Home » » တိရစ္ဆာန်လောက ပညာရေး

တိရစ္ဆာန်လောက ပညာရေး

Written By မောင်စေတနာ on Wednesday, February 8, 2012 | 8:00:00 PM



ဟိုးရှေးရှေးတုန်းက တောအုပ်တစ်ခုထဲမှာ တိရစ္ဆာန်တွေ စုဝေးနေထိုင်ကြသတဲ့။ အမျိုးအစားပေါင်းစုံ၊ အရွယ်အစားပေါင်းစုံ၊ အရောင်အသွေးပေါင်းစုံ တိရစ္ဆာန်မျိုးစုံဟာ သဘာဝတရားကြီးက ပေးသနားလာတဲ့ ဖြစ်တည်မှုတစ်ခုအောက်မှာ စည်းလုံးညီညွတ်စွာနဲ့ နေထိုင်ကြပါတယ်။ တစ်ကောင်အပေါ်တစ်ကောင် နားလည်မှုတွေနဲ့ မှီခိုအားထား ပွားများနေကြတယ်။ တိရစ္ဆာန်တွေဆိုတော့ ကြီးနိုင် ငယ်ညှင်းဝါဒတွေလည်း ရှိကောင်း ရှိနိုင်တာပေါ့။

ဒါပေမယ့် တိရစ္ဆာန်လောကပဲလေ ဒါတွေဟာ ပြဿနာမဟုတ်ပါဘူး။ မြက်စားတဲ့ အကောင်တွေကမြက်စား၊ အသားစားတဲ့အကောင်တွေကအသားစား ဒါလည်း သူတို့လောကမှာ ပြဿနာ မဟုတ်ကြဘူး။ မြက်စားတဲ့အကောင်တွေက မြက်စားဖို့ဖြစ်တည်လာတာ၊ အသားစားတဲ့ အကောင်တွေက အသားစားဖို့ ဖြစ်တည်လာတာပဲဆိုပြီး သဘာဝတရားကို ကျေနပ်စွာ လက်ခံရင်းနေထိုင်ကြတယ်။ ဘာပြောပြော ကိုယ့်မျိုးနွယ်ကို ပွားများအောင် ထိန်းသိမ်းစောင့်ရှောက်ရင်း ဒီတောကြီးကို မှီခိုအားထားနေထိုင်ကြတယ်။

အဲဒီတောအုပ်ကြီးထဲမှာ ကျောင်းတစ်ကျောင်းရှိတယ်။ “တိရစ္ဆာန်အားလုံးအတွက်ပညာရေး” ဆိုတဲ့မူနဲ့ အကောင်အထည်ဖော်နေတယ်။ ဘယ်တိရစ္ဆာန်မဆို ကျောင်းကိုရောက်လာရင် အတူတူပဲဆိုတဲ့မူကို လက်ကိုင်ထားတယ်။ တိရစ္ဆာန်လောကသားချင်း ခွဲခြားတဲ့စိတ်ဓာတ်တွေမရှိရဘူး။ အပြန်အလှန်လေးစား တန်ဖိုးထားပြီး သင့်မြတ်စွာ ပညာသင်ကြားကြရတယ်။

ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းကိုလည်း ပညာရေးကျွမ်းကျင်တဲ့ တိရစ္ဆာန်တွေက ရေးဆွဲထားတယ်။ ကိုယ့်မျိုးနွယ်အုပ်စုအလိုက် ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ပညာရှင်ဆိုသူတွေကို တိရစ္ဆာန်ဘုတ် ကော်မီတီဖွဲ့စည်းပေးပြီး အဲဒီတိရစ္ဆာန်တွေက ပညာရေးမှာ ဘာတွေသင်ကြားပေးရမယ်ဆိုတာ သတ်မှတ် ပြဌာန်းပေးကြတယ်။

တိရစ္ဆာန်လောကပညာရေးအတွက် ဘုတ်အဖွဲ့က အောက်ပါအတိုင်း သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြဌာန်းကြ ပါသတဲ့။ ဒါကိုပဲ ပညာရေးအနာဂတ်ပန်းတိုင်ဆိုပြီး သတ်မှတ်ထားတယ်။

