Home » , » ဘောလုံးကွင်း၊ အနုပညာ အဆက်အစပ်နဲ့ အကယ်ဒမီကို သပိတ်မှောက်တဲ့ ဒါရိုက်တာ

ဘောလုံးကွင်း၊ အနုပညာ အဆက်အစပ်နဲ့ အကယ်ဒမီကို သပိတ်မှောက်တဲ့ ဒါရိုက်တာ

Written By မောင်စေတနာ on Wednesday, February 8, 2012 | 4:30:00 AM

ဘောလုံးကွင်းနဲ့ အနုပညာသာ ဆက်စပ်မှုရှိ

အင်တာနက်ခေတ်ကြီးမှာတော့ ကောင်းတာရော၊ မကောင်းတာရော၊ ဟုတ်တာရော၊ မဟုတ်တာရော ဘာပဲလုပ်လုပ် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှာသာ စောင့်ဖတ်ပါလို့ ပြောရမလိုပါပဲ။

သိပ်မကြာခင်ကလည်း ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ မီဒီယာနှစ်ခုက အချက်အလက်နှစ်ခုကို စိတ်ဝင်စားစရာ နှိုင်းယှဉ်ပြထားပါတယ်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီး သွားရောက်ခဲ့ရာမှာ ပြည်သူလူထုတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြ နှုတ်ဆက်ကြကာ ဘာမှအတားအဆီး အပိတ်အပင် မရှိ အေးအေးဆေးဆေး သွားရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန္တလေး စည်းရုံးရေးခရီးစဉ်ကတော့ ဟောပြောဖို့ နေရာအခက်အခဲကြောင့် ဆိုင်းငံ့လိုက်ရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ မန္တလေး ဗထူးအားကစားကွင်းကို မြန်မာ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ငှားရမ်းခွင့်မပြုဘူးဆိုတဲ့ သတင်းတွေဟာလည်း ညံခဲ့ပါတယ်။

ဒီကိစ္စကို မြန်မာ့ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ဗထူးကွင်းကို အားကစားဖွံ့ဖြိုးရေး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကြောင့် လက်မခံရခြင်းဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောဆိုလိုက်ပါတယ်။

အဲဒီပြောဆိုချက်ကို တခြားမီဒီယာတခုမှာ ၀ိုင်းစုခိုင်သိမ်းရဲ့ ပြောဆိုချက်နဲ့ ဖေ့စ်ဘုတ်မှာ ယှဉ်ပြနေကြပါတယ်။ ဇန်န၀ါရီလ ၈ ရက်နေ့က မန္တလေးမြို့က ဗထူးအားကစားကွင်းမှာ ဂီတရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာသမားတွေနဲ့တူ မန္တလေးပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်ဆိုတဲ့ ပေါ်ပြူလာဂျာနယ်အတွက် ဖြေကြားချက် ဖြစ်ပါတယ်။

ရှေ့ကဖုံး နောက်က ပေါ်ဆိုလသလို ဦးစိုးမိုးကျော် ပြောဆိုချက်နဲ့ ဝိုင်စုခိုင်သိမ်း ပြောဆိုချက်က ကွဲလွဲနေတော့ “၀ိုင်းစုခိုင်သိမ်းနှင့် အားကစားဖွံ့ဖြိုးရေးလုပ်ငန်းများ ပတ်သက်နေခြင်း” ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖေ့စ်ဘုတ် ပရိသတ်တွေအကြား ပြောဆိုစရာ ဖြစ်နေပါတယ်။

ရုပ်ရှင် ဂီတ အနုပညာသမားတွေကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကာ အကြီးကျယ် အခမ်းနားဆုံးဖြစ်တဲ့ တိုင်းရင်းသားလူမျိုးများ ရံပုံငွေ စင်တင်ဖျော်ဖြေပွဲကြီးကို ပြုလုပ်ခဲ့စဉ်တုန်းကလည်း ဒီအဖြစ်မျိုး တခါကြုံဖူးတယ်လို့ ပြောရပါမယ်။

အဲဒီအချိန်တုန်းကလည်း အဲဒီပွဲကြီးအတွက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏ ဘောလုံးအားကစားကွင်းကြီးကို အသုံးပြုဖို့ လှူမယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇက စက်ပစ္စည်းတွေ ကူညီမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သုဝဏ္ဏ ဘောလုံးအားကစားကွင်းကြီး ပျက်စီးမှာစိုးလို့ အားကစားပွဲကလွဲလို့ ဘယ်ဖျော်ဖြေရေးမှ လက်မခံတော့ပါဘူးဆိုပြီး ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ အပြင်ဘက်မှာ ကျင်းပခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရဲ့ အားကစားကွင်းတွေကို လာမယ့် ဆီးဂိမ်းပြိုင်ပွဲတွေအတွက် ထိန်းသိမ်းထားတာ ဆိုလေတော့ မြန်မာ့အားကစားကမ္ဘာကို လွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်လိုပဲ မြန်မာ့နိုင်ငံရဲ့ အားကစားကွင်းတွေဟာလည်း ကမ္ဘာအဆင့်မီ ကောင်းမွန်နိုင်ရမည်ဆိုတဲ့ ဆောင်ပုဒ်များ ထပ်ပေါ်လာလေ မလားပဲ။

