Home » , » ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကျင်းပ

Written By မောင်စေတနာ on Thursday, February 16, 2012 | 10:20:00 PM



ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရုံးခန်းတည်ရှိရာ အမှတ် ၁၀၁ ဘီ ဓမ္မစေတီလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာတော်အရှင်ဆန္ဒာဓိက၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုအံ့ဖွယ်ကျော်၊ ကိုကဏ္ဍိပ်ထွန်း၊ ကိုမင်းဇေယျ၊ မနီလာသိန်းစသည့် ၈၈ မျိုးဆက်ကျောင်းသားအချို့၊ စာပေနှင့်ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာမှုအပြီးတွင် ကျဆုံးသွားခဲ့သော လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းအတွက် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းမှုပြုလုပ်သည့် အစီအစဉ်ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားမှူးအဖြစ် ထွန်းအိန္ဒြာဗိုက ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ မောင်မိုးသူက ပြောကြားခဲ့သည်။ အဖွင့်စကားတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောပြခဲ့သည်။

ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ အကြံပြုအားပေးစကားပြောကြားရာတွင် ယခုဇာတ်ကားသည် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နိုင်ငံရေးလှုပ် ရှားမှုများကို ပြန်လည်ခံစားမြင်တွေ့နိုင်သည့် အခွင့်ထူးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သမိုင်းကိုမသိတဲ့လူတွေဟာ အနာဂတ်ကို မှန်မှန်ကန်ကန် မတည်ဆောက်နိုင်ဘူး။ သမိုင်းအမြင်မရှိတဲ့သူတွေဟာ ပစ္စုပ္ပန်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ဘူး။ ဒါကြောင့် သမိုင်းဆိုတာ အင်မတန် အရေးကြီးပါတယ်။

ကိုမင်းကိုနိုင်၏ အကြံပြုအားပေးစကားအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လှူဒါန်းကြသည့် အလှူရှင်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဆရာတော်အရှင်ဆန္ဒာဓိကမှ ဒုတိယအကြိမ်မြောက် အလှူငွေကျပ် ၃၂ သိန်း၊ ဖိုးချစ်ဇာတ်အဖွဲ့မှ အလှူငွေကျပ် သိန်း ၄၀ ၊ ကျော်သူ၏ မိဘများဖြစ်သည့် အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးစိန်တင်မိသားစုမှ မိမိတို့ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည်သို့ အပြီးအပိုင်လှူဒါန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနား၏ နိဂုံးချုပ်အမှာ စကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့၏ နာယကဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''ပထမဦးဆုံး ဒီနေရာကျဉ်းကျဉ်းလေးရတာကို သိပ်သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေ့ရဲ့ဇာတိအစ အညာက နတ်မောက်ဆိုတဲ့မြို့လေးကနေ ပြည်ထောင်စုအကျိုး ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ် လာတာပါ။ ဒါကြောင့် ကျဉ်းမြောင်းတဲ့ ဒီရုံးခန်းလေးကနေအစပြုပြီး ကမ္ဘာကျော်သွားမယ့် ရုပ်ရှင်တစ်ခုကို ထုတ်လုပ်သွားစေချင်ပါတယ်။ ဒီရုပ်ရှင်ကို ထုတ်လုပ်စေချင်တဲ့အကြောင်းမှာ ရိုးရိုးဝန်ခံရရင် ကျွန်မရဲ့ ဖေဖေ့အကြောင်း ပိုပြီးသိချင်တဲ့ဆန္ဒပါတယ် ဆိုတာတော့ ပြောရပါလိမ့်မယ့်။