၁။ အသက်ရှင်နေထိုင်ရေးအတွက် ပညာရေးဖြစ်ရမည်

အသက်ရှင်နေထိုင်ရန်အတွက် အစားအစာလိုအပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ (တိရစ္ဆာန်တို့) ပညာရေးကို ထူးချွန်ထက်မြက်စွာ အမဲလိုက်နိုင်ရေး၊ အစားအစာရှာဖွေစုဆောင်းနိုင်ရေးအား ဦးစားပေး သင်ကြားနိုင်သော ပညာရေးမျိုးဖြစ်စေရမည်။

၂။ ကိုယ့်မူဝါဒ ကိုယ့်အစွမ်းအစဖြင့် ပျော်ရွှင်စွာအတူလက်တွဲနေထိုင်နိုင်သော တိရစ္ဆာန်ဘောင်ကြီးကို ထူထောင်နိုင်စွမ်းရှိသည့် ပညာရေးဖြစ်ရမည်

တိရစ္ဆာန်အားလုံးတို့သည် ဘ၀ပေးကံကြောင့် တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။ ထို့ကြောင့် အားကြီးသူနှင့် အားနည်းသူဟူ၍ ကွဲပြားစွာဖြစ်တည်လာကြရသည်။ မိမိဘ၀ကို ကျေနပ်သူ၊ မကျေနပ်သူ၊ ပျော်ရွှင်သူ၊ မပျော်ရွှင်သူဟူ၍လည်း ကွဲပြားလာနိုင်ပေသည်။ သို့ဖြစ်ရာ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်၊ တစ်ကောင်အပေါ်တစ်ကောင် ယိုင်းပင်းကူညီချင်စိတ်များ ဖြစ်ပေါ်လာစေနိုင် ပညာရေးမျိုး ဖြစ်စေရမည်။

၃။ တိရစ္ဆာန်ဘောင်အတွင်း မှီတင်းနေထိုင်ကြသူအပေါင်းအတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့် ပညာရေးမျိုးဖြစ်ရမည်

ကျွန်ုပ်တို့တိရစ္ဆာန်လောကဆိုသည်မှာ သဘာဝဘေးများနှင့်ပြည့်နေသော တောအုပ်ကြီးထဲတွင် အကွယ်အကာမဲ့စွာ နေထိုင်ကြရသဖြင့် ကျွန်ုပ်တို့ဘ၀ရပ်တည်နိုင်ရေးအတွက် ခေါင်းဆောင်ကောင်းများ ပေါ်တွင် မှီခိုအားထားနေကြရပါသည်။ သို့ဖြစ်ရာ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ် ပေးနိုင်သည့် ပညာရေးမျိုးဖြစ်လာစေရန် ဦးတည်ရမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ကျောင်းမှ ပညာ ဆုံးခန်းတိုင်အောင် သင်ကြားပြီးနောက်၊ ကျောင်းမှထွက်ခွာသွားသူတိုင်းသည် မိမိမျိုးနွယ်စုတို့အတွက် ခေါင်းဆောင်ကောင်းများ အလိုအလျောက်ဖြစ်သွားရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် တိရစ္ဆာန်ဆန္ဒ (အိပ်-စား-ကာမ) ဤသုံးဝဖြင့် သာယာသော တိရစ္ဆာန်ဘောင်ကြီးထူထောင်နိုင်သော ပညာရေးမျိုးဖြစ်စေရမည်။

တိရစ္ဆာန်ပညာရှင်ကြီးတွေက အထက်ပါပညာရေးဆိုင်ရာ မူဝါဒတွေ၊ သဘောတရားတွေ၊ ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေကိုချပြီး “လက်တွေ့ဘ၀ ကျွမ်းကျင်မှု ၅ ရပ်” သင်ရိုးညွှန်းတမ်းကို သတ်မှတ်ပြဌာန်း လိုက်ကြပါတယ်။ ပညာရှင်များချမှတ်လိုက်တဲ့ ဘ၀တစ်သက်တာ ကျွမ်းကျင်စရာ ၅ ရပ်ဆိုတာကတော့