ဒါရိုက်တာဝိုင်းက အကယ်ဒမီပွဲကို သပိတ်မှောက်

မကြာသေးခင်ကမှ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ပရိသတ်နှစ်ခြိုက်ဆုံး ဇာတ်ကားဆု ရရှိခဲ့တဲ့ အဲဒီအခန်းဖြတ် (Ban That Scene) ဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ၀ိုင်းက ဒီနှစ်မှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို အယုံအကြည်မရှိတဲ့အတွက် မတက်ရောက်တော့ဘူးလို့ ဆိုလိုက်ပါ တယ်။


“ကျနော် သရုပ်ဆောင် ဘ၀ကတည်းက နှစ်တော်တော်များများ အကယ်ဒမီပေးပွဲကို မတက်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဘာလို့လဲဆိုတော့ ဟိုလူနဲ့သိရင် ပေးလိုက်တာပဲ၊ ဒီလူနဲ့သိရင် ပေးလိုက်တာပဲ။ အဲဒီလိုမျိုးတွေပဲ မြန်မာ့ ရုပ်ရှင်လောကမှာ အုပ်စိုးနေတော့ နည်းနည်းတော့ ရွံစရာကောင်းလာတယ်။ အကယ်ဒမီဆိုတာကို ဆီတွေ ဆန်တွေလို ခွဲတမ်းချပြီးပေးနေတာကိုလည်း သိပ်ဘ၀င်မကျဘူး။ တကယ့်တကယ့်မှာ တန်ဖိုးဆိုတဲ့အရာကို မေးခွန်းထုတ်စရာရှိပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်အကြောင်းကို ဘာမှ နားမလည်ဘဲ သူတို့နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေသာ ပေါင်းစပ်ဖွဲ့စည်းထားတာက တကြောင်း၊ အဲဒီကမှ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကလည်း အုပ်စီးထားတာက တကြောင်း၊ အကယ်ဒမီပေးပွဲအတွက် သတ်မှတ်ထားတဲ့ ဘာမှန်းမသိတဲ့ စည်းမျဉ်းဘောင်တွေ သတ်မှတ်ထားတာတွေကြောင့် တကြောင်း အကြောင်းကြောင်းကြောင့် အကယ်ဒမီပေးပွဲကို မတက်ခြင်းဖြစ်တယ် လို့လည်း ဆိုပြန်ပါတယ်။

ယခုနှစ် အကယ်ဒမီပေးပွဲမှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှာ ဒါရိုက်တာ ၀ိုင်းရဲ့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားဟာ ပရိသတ် ထင်ကြေးပေးခံရဆုံး ဇာတ်ကားထဲမှာ ပါဝင်နေပါတယ်။

ဒါရိုက်တာ ၀ိုင်းဟာ ပြီးခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာလည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်အပြစ်တင်ထားတဲ့ အဲဒီအခန်းဖြတ် ဇာတ်ကားကို ရိုက်ကူးခဲ့သူလည်းဖြစ်လေတော့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားကိုသာ အကယ်ဒမီ ပေးခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခုကို စပြီးမြင်ရပြီလို့ ပြောနိုင်ကြောင်း ၀ိုင်းက ဆိုပါတယ်။

“သေချာပြောရရင် လူကြီလူကောင်းပဲ ဆန်မလား၊ ကလေးစိတ်ပဲ မွေးမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ သူက ဆိုလိုက်ပါတယ်။

သူ့အနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာသမားတွေကို သွားရောက်အားမပေးနိုင်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။

“လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကျနော်တို့ တောင်းဆိုခဲ့တယ်။ နောက် သူ့ရဲ့ ဖွဲ့စည်းပုံမှာကတည်းက နှစ်နှစ်တခါ ပြောင်းလဲဖွဲ့စည်းရမယ်ဆိုတဲ့ ရုပ်ရှင်အစည်းအရုံး ပြောင်းလဲဖွဲ့စည်းရေးပေါ့။ အဲ့ဒါကို ဘာမှပြောင်းလဲ မဖွဲ့စည်းပေးဘဲနဲ့ သူတို့လူတွေနဲ့သူတို့ ဖွဲ့စည်းပြီး ရုပ်ရှင်လောကကို စိတ်ကြိုက် ခြယ်လှယ်နေတဲ့အတွက် ရုပ်ရှင် လောကက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ” လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။

Source by :http://burma.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။