ဒီအပြင် ကျွန်မရဲ့ပုဂ္ဂိုလ်ရေးအရမဟုတ်ဘဲ ပိုအရေးကြီးတဲ့ နိုင်ငံရေးအရအမြင်မှာတော့ ကျွန်မတို့နိုင်ငံမှာ သမိုင်းကို မှန်မှန်ကန်ကန်မြင်နိုင်တဲ့အနေအထား၊ သမိုင်းကို မှန်မှန်ကန်ကန် သရုပ်ဖော်နိုင်တဲ့ အတတ်ပညာတွေ ရှိစေချင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက်လည်း အများကြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကိုမသိတဲ့လူတွေဟာ အနာဂတ်ကို မှန်မှန်ကန်ကန် မတည်ဆောက်နိုင်ဘူး။ သမိုင်းအမြင်မရှိတဲ့သူတွေဟာ ပစ္စုပ္ပန်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ဘူး။ ဒါကြောင့် သမိုင်းဆိုတာ အင်မတန် အရေးကြီးပါတယ်။

သမိုင်းဆိုတာ အတိတ်မှာကျန်ရစ်ခဲ့တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီသမိုင်းကြောင်းကြောင့် ကျွန်မတို့ အခုပစ္စုပ္ပန်ဟာ ဒီပုံစံထွက်နေတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ ဒီတော့ကျွန်မတို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားရိုက်ကူးတဲ့ နေရာမှာ ဘာဖြစ်လို့ဗိုလ်ချုပ်အောင်ဆန်းလို့ အများကခေါ်ခဲ့သလဲဆိုတာကိုလည်း ပြန်သုံးသပ်စေချင်ပါတယ်။ ဗိုလ်ဆိုတဲ့အဓိပ္ပာယ်။ ဗိုလ်ဆိုတာ ဗလ ကလာတာ၊ အင်အားပေါ့။ ဒီအင်အား ဆိုတာကလည်း မှန်ကန်တဲ့အင်အား ဖြစ်ရမယ်။

ဒီလိုမှန်မှန်ကန်ကန် အင် အားသုံးခဲ့တာကို အလေးအနက်ထား၊ အသိအမှတ်ပြုပြီးတော့ ဖေဖေ့ကို ဗိုလ်ချုပ်လို့ပြည်သူတွေက ခေါ်ခဲ့ပြီး ချစ်ခင်ခဲ့တယ်လို့ပဲ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ကျွန်မပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းလို့ ပြည်သူတွေက ချစ်ချစ်ခင်ခင် မြတ်မြတ်နိုးနိုး ခေါ်ရတဲ့ အကြောင်းရင်းဟာ ပြည်သူကိုအင်အားပေးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကိုရိုက်တဲ့အခါမှာ ဘယ်လိုနာမည်ရွေးမယ်ဆိုတာ ကျွန်မတို့ဆုံးဖြတ်ရဦးမှာပါ။ နောက်ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကုမ္ပဏီကို လှူပေးလိုက်တဲ့ ဘဘဦးစိန်တင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုကုမ္ပဏီမရှိလို့ကတော့ ရုပ်ရှင်ရိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ကျွန်မတို့ဖြစ်မြောက်ရေးအတွက် စပေးလိုက်လို့ ကျေးဇူးတင်ပါတယ်။ စပေးရ ကျိုးနပ်အောင်လည်း လုပ်ဆောင်သွားမှာပါ။ ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် ပါဝင်တဲ့သူတွေအားလုံးဟာ မှန်ကန်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်နဲ့ အောင်မြင်အောင်လုပ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးနေစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ဟာ ဘာလဲဆိုတာ နားလည်ဖို့လိုတယ်။

အဲဒီအခြေခံနားလည်မှုရှိမှလည်း ဒီရုပ်ရှင်ဟာ အောင်မြင်နိုင်မှာပါ။ အဲဒီတော့ ကျွန်မတို့ အင်အားပြည့်ပြည့်၀၀၊ စိတ်ဓာတ်မှန်မှန်ကန်ကန်နဲ့ အားလုံးဝိုင်းဝန်းပြီး ဒီရုပ်ရှင်ကို အောင်မြင်အောင်လုပ်ရင်းနဲ့ ကျွန်မတို့နိုင်ငံရဲ့အကျိုးပြုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်'' ဟု ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ဆရာတော်အရှင်ဆန္ဒာဓိကသို့ ဒေါ်အောင်ဆန်းစုကြည်မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။