၁။ အမြန်ဆုံး ပြေးနိုင်ရေး

၂။ အမြင့်ဆုံး ခုန်နိုင်ရေး

၃။ ခြေသံလုံလုံ လျှောက်နိုင်ရေး

၎။ သားကောင်ကို ခုန်အုပ်နိုင်ရေး

၅။ အမဲဖျက် စားသောက်တတ်ရေး တို့ပဲဖြစ်ပါတယ်။

ဒီပညာရပ်တွေကို သင်ကြားပေးရာမှာ ဆရာက လက်တွေ့မပါတဲ့ စာတွေနဲ့ သဘောတရားသက်သက် သင်ကြားတာမျိုးကို ပညာရှင်တွေက အားမပေးဘူး။ ဒါကြောင့် စာတွေ့လည်းသင်၊ သရုပ်ပြတာတွေလည်း လုပ်၊ လက်တွေ့လည်းလေ့ကျင့်ကွင်းဆင်းခိုင်းတာတွေကို ပညာသင်ကြားနေစဉ်ကာလတစ်လျှောက်လုံး ကျင့်သုံးလိုက်နာကြရတယ်။

တိရစ္ဆာန်ပညာရေးအတွက် သင်ရိုးညွှန်းတမ်းတွေဟာ ပြုပြင်ပြောင်းလဲသင့်ရင် ပြုပြင်ပြောင်းလဲမယ်၊ ပုံသေ နည်းကျ တစ်သမတ်တည်းမထားဘူးလို့လည်း စီစဉ်ထားကြတယ်။ တိရစ္ဆာန်တစ်ကောင်ရဲ့ အရည်အချင်း အလိုက် အတန်းတစ်တန်းကို ပညာသင်နှစ်မကုန်မီမှာပဲ အခြားတစ်တန်းကို ပြောင်းလဲတက်စေနိုင်အောင် လည်း စီစဉ်ထားတယ်။ တိရစ္ဆာန်တစ်ကောင်ဟာ လက်ရှိတက်နေတဲ့အတန်းမှာ အစွမ်းအစလည်းပြနိုင်၊ ကိုယ်သင်ယူနေတဲ့ ဘာသာရပ်မှာ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ သတ်မှတ်ခြင်း ခံရရင် အချိန်တိုအတွင်း ဘွဲ့ရ သွားအောင် သတ်မှတ်ပေးနိုင်တယ်။ အချိန်တိုအတွင်း အုပ်စုခေါင်းဆောင်တွေ ပြန်လုပ်ခွင့်ရမယ်ဆိုတဲ့ သဘောပါ။

သင်ရိုးတွေက ကျား၊ ခြင်္သေ့၊ မြေခွေး၊ ၀ံပုလွေတွေအတွက် အထူးရေးဆွဲထားတဲ့ သင်ရိုးမျိုးတွေဖြစ်နေတာ ကြောင့် အဲဒီ တိရစ္ဆာန်တွေပဲ အမြန်ဆုံးဘွဲ့ရ၊ အမြန်ဆုံးကျောင်းထွက်၊ အမြန်ဆုံး ခေါင်းဆောင်တွေ ဖြစ်လာ ကြတယ်။ အခြားတိရစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ မြွေ၊ ကြွက်၊၊ ပက်ကျိတွေအတွက်ကတော့ ပညာရေးမှာ ပြဿနာတွေ တက်ကြရတယ်။ အဲဒီအကောင်တွေဟာ ကျောင်းလည်းမပြီး၊ ပညာလည်းမထူးချွန်သူတွေ အဖြစ်အမြဲသတ်မှတ်ခြင်းခံရတာကြောင့် ခေါင်းဆောင်တွေလည်း ဖြစ်မလာနိုင်ကြပါဘူး။ ဒါကြောင့်လည်း တိရစ္ဆာန်လောကမှာ သူတို့ဟာ ဒုတိယတန်းစားတွေ (နောက်လိုက်တွေ) အနေနဲ့သာ နေထိုင်ကြရတယ်။

