Home » » အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က ဖန်တီးမှု

အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က ဖန်တီးမှု

Written By မောင်စေတနာ on Monday, January 2, 2012 | 11:30:00 AM



မိုးသားပြာပြာတွေ၊ လေပြေ လေညင်းတွေ၊ ပန်းတွေ၊ စမ်းရေကျသံတွေက တစ်ဆင့် ဖန်တီးဖြစ်တည်နေတဲ့ သံစဉ်လှလှတွေ စတဲ့သဘာဝတရားကြီးနဲ့ သက်ရှိတွေနေထိုင်ကြ တဲ့ ဒီကမ္ဘာကြီးကို မေတ္တာတရားဆိုတဲ့ မမြင်နိုင်တဲ့ နှောင်ကြိုးတွေနဲ့ ဖွဲ့သီရစ်ပတ် ချည်နှောင်ထားပါတယ်။

ဒီလိုနှောင်ဖွဲ့ရစ်ပတ်ထားတဲ့ ချစ်ခြင်း မေတ္တာတွေကို တေးသံစဉ်တွေနဲ့အတူ စကားလုံးများစွာနဲ့ တေးသီတော်တွေက တေးသီချင်းတွေအဖြစ် သီကုံး ကြတဲ့ အထဲမှာမှ ဖြူစင်တဲ့ ချစ်ခြင်း မေတ္တာကနေ ပန်းသွေးရောင်ဆီ ပြောင်းလဲလိုတဲ့ တေးသီချင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ သီချင်းတွေထဲကမှ အဖြူထည်ကို မြတ်နိုးတွယ်တာတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ရိုးသားချင်တယ် ဆိုတဲ့ သီချင်းလေးကို ဒီတစ်ပတ်မှာ ခံစားနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ရိုးသားချင်တယ်ဆိုတဲ့ သီချင်းလေးကို လူငယ်တေးရေးဆရာဖြစ်တဲ့ တေးရေးစံပီးက ရေးသားခဲ့တာ ဖြစ်ပြီး စံပီးရဲ့ ပထမဦးဆုံးရေးသား ဖြစ်တဲ့ ချစ်ခြင်းမေတ္တာဘွဲ့ တေးသီ ချင်းလည်းဖြစ်သလို ဆုန်သင်းပါရ်ရဲ့ ပွဲဦးထွက် တေးအယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ “အဖြူရောင်လေးကို ဆေးလည်းမဆိုးနဲ့ ... ခင်တာထက် ပိုပြီးလည်း မတိုးနဲ့”စတဲ့ တေးသံစဉ်တွေကို စံပီး ဘယ်လိုတွေးလို့ဘယ်လို ရေးခဲ့တယ်ဆိုတာကို ....

“ကျွန်တော်က ဘုရားသီချင်းတွေ ရေးနေတာတော့ ကြာပါပြီ။ အချစ်သီချင်းတော့ မရေးဖူးသေးဘူး။ ဆုန်သင်းတို့နဲ့က သူငယ်ချင်းတွေ ဖြစ်တဲ့အခါ သူတစ်ကိုယ်တော်ခွေလုပ်တော့ ၀င်ရေးပါလား ဆိုပြီးပြောတယ်။ ဒါနဲ့ရေးကြည့်မယ်ဆိုပြီး အချစ်သီချင်းဘက်ကို ကြိုးစားပြီး စရေးလိုက်တဲ့ သီချင်းပါ” လို့ သီချင်းရဲ့အစကို အခုလိုပြန်လည်ပုံဖော်ပါတယ်။

ဒီလိုရေးသားဖို့ ကြိုးစားတဲ့ ကာလတုန်းက တေးရေးသူကြုံဆုံခဲ့တဲ့ ခက်ခဲမှုတွေကိုလည်း အခုလို ဆိုပြန်ပါတယ်။” အချစ်သီချင်းစရေးမယ် ဆိုပြီးတည်ကြည့်တော့ ဘယ်လိုရေး ရမှန်းမသိဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်ကလည်း ၁၇ နှစ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် အချစ်နဲ့ ပတ်သက်တဲ့ ခံစားတတ်တဲ့ ၀မ်းစာ သိပ်မရှိသေးဘူး။ အဲဒီတော့ ဘယ် က စရမှန်းမသိဖြစ်နေတာနဲ့ ဆုန်သင်း ကိုပြောတော့ သူက ဒါဆိုသူငယ်ချင်း နဲ့ပတ်သက်တာ ရေးကြည့်ပါလားဆို ပြီး အကြံပေးတာနဲ့ကြားဖူးတဲ့ သူငယ်ချင်းသီချင်းပုံစံတွေနဲ့ မတူတဲ့အကြောင်း အရာကို စဉ်းစားတဲ့အခါ ကောင်မလေး ကကြိုက်တာကို သိတယ်၊ မကြိုက်ဘူး၊ မုန်းလို့ဆိုတာမျိုး မဟုတ်ဘဲ သူငယ်ချင်းဆိုတဲ့ ရိုးသားလွတ်လပ်တဲ့ ဘ၀လေးနဲ့ နေချင်တယ်ဆိုတဲ့ ဇာတ်အိမ်လေးရလာတယ်။ ဆုန်သင်းကို ပြောတဲ့အခါသူကလည်း ကောင်းတယ်ဆိုပြီး ခင်မင်မှုလေး ရိုးသားလို့နေတုန်း ဆိုပြီး စာသားတွေ စရေးဖြစ်ခဲ့ပါတယ်”လို့ စံပီးက ဆိုပါတယ်။

တစ်သက်တာ အမုန်းမရှိ၊ နာကျည်းမှုမရှိတဲ့ ဖြူစင်တဲ့ သံယောဇဉ် ကို ထိန်းသိမ်းချင်တဲ့ ကောင်မလေး က အဖြူရောင်မျဉ်းကို ကျော်ချင်တဲ့ ကောင်လေးကို ပြောပြနေတဲ့ ဇာတ်အိမ်လေးဖန်တီးကာ ရေးသားတဲ့ ဒီသီချင်းလေးဟာ နားထောင်တဲ့ ပရိသတ်တွေရဲ့ ရင်ကို နူးညံ့တဲ့ ရိုးသားတဲ့စကားလုံးတွေနဲ့ သာမက ငြိမ့်ညောင်းနွေးထွေးတဲ့ စကားလုံးတွေနဲ့ သယ်ယူသွားခဲ့ပါတယ်။

“ဒီသီချင်းရဲ့ခေါင်းစဉ်က ရိုးသားချင်တယ်လို့ ပေးဖြစ်တော့ စာသားပိုင်း၊ သံစဉ်ပိုင်းကအစ ပြန်ပြီး ချုပ်ထား သလိုဖြစ်တော့ တကယ့်ကိုကိုယ့် မှာရှိတဲ့ အနုပညာအခံနဲ့ ရိုးရိုးသားသားရေးဖွဲ့ခဲ့ပါတယ်။ ပရိသတ် လက်ခံမယ်လို့ မမျှော်လင့်ခဲ့ပေမယ့် ဒီသီချင်းကြောင့် စံပီးဆိုတာဖြစ်လာခဲ့ပါတယ်” ဆိုတဲ့ တေးရေးသူရဲ့စကားလုံးတွေ အပြီးမှာတော့ ရိုးသားခြင်းဆိုတဲ့ စကားလုံးသုံးလုံးရဲ့အနက်ကတော့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဆွဲဆောင်နေဆဲပါလား ဆိုတာကို တွေးဆနေမိပါတော့တယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။