Home » , » ဒေါက်တာနိုင်အောင် ပြည်တော်ပြန် သတင်း မှားယွင်းဟု ဆို

ဒေါက်တာနိုင်အောင် ပြည်တော်ပြန် သတင်း မှားယွင်းဟု ဆို

Written By မောင်စေတနာ on Friday, February 10, 2012 | 8:00:00 PM



မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma FDB) အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်။ (Photo: RFA)

မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု(FDB) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံ သို့ ပြန်လာ ကြောင်း ပြည်တွင်း သတင်းဂျာနယ်တခုဖြစ်သည့် Envoy news ဂျာနယ်တွင် ဖော်ပြနေမှုမှာ မဟုတ်မှန်ကြောင်း ဒေါက်တာနိုင်အောင်က ငြင်းဆို လိုက် သည်။

ယနေ့ထုတ် အဆိုပါဂျာနယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဥက္ကဋ္ဌဟောင်းလည်း ဖြစ် သည့် ဒေါက်တာနိုင်အောင်သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ရက်နေ့က ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လာကြောင်း၊ အစိုး ရ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း ဒေါက်တာ နိုင်အောင်နှင့် နီးစပ်သူ အသိုင်းအ၀န်းကို ကိုး ကား ရေးသားထားသည်။

ထိုသတင်းနှင့် ပတ်သက်၍ ဧရာဝတီက ဒေါက်တာနိုင်အောင်ကို ဆက်သွယ်မေးမြန်းရာ သတင်း မှားယွင်းနေကြောင်း၊ မိမိအနေဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိနေကြောင်း ပြန်လည် ဖြေကြားသည်။

“အစိုးရနဲ့ အလွတ်သဘောတော့ တွေ့ပြီးပြီ၊ တတိယအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ ပြည်တွင်းကို ၀င်လိုက်ထွက် လိုက် လုပ်ကောင်းလုပ်နိုင်ပါတယ်၊ အခုလောလောဆယ်တော့ မရှိသေးပါဘူး”ဟု ဒေါက်တာ နိုင်အောင် ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးရထားဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့နှင့် FDBတို့ အလွတ်သဘော တွေ့ဆုံခဲ့သေးသည်။

ပြည်ပရောက်အတိုက်အခံများကို ပြန်လည်ခေါ်ယူရာတွင် ရှင်းလင်း၍ ထင်သာမြင်သာရှိသည့် တရားဝင်အစီအစဉ်များ လိုအပ် ကြောင်း၊ လုံခြုံမှု အာမခံချက်များလည်း ရရှိရန် လိုအပ်ကြောင်း ဒေါက်တာ နိုင်အောင်က ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

ဦးအောင်မင်းကမူ မြန်မာနိုင်ငံသို့ ပြန်လိုသူများအနေဖြင့် တဦးချင်း သမ္မတထံ စာရေးသားတင်ပြရန်၊ အဖွဲ့အစည်းအလိုက် ကိစ္စရပ်များကိုမူ အစိုးရ အနေဖြင့် အချိန်ယူရမည်ဖြစ်ပြီး လတ်တလောလုပ်ဆောင်ရန် အစီအစဉ်မရှိသေးကြောင်း တုံ့ပြန် ပြောဆို သည်ဟု ဒေါက်တာနိုင်အောင် က ဆက်လက် ရှင်းပြသည်။

ထို့အပြင် တတိယအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရေရှည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအုတ်မြစ်ကောင်းများ တည် ဆောက်ရန်ရည်မှန်းချက်ဖြင့် အားလုံးပါဝင်စေရေးပြုလုပ်ပေးရန် ဦးအောင်မင်းအား တိုက်တွန်းခဲ့ကြောင်းလည်း ၎င်းကပြောသည်။

FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းသည် နှစ်ကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပြီးဖြစ်သည်။

FDB ကို ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (NDD)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(DPNS)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ သမဂ္ဂ(နိုင်ငံခြားရေးရာ ကော်မတီ) စသည့် ပြည်ပအခြေစိုက်အဖွဲ့ ၇ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Envoy news ဂျာနယ် ထုတ်ဝေသူမှာ ရုပ်ရှင်ဒါရိုက်တာ စင်ရော်မောင်မောင် ဖြစ်သည်။

Source by :http://burma.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။