ဒီလိုနဲ့ တိရစ္ဆာန်လောကကြီး ကာလကြာရှည်စွာ ရှိနေခဲ့ပါတယ်။ တစ်နေ့တော့ ဒုတိယတန်းစားလို့ သတ်မှတ်ခြင်းခံရတဲ့ တိရစ္ဆာန်တွေထဲကတစ်ကောင်က သည်းမခံနိုင်တော့တဲ့အဆုံးမှာ ပေါက်ကွဲပါတော့ တယ်။ ဒုတိယတန်းစားတွေကြီးစုဝေးပြီး ညီလာခံတစ်ခု ကျင်းပကြတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရသလဲ ဆိုတာကို စုပေါင်းပြီး အဖြေရှာကြတယ်။

ကြက်ဆင်တစ်ကောင်က

“ဒါ ပညာရေးမှာ ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကြောင့်ပါ။ ဒီ သင်ရိုးက မမျှတပါဘူး။ သင်ရိုးအရ ပညာ ရည်အကဲဖြတ်မှုဟာ သူတို့ပထမတန်းစားဆိုတဲ့မျိုးနွယ်တွေအတွက် အလေးပေးထားတဲ့ ပညာရေးမျိုးဖြစ် နေတယ်။ ဥပမာ ခင်ဗျားတို့ကြည့်။ မြင့်မြင့်ခုန်၊ မြန်မြန်ပြေးဆိုတဲ့သင်ရိုးတွေဟာ ကျုပ်တို့အတွက် ရည်စူး ထားတာတွေ မဟုတ်ဘူး။ ဒါကြောင့် ခြေနှစ်ချောင်းတွေက ခြေလေးချောင်းတွေကို မယှဉ်နိုင်ဘူး” လို့ ပြော လိုက်တယ်။

မြွေစိမ်းတစ်ကောင်ကလည်း

“မှန်တယ်။ ကျုပ်တို့အတွက်ဆိုရင် ပိုဆိုးတာပေါ့။ ကျုပ်တို့မှာ ခြေထောက်တွေမှ မပါတာ”

ပက်ကျိမကလည်း ဒေါသတွေပေါက်ကွဲပြီး

“ကိုမြွေပြောတာ ကျွန်မထောက်ခံတယ်။ အဲဒီပြဌာန်းထားတဲ့ သင်ရိုးတွေဟာ ကျွန်မတို့ကို စော်ကားထားသလို တောင်ဖြစ်နေသေးတယ်”

ကြွက်ကတစ်ခါ

“ကျွန်တော်တို့လို ကြွက်တွေအတွက် သားကောင်ကို ချောင်းမြောင်းတယ်ဆိုတာ အပိုတွေပါ။ ကျွန်တော်တို့ ကသာ သူများတွေကစားဖို့ ချောင်းမြောင်းခံနေရတာ”

ငှက်နက်လေးတစ်ကောင်က

“ရှင်တို့သတိထားမိကြသလားတော့မသိဘူး။ သင်ရိုးညွှန်းတမ်းမှာ သီချင်းဆိုခြင်းနဲ့ တီကောင်ဖမ်းနည်းတွေ ထည့်မထားတော့ ကျွန်မတို့နဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး”

ကြက်ဆင်ကြီးက

“ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှာရမယ်။ ဒါကြောင့် တိရစ္ဆာန်တိုင်းအတွက်မဟုတ် တဲ့ပညာရေးအစား ငါတို့ ဒုတိယတန်းစားတွေအတွက်ပါ အဆင်ပြေစေနိုင်တဲ့ ပညာရေးမျိုးကို ထူထောင်ကြ မယ်။ ပညာရေးလမ်းခွဲမယ်။ ကိုယ်ပိုင်ပညာရေး၊ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းတွေပြဌာန်းပြီး သင်ကြမယ်။ ကိုယ်ပိုင်ကျောင်းတွေထောင်ကြမယ်။ ဒီအကြောင်းကို ဇီးကွက်ကတစ်ဆင့် တိရစ္ဆာန်အပေါင်းသိစေရန် ကြေညာချက်ထုတ်ပြန်လိုက်”

