှိနေတဲ့ စိန်ခေါ်မှုတွေအပေါ်မှာ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမယ့်ဆိုတဲ့ အမြင်၊ နည်းပညာနဲ့ တခြားပုံသဏ္ဍာန်မျိုးစုံ အကူအညီတွေ လိုအပ်တယ်ဆိုတဲ့ အသိက အစားထိုးလိုက်ပါပြီ။ ( လူဦးရေ၊ ၀င်ငွေအချိုးတို့နဲ့ နှိုင်းယှဉ်ချက်အရ နိုင်ငံတကာအကူအညီတွေ ရတဲ့နေရာမှာ မြန်မာပြည်ဟာ ကမ္ဘာမှာ အနည်းဆုံး နိုင်ငံတခု ဖြစ်နေပါတယ်)။

မြန်မာပြည်က လက်ရှိ အပြောင်းအလဲတွေ လျင်လျင်မြန်မြန်ဖြစ်နေတဲ့အပေါ်မှာ အကြောင်းရင်းကို ငြင်းခုံနေတာတွေ ရှိပါတယ်။ တချိန်တုန်းက နိုင်ငံခြားကို ဆန်စပါးအများဆုံး တင်ပို့တဲ့ နိုင်ငံဟာ အခုကျတော့ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကောက်ကျနေတာကို ခေါင်းဆောင်တွေက အသိအမှတ်ပြုသွားတာကြောင့် ဖြစ်မယ်။

အာရတ်နွေဦးက ပေးတဲ့ သတင်းစကားကို သူတို့တွေ ကြားသွားလို့ ဖြစ်မယ်။ ဒီလိုမဟုတ်လည်း မြန်မာပြည်က လူပေါင်း ၃ သန်းကျော်တောင် နိုင်ငံခြားမှာ နေထိုင်နေတာဆိုတော့ မြန်မာပြည်ကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားလို့ မဖြစ်နိုင်၊ အိမ်နီးချင်းနိုင်ငံတွေက အိုက်ဒီယာတွေ စိမ့်ဝင်တာတွေကိုလည်း တားဆီးလို့ မရစကောင်း ဆိုတာကို နားလည်သွားတာဖြစ်မယ် - စသဖြင့် ။ ဒါပေမယ့် ဘယ်လို အကြောင်းရင်း ခံကြောင့်ဖြစ်ဖြစ် အပြောင်းအလဲက ဖြစ်နေတယ်၊ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာကတော့ ငြင်းမရတဲ့ ကိစ္စပါ။

ဒါပေမယ့်လည်း နိုင်ငံတကာက ပိတ်ဆို့မှုတွေ။ အတိတ်တုန်းက ဘယ်လို အခန်းကဏ္ဍက အသုံးတော်ခံခဲ့သည်ဖြစ်စေ၊ လောလောဆယ်မှာတော့ ပြောင်းပြန်ဆိုးကျိုးတွေ ပေးနေပုံပါပဲ။ ဥပမာ ဘဏ္ဍာရေးပိတ်ဆို့မှုကြောင့် ခေတ်မှီပွင့်လင်းတဲ့ ဘဏ္ဍာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးမှာ၊ ကမ္ဘာကြီးနဲ့ ပေါင်းစည်းနိုင်ရေးမှာ မဟန့်အတားဖြစ်စေပါတယ်။

ထို့အတူပဲ ခေတ်မှီ စက်မှုနိုင်ငံတွေမှာ အခြေစိုက်တဲ့ လူမှုရေးအရ တာဝန်ခံမှုရှိတဲ့ ကုမ္မဏီတွေအတွက် စီးပွားရေးလုပ်ကိုင်ရေးမှာ အကန့်အသတ်တွေဖြစ်စေပြီး၊ ရိုးသားမှု အားနည်းတဲ့ ကုမ္မဏီတွေအတွက် လုပ်ကွင်းလုပ်ကွက်တွေပဲ ပွင့်ကျန်နေရစ်တဲ့အဖြစ်မျိုးပါ။

ဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာအစိုးရဘက်ကနေ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တို့ဆီကနေ လမ်းညွန်မှုတွေနဲ့ အကြံဥာဏ်တွေကို လက်ခံဖို့ ဆန္ဒရှိနေတာကို လက်ကမ်းကြိုသင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အပြင်ဘက်က မြန်မာပြည် အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဒီလို အင်စတီကျူးရှင်းတွေ လုပ်နိုင်တဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားတုန်းပါပဲ။

ကျနော်တို့ဘက်က အကူအညီပေးနိုင်တာတွေကို ထိမ်ချန်ထားသည်ဖြစ်စေ၊ ပိတ်ဆို့ထားလျှင်ဖြစ်စေ၊ ကျနော်တို့ ဖြစ်စေချင်နေတဲ့ အပြောင်းအလဲကို ဘယ်သူတွေက တာဝန်ယူပြီး ဆောင်ရွက်ပေးမလဲဆိုတဲ့ ကိစ္စကို အလေးအနက်စဉ်းစားဖို့တော့ လိုပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်နဲ့ အထည်တွေကို ကုန်သွယ်ခွင့် ဖွင့်ပေးလိုက်တာမျိုး (တကယ်တမ်းကျတော့ ဒါမျိုးတွေက တခြားဆင်းရဲတဲ့ နိုင်ငံတွေကို အထူးအခွင့်အရေး အနေနဲ့တောင် ပေးနေတဲ့ ကိစ္စပါ) က မြန်မာပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ဆင်းရဲသားလယ်သမားတွေအတွက် တိုက်ရိုက်အကျိုးခံစားရမှာဖြစ်သလို၊ အလုပ်အကိုင်သစ်တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

သူဌေးတွေနဲ့ အာဏာရှိသူတွေကတော့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို တနည်းနည်းနဲ့ ရှောင်ရှား နိုင်ပေမယ့်၊ သာမန်လူတွေကတော့ နိုင်ငံတကာက မြန်မာပြည်ကို အထီးကျန်ထားတဲ့ အခြေအနေက ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို အလွယ်တကူနဲ့ မလွတ်မြောက်နိုင်ပါဘူး။

အာရတ်နွေဦးရဲ့ အသီးအပွင့်တွေ တချို့နိုင်ငံတွေမှာပဲ ကွက်တိကွက်ကြားတွေ့ရပါတယ်။ မရေမရာ နိုင်ငံတွေလည်း ရှိနေတုန်းပါပဲ။ မြန်မာပြည်က အသွင်ကူးပြောင်းရေးကတော့ Twitter တို့။ Facebook တို့ပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လို့ တိုးတိုးတိတ်တိတ် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် တန်ဖိုးကတော့ မသေးသလို၊ ၀ိုင်းဝန်းထောက်ခံတာမျိုးနဲ့ မထိုက်တန်တာ မျိုးလည်း မဟုတ်ပါဘူး။

ရည်ညွန်း၊ ၊ Burma’s Turn by Joseph E. Stiglitz

နေသွင်

မတ်လ ၇၊ ၂၀၁၂

Source by :http://www.maukkha.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။