ပိုးစုန်းကြူးကလည်း ၀မ်းမြောက်စွာနဲ့

“ကောင်းတယ်၊ ထောက်ခံတယ်၊ ကဲ ကျားသစ်ရေ ရှင် ကျွန်မတို့လို ဖင်ကနေ အရောင်တောက်ပြနိုင်မလား ကြည့်ကြသေးတာပေါ့”

ဒီအချိန်မှာ တစ်ကောင်က

“ကောင်းပါပြီ .. ကောင်းပါပြီ .. ဒါဆိုရင် ဒီအဖွဲ့အတွက် ဘယ်သူက ခေါင်းဆောင်လုပ်မှာလဲ”

“ဟေး … ကောင်းလိုက်တာ။ ခုဆိုရင် တို့ဘာသာတို့ ခေါင်းဆောင်လုပ်နိုင်ပြီဟေ့”

ဒုတိယတန်းစားမျိုးနွယ်တို့ဟာ ပျော်ရွှင်မြူးတူးစွာ အော်ဟစ်ကြပြီးနောက် ခုန်ပေါက်နေကြတယ်။

မကြာမီမှာပဲ သူတို့ ကော်မီတီကို သီးခြားဖွဲ့စည်းလိုက်တယ်။ သူတို့ပညာရေးအတွက် သင်ရိုးသစ်ကို ရေးဆွဲ ကြတယ်။ ကော်မီတီဝင်တွေက မူဝါဒတွေ၊ သဘောတရားတွေ၊ စည်းမျဉ်းတွေအသီးသီးကို လေ့လာကြပြီး တဲ့နောက်မှာ နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေချမှတ်ပြီး စီမံကိန်းတွေနဲ့ အကောင်အထည်ဖော်ဖို့ သဘော တူကြတယ်။ သူတို့မူဝါဒမှာ တိရစ္ဆာန်အဆင့်အတန်းအလိုက်၊ ခံယူနိုင်စွမ်းအလိုက်ပညာသင်ကြားရေးကို ဦးစားပေးရန်ဆိုတာကို မဖြစ်မနေထည့်သွင်းလိုက်ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဘွဲ့ရပညာတတ်ဖြစ် ရေးဟာ ဒုတိယတန်းစားတွေအတွက် ပညာရေးပန်းတိုင်ဖြစ်ပါတယ်။

လိပ်က

“တကယ့်ကိုကောင်းတဲ့ သင်ရိုးညွှန်းတမ်းကြီးပဲ။ ဒါပေမယ့် ကျောင်းက သိပ်ဝေးလွန်းနေတယ်။ ဒါကြောင့် ကျောင်းကိုရောက်ဖို့ ကျွန်တော့်အတွက် သိပ်မလွယ်ဘူးဖြစ်နေတယ်။ ကျောင်းပြီးလို့ အိမ်ပြန်လည်း မိုးချုပ်မှ ရောက်လိမ့်မယ်။ ဒါဆိုရင် ကျွန်တော့်အနေနဲ့ ပညာရေးနဲ့လည်း အလှမ်းဝေးမယ်။ ဘွဲ့လည်းမရနိုင်၊ ခေါင်းဆောင်လည်း မဖြစ်နိုင်တော့ဘူးပေါ့”

သာလိကမကလည်း

“ကျွန်မလည်း ဒီအတိုင်းပဲ။ ရှင်တို့ကျောင်းတက်နေချိန်မှာ ကျွန်မက ကလေးတွေအတွက် အစာရှာနေရ သေးတယ်။ အဲဒီအချိန်မှာ ကျွန်မကျောင်းလာမတက်နိုင်ဘူး။ ကျွန်မအတွက် ပညာရေးကို သီးသန့် မစီစဉ် ပေးနိုင်ဘူးလား”

ဒီလို တစ်ကောင်ပြီးတစ်ကောင် ငြင်းခုန်ဝေဖန်ဆွေးနွေးမှုများကြားကနေ ပညာရေးဆိုင်ရာ ဒုတိယတန်းစား များအတွက် သင်ရိုးညွှန်းတမ်းကြီးကို အောင်မြင်စွာရေးဆွဲပြီးသကာလ ပြဌာန်းနိုင်လိုက်ကြပါတယ်။ တိရစ္ဆာန်တိုင်းက ပညာရေးမှာ “အဝေးသင်”၊ “ကိုယ်တိုင်သင်”၊ “အစဉ်အလာအတိုင်းသင်” ဆိုတာတွေကိုပါ တောင်းဆိုကြတာနဲ့ “တိရစ္ဆာန်တိုင်းအတွက် လိုအပ်ချိန်တွင်၊ လိုအပ်သည့်ပညာရပ်ကို၊ လိုအပ်သလို သင်ကြားပေးရန်” ဆိုတာကိုပါ ထည့်သွင်းပြဌာန်းထားလိုက်ကြပါတယ်။

သင်ရိုးသစ်ကို တိရစ္ဆာန်တွေအများစုက ကြိုဆိုထောက်ခံကြတယ်။ ပညာရေးစနစ်သစ်က တိရစ္ဆာန်တိုင်း အတွက် ဘွဲ့ရပညာတတ်တွေဖြစ်လာပြီး ခေါင်းဆောင်တွေဖြစ်လာနိုင်တယ်ဆိုပြီး တိရစ္ဆာန်မီဒီယာကလည်း ထောက်ခံအော်ဟစ်ပေးကြတယ်။ “ပညာရေးတိရစ္ဆာန်တိုင်းနဲ့မဝေး” ဆိုတာတွေ မျက်နှာဖုံးသတင်းတွေ အဖြစ်ပါလာတယ်။ မီဒီယာပြန်ကြားရေးကို တာဝန်ယူထားရတဲ့ ဇီးကွက်ကြီးရဲ့ပုံကို မတွေ့ချင်မှအဆုံးဖြစ် လာရတယ်။

“အစဉ်အလာပညာရေးလမ်းကြောင်းက တိရစ္ဆာန်တိုင်း ပညာတတ်ဖို့မလွယ်ဘူး။ ဘွဲ့ရသွားဖို့လည်း မလွယ်ဘူး။ ဒါကြောင့် ပညာတတ်တွေဖြစ်မလာတော့ ခေါင်းဆောင်တွေလည်း ဖြစ်မလာတော့ဘူးပေါ့။ ဒါကို ကုစားဖို့ ကျွန်တော်တို့ တီထွင်ပြဌာန်းလိုက်တာ” လို့ ဇီးကွက်က မီဒီယာကို ထုတ်ပြန်တယ်။

ကြက်ဆင်ကလည်း

“ပညာရေးစနစ်ဟောင်းက မမျှတပါဘူး။ ကျောင်းပြီးဘွဲ့ရမှ ခေါင်းဆောင်ဖြစ်ကြရမယ်ဆိုတော့၊ ကျောင်းမပြီး ဘွဲ့မရသူတွေအတွက် အခွင့်အလမ်းတွေနဲ့ ဝေးပြီပေါ့။ ခု ဒါမျိုးတွေ မရှိတော့ဘူး” လို့ပြောတယ်။

ကြွက်က

“ မှန်တာပေါ့။ ကျူပ်တို့နှစ်ပေါင်းများစွာ အလှည့်စားခံခဲ့ကြရတာ။ ဒါကြောင့် သင်ရိုးဟောင်းကြီးကို တော်လှန်ပစ်ရမယ်။ စနစ်ဟောင်းက ကျုပ်တို့ကို စနစ်တကျဖျက်ဆီး နှိမ်ထားနိုင်အောင် စီစဉ်ထားတာ။ ဒါ တိရစ္ဆာန်အခွင့်ကို ချိုးဖောက်တာ”

သာလိကာမကလည်း

“ခေါင်းဆောင်ဖြစ်ခွင့်အရေး တိရစ္ဆာန်တိုင်းရဲ့ အခွင့်အရေးလို့ ကြွေးကြော်ပေးကြပါ”

ပက်ကျိက

“တောင်းဆိုပြီး အော်နေတာတော့ ဟုတ်ပါပြီ။ အဲဒီ အခွင့်အရေးကို ဘယ်သူတွေက အာမခံချက်ပေးမလဲ”

ဒီလိုနဲ့ ဒုတိယတန်းစားအုပ်စုဝင် တိရစ္ဆာန်တွေဟာ တောအုပ်မျိုးနွယ်စုကော်မီတီခေါင်းဆောင်တွေထံ ချီတက်ပြီး မိမိတို့ဆန္ဒကိုဖော်ထုတ်ပြကြတယ်။ အဲဒီကော်မီတီမှာ တိရစ္ဆာန်ပညာရှင်တွေ၊ ပညာရေးဆိုင်ရာ သင်ရိုး ညွှန်းတမ်းရေးဆွဲရေးကော်မီတီဝင်တွေလည်း ရှိနေကြတယ်။

ကြက်ဆင်က အဖွဲ့ကိုယ်စား

“ကျွန်တော်တို့ အခု ဒီကိုရောက်လာကြတာ ခင်ဗျားတို့ရဲ့ တရားမမျှတတဲ့ ခေါင်းဆောင်မှုကို ဆန္ဒပြဖို့ဖြစ် ပါတယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကို အလိုရှိပါတယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အဲဒါကို အသိအမှတ်ပြုပေးကြပါ။ ကျွန်တော်တို့မှာ ပညာရေးတန်းတူညီမျှခွင့်ရှိပါတယ်။ ခံစားပိုင်ခွင့် အခွင့်အရေးတွေလည်းရှိတယ်။ ကျွန်တော်တို့ကိုလည်း ခေါင်ဆောင်ပိုင်းမှာ ပါဝင်ခေါင်းဆောင် နိုင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်” ဟုပြောလိုက်သည်။

ကြက်ကလည်း

“ကျွန်တော်တို့ ရပိုင်ခွင့်ကို အခွင့်အရေးတစ်ခုအနေနဲ့ တောင်းဆိုပါတယ်။ ကဲ တိရစ္ဆာန်ကြီးမင်းတို့က ဘယ်လိုဖြည့်ဆည်းပေးမှာလဲ။ သဘာဝတရားအရ၊ အခြေအနေအရ မဖြစ်နိုင်ဘူးလို့တော့ ဆင်ခြေမပေးပါနဲ့။ တိရစ္ဆာန်အခွင့်အရေးအရ တိရစ္ဆာန်တိုင်း ခေါင်းဆောင်ဖြစ်ပိုင်ခွင့်ရှိတယ်။ အားလုံးသဘောမတူ မထောက်ခံရင် လည်း ခင်ဗျားတို့ ခေါင်းဆောင်ဖြစ်ပိုင်ခွင့် မရှိသင့်ဘူး”

ထိုအချိန်တွင် မြေခွေးကထပြီး

“မင်းတို့လို ခြေနှစ်ချောင်းတွေကများ ရာရာစစ” ဟုပြောလိုက်သည်။

ကြက်ဆင်က မြေခွေးကို ယဉ်ကျေးစွာဖြင့်

“ရာရာစစဆိုတဲ့စကားကို မသုံးပါနဲ့။ အားလုံးတန်းတူအခွင့်အရေးတွေရှိပါတယ်။ ခင်ဗျားလည်း ခင်ဗျားတို့ အတွက် သတ်မှတ်တဲ့ပညာရေးနဲ့ ဘွဲ့ရပိုင်ခွင့်ရှိသလို၊ ကျုပ်တို့လည်း ကျုပ်တို့သတ်မှတ်ထားတဲ့ ပညာရေးနဲ့ ဘွဲ့ရပိုင်ခွင့်ရှိပါတယ်။ နောက်ဆုံးပန်းတိုင်က ပညာတတ်ဖြစ်ရေးဆိုရင် အဲဒါကို ကိုယ့်နည်းကိုယ်ဟန်နဲ့ အကောင်အထည်ဖော်ခွင့်ရှိသင့်ပါတယ်”

မြေခွေးက

“မဖြစ်နိုင်တာကို မပြောကြနဲ့။ မင်းတို့လည်း မင်းတို့နည်း မင်းတို့ပညာ မင်းတို့ကျောင်းနဲ့ ဘွဲ့ရတွေဖြစ်လာ။ ငါတို့လည်း ငါတို့နည်းတွေနဲ့ ဘွဲ့ရလာတယ်ဆိုရင် စံဆိုတာ ဘယ်လိုသတ်မှတ် ရတော့မှာလဲ။ ငါတို့အတိုင်း မလုပ်နိုင်တဲ့ ပညာရေးကို ပညာရေးလို့ သတ်မှတ်ပြီး ဘွဲ့ပေးရမှာလား” လို့ပြန်ပြီးရန်ထောင်တယ်

ကြက်ဆင်က မခံမရပ်နိုင်ဖြစ်လာလို့ စားပွဲပေါ် ခုန်တက်လိုက်ပြီး မြေခွေးကို မျက်နှာချင်းဆိုင်လိုက်တယ်။ ပြီးမှ အားလုံးကြားအောင်

“ကောင်းပြီလေ ဒါဆိုရင် ဘယ်လိုများ တန်းတူညီမျှတဲ့ အခွင့်အရေးရအောင် လုပ်ဆောင်ပေးနိုင်မယ်ဆိုတာ ပညာရှိမြေခွေးမင်းက ပြောကြားစမ်းပါအုံး”

မြေခွေးက သွားဖြဲပြလိုက်ပြီး အစွယ်တွေကိုပါထုတ်ပြလိုက်တယ်။ ပြီးမှ

“ဒီမှာလေ ငါတို့မှ အစွယ်တွေရှိတယ်။ မင်းတို့မှာ အစွယ်တွေရှိသလား။ ဒါဆိုရင် တန်းတူညီမျှခွင့်တွေ တောင်းဆိုဖို့ ဖြစ်နိုင်သလား”

ပြောပြောဆိုဆိုနဲ့ မြေခွေးဟာ ကြက်ဆင်အပေါ် ခုန်အုပ်လိုက်ပြီး တစ်စစီ ဆွဲဖျက်ကာ အားလုံးရှေ့မှာ တကျွတ်ကျွတ် ၀ါးစားလိုက်တယ်။

အဲဒီအချိန်ကစပြီး ပညာရေးမှာ တန်းတူညီမျှအခွင့်အရေးအော်သံတွေ ပျောက်ဆုံးသွားတယ်။ တိရစ္ဆာန်တွေ လည်း ပိုနေမြဲ ကျားနေမြဲဝါဒကို ဆက်လက်ကျင့်သုံးပြီး မူလအတိုင်းနေထိုင်ကြတယ်။

ဒါကြောင့် အစဉ်အလာမဟုတ်တဲ့ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို တိရစ္ဆာန်တွေ မလုပ်ကြတော့ဘူး။ စားသူနဲ့ အစားခံ၊ ကြီးနိုင်ငယ်ညှင်းဝါဒ ဆက်လက်ထွန်းကားတယ်။ အင်အားရှိသူ၊ အပြေးမြန်သူ၊ အမြင့်ခုန် နိုင်သူတွေ ဆက်လက်ကြီးစိုးတယ်။ တောအုပ်ထဲမှာ အင်အားရှိသူ၊ အပြေးမြန်သူ၊ အမြင့်ခုန်နိုင်သူတွေ ဆက်လက် ကြီးစိုးတယ်။ တောအုပ်ထဲမှာ ဒီအတိုင်းပဲရှိနေတယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

တင်ညွန့်

Source by :http://www.maukkha.org/
Share this article :

1 comments:

မဒမ်ကိုး said...

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး)))